နို့စိမ်းတွေမှာ နွားနို့တစက်မှ မပါဝင်ကြောင်း စားသုံးသူရေးရာမှ ဒုညွှန်ချုပ်ပြောကြား

မုံရွာ ဖေဖေါ်ဝါရီ ၂၂-၂၀၁၉

ဗျဂ္ဃ (VOM)

 

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မုံရွာမြို့ ကုန်စည်ဒိုင်ခန်းမမှာ ပြုလုပ်ခမ်းမမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနကနေ ဦးဆောင်ပြုလုပ်တဲ့  ယှဉ်ပြိုင်မှု ဥပဒေ၊ နည်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲကိုမှာ စားသုံးသူရေးရာဦးစီးဌာနက နို့စိမ်းတွေမှာ နွားနို့တစက်မှ မပါကြောင်း ထုတ်ပြောလိုက်တာပါ။

 

ဒီပွဲကို တက်ရောက်လာတဲ့ စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးအောင်မောင်းက နို့စိမ်းမှာ နို့တစ်စက်မှ မပါတဲ့အကြောင်းကို အပိတ်မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

 

“နို့စိမ်းဆိုပြီးတော့ကျ နွားနို့တစက်မှ မပါပါဘူး။ စားအုန်းဆီတောင် စက်မှုကုန်ကြမ်းသုံးတဲ့ အညံ့စားနဲ့ လုပ်ထားတာပါ။ သူ့ရဲ့ ပါဝင်ပစ္စည်းကို အင်္ဂလိပ်လိုရေးထားတယ်။ ပြန်လေ့လာကြည့်ပါ။ ဒါကြောင့် ဒီကရှေ့လျှောက် နို့စိမ်းတွေ ကြည့်စားကြပါ။ နို့စိမ်းဆိုတိုင်း နွားရုပ်ကြီးပါတိုင်း နွားနို့စစ်နဲ့ လုပ်တယ်လို့ မပြောပါနဲ့။ ပါဝင်ပစ္စည်းထဲမှာ Milk No မပါဘူး။ လုံးဝမပါပါဘူး။”လို့  စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးအောင်မောင်းက ပြောဆိုခဲ့တာပါ။

 

ယှဉ်ပြိုင်မှုဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းအတွင်းက ကုန်သည်စက်မှုအသင်းတွေ၊ ညီနောင်အသင်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်ခဲ့ကြပါတယ်။

 

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်က အတည်ပြုပြဌာန်းထားပြီး ၂၀၁၇ ခုနှစ်မှာ စတင်အာဏာတည်ခဲ့တာပါ။ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တဦးတယောက်၊ တစုတဖွဲ့က လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ်၊ ဈေးကစားမှုကြောင့် အများပြည်သူတို့ရဲ့ အကျိုးစီးပွား ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်ရန်၊ ပြည်တွင်းပြည်ပကုန်သွယ်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်မှာ မျှတမှုမရှိတဲ့ ဈေးကွက်ပြိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်စေရန်၊ ဈေးကွက်ထိန်းချုပ်နိုင်စွမ်း အလွဲသုံးစားပြုခြင်းမှ တားဆီးနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်တွေအကြား ကန့်သတ်ထားရှိတဲ့ သဘောတူညီချက်အစီအမံတွေကို ထိန်းချုပ်နိုင်ရန် စတဲ့ရည်ရွယ်ချက် ၄ ချက်နဲ့ ဒီဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေပါ တချို့အချက်တွေက ဝိဝါဒမကွဲဘဲ ပြင်ဆင်ဖို့ လိုအပ်နေတာတွေရှိတဲ့အတွက် တက်ရောက်လာသူတွေက မေးမြန်းတာတွေလည်း ရှိခဲ့ပါတယ်။

 

“ဒီဥပဒေက ဈေးကွက်စီးပွားရေးကို ကူးပြောင်းတဲ့ နိုင်ငံတိုင်းမှာ ရှိရပါတယ်။ တချိန်တုန်းက ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးတာဖြစ်လို့ ယှဉ်ပြိုင်မှုဥပဒေမရှိလည်း ဖြစ်တယ်။ တည်ဆဲဥပဒေတွေနဲ့ ချုပ်ကိုင်တာဖြစ်လို့ မထိထိအောင် မငြိ ငြိအောင် အရေးယူလို့ ရတယ်။ ယှဉ်ပြိုင်မှု မမှန်ကန်ရင်။ အခုကျတော့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို သွားတဲ့အခါမှာ အရင်းရှင်ကလည်း အရင်းရှိသလောက် လွှမ်းမိုးချင်လာတယ်။ အရင်းမရှိသူကလည်း အရင်းရှိတဲ့သူကို ဘယ်လိုယှဉ်ပြိုင်ရမလဲ။ သမရိုးကျယှဉ်ပြိုင်နည်းတွေနဲ့ သွားတဲ့အခါ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဒီဥပဒေက အကာကွယ်ပေး ထိန်းကျောင်းတာဖြစ်ပါတယ်။”လို့လည်း ဆိုပါတယ်။

 

ယှဉ်ပြိုင်မှုဥပေဒနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေကို စစ်ကိုင်းတိုင်းအပြင် တခြားတိုင်းနှင့် ပြည်နယ်တွေမှာလည်း လအလိုက် နေရာတွေသတ်မှတ်ကာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

#voiceofmyanmar#ယှဉ်ပြိုင်မှုဥပဒေ#နို့စိမ်းမှာနွာနို့မပါ#စစ်ကိုင်း#မုံရွာ

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW