ထိုင်း- မြန်မာချစ်ကြည်ရေးတံတား အမှတ်-၁ ပြန်ဖွင့်ပြီ

မြဝတီ ၊ ဧပြီ ၂၇ – ၂၀၂၄
GG (VOM)
ထိုင်း- မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတားအမှတ် ၁ ကို ဒီနေ့ဧပြီ ၂၇ ရက်နေ့မနက်ပိုင်းကစပြီး ပုံမှန်အတိုင်းပြန်လည်သွားလာခွင့်ကို ထိုင်းဘက်က ခွင့်ပြု ဖွင့်ပေး လိုက်ပြီဖြစ်တယ် လို့မြဝတီ မြို့ခံတွေဆီက သိရပါတယ်။
အမှတ် ၁ ချစ်ကြည်ရေးတံတားကို ဒီနေ့မနက် ၁၀ နာရီလောက်မှာ ထိုင်းဘက်က ပြန်လည်ဖွင့်လှစ်ပေးလိုက်တာဖြစ်လို့ တပတ်ကဒ်ကိုင်ဆောင်သူတွေ မြဝတီမှမဲဆောက်ကို ဝင်ရောက်ခွင့်ရရှိပြီဖြစ်တယ်လို့ဆိုပါတယ်။
” ခုမနက်ပဲ တံတား၁ပြန်ဖွင့်ပေးလိုက်တယ်၊ ၇ ရက်သက်တမ်းစာရွက်သမားတွေလည်း မဲဆောက်ဘက်ကိုသွားလို့ရပြီစာအုပ်အပြာတွေလည်းရပြီ၊ အမှတ်၁တံတားဖွင့်ပြီဆိုတော့သူနဲ့သက်ဆိုင်တဲ့အစိုးရရုံးတွေလည်းအကုန်ပြန်ဖွင့်ပြီလေ၊သူတို့လည်း အလုပ်ပြန်လုပ်ရပြီဆိုတော့ ” လို့မြဝတီမြို့ခံတယောက်ကပြောပါတယ်။
အမှတ်-၁ ချစ်ကြည်ရေးတံတားကိုတော့ ဧပြီလ ၂၁ ရက်နေ့မနက်ပိုင်းကစပြီး မြဝတီမှ မဲဆောက်ဝင်ခွင့်ကို တပတ်ကဒ်တွေနဲ့ဝင်ရောက်ခွင့်ပိတ်ခဲ့သလို စာအုပ်အပြာနဲ့ဝင်ရောက်ခွင့်ကိုလည်းပိတ်ခဲ့တာဖြစ်ကြောင်း၊ အဲဒီနောက် ခုနှစ်ရက်အကြာမှာ တံတားကိုပုံမှန်အတိုင်းသွားလာခွင့် ပြန်ဖွင့်ပေးတာဖြစ်ပါတယ်။
အမှတ် ၁ ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်ချိန်မှာ မဲဆောက်ဘက်က စစ်ရှောင်တွေလည်း မြဝတီဘက်ကို ပြန်လည်ဝင်ရောက်မှုရှိလာတယ်လို့သိရပါတယ်။
တံတားအမှတ် ၁ ကိုပြန်လည်ဖွင့်ပေမယ့် ကုန်စည် သယ်ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ အမှတ်၂ ချစ်ကြည်ရေးတံတားကိုတော့ ထိုင်းဘက်ကခုချိန်ထိပိတ်ထားဆဲဖြစ်ပြီး အမြန်ဆုံးပြန်ဖွင့်နိုင်ရေး ပြင်ဆင်မှုတွေလုပ်နေတယ်လို့ သိရပါတယ်။
” တံတား၂ ပိတ်ထားတယ်ဆိုတော့ ကုန်စည်ပို့ဆောင်ရေးက ရပ်နေတယ်။ ပြန်ဖွင့်ဖို့ ထိုင်းဘက်မှာပြင်ဆင်မှုတွေလုပ်နေလို့မဖွင့်နိုင်သေးတာလို့သိရတယ်၊ခုရက်ပိုင်းအတွင်းပြန်ဖွင့်ဖို့တော့များတယ် ၊လောလောဆယ်တော့ကုန်ကားတွေသွားမရဘူး ” လို့ မြဝတီမြို့ခံထပ်ပြောပါတယ်။
မြဝတီကနေ အဓိကကုန်သွယ်တဲ့အမှတ်၂တံတားပြန်မဖွင့်သေးသလိုမြဝတီမြို့ပေါ်မှာလည်း ခုချိန်ထိ ဘဏ်တွေပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။
မြဝတီမြို့ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားအမှတ်၂ အနီးတိုက်ပွဲကတော့ ဧပြီ ၂၁ ရက်နေ့မနက်ကတည်းက အပစ်ခတ်ရပ်သွားပြီး စစ်ရှောင်တွေလည်း နေရပ်ပြန်နေကြပြီဖြစ်ပါတယ်။
Photo:Ko Chit

Related posts

Leave a Comment

VOM News

FREE
VIEW