MT(VOM)
ကျနော်တို့ အရှေ့တောင်အာရှမြေပုံကို ဖြန့်ကြည့်လိုက်ရင် ကျွန်းစုပေါင်းသောင်းခြောက်ထောင်နဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားဆိုတဲ့ နိုင်ငံကြီးကို အထင်အရှား မြင်ရပါလိမ့်မယ်။ ဒီနိုင်ငံဟာ ဒီနေ့ခေတ်မှာတော့ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ၊ တစ်ခါ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ နိုင်ငံကြီးတစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ကြွားကြွား ရပ်တည်နေပါပြီ။
ဒါပေမဲ့ ဒီကနေ့ မြင်ရတဲ့ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ဖို့ သူတို့ဖြတ်သန်းခဲ့ရတဲ့ သမိုင်းလမ်းကြောင်းဟာ ပန်းခင်းထားတဲ့လမ်းတော့ မဟုတ်ခဲ့ပါဘူး။ သွေးတွေ၊ မျက်ရည်တွေ၊ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေနဲ့ အနိမ့်အမြင့်၊ အတက်အကျ အစုံစုံကို ကျော်ဖြတ်ခဲ့ရတဲ့ အင်ဒိုနီးရှား ရဲ့ သမိုင်းစာအုပ် ကို ကျနော်တို့ စာမျက်နှာ တစ်မျက်နှာချင်း လှန်လှောကြည့်ကြစို့။
ဒတ်ချ်ကိုလိုနီခေတ် ခါးသီးတဲ့အတွေ့အကြုံ
အင်ဒိုနီးရှားဟာ နှစ်ပေါင်း ၃၅၀ နီးပါး ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီ (VOC) နဲ့ ဒတ်ချ်အစိုးရရဲ့ သွေးစုပ်ခြယ်လှယ်မှုကို ခံခဲ့ရပါတယ်။ ဒတ်ချ်တွေဟာ အင်ဒိုနီးရှားရဲ့ ကြွယ်ဝလှတဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့ သဘာဝသယံဇာတတွေကို ရသလောက် ညှစ်ယူခဲ့ကြတယ်။ ဒီခေတ်မှာ လစ်ဘရယ်ဒီမိုကရေစီ ဆိုတာ ဝေးလို့၊ ဒေသခံ အင်ဒိုနီးရှားလူမျိုး (Pribumi) တွေဟာ ကိုယ့်မြေပေါ်မှာ ကိုယ် ကျွန်ဖြစ်ပြီး လူ့အခွင့်အရေးဆိုတာ ဘာမှန်းတောင် မသိခဲ့ကြရရှာဘူး။ ဒါပေမဲ့ ဒီဖိနှိပ်မှုတွေကပဲ အင်ဒိုနီးရှားသားတို့ရဲ့ ရင်ထဲမှာ မျိုးချစ်စိတ်ဓာတ်နဲ့ လွတ်လပ်ချင်တဲ့ စိတ်ဆန္ဒကို တောက်လောင်စေခဲ့ပါတယ်။
လွတ်လပ်ရေးလှုပ်ရှားမှုနှင့် ဆူကာနို၏ လမ်းပြမြေပုံ
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဝင်လာပြီးနောက် ဒတ်ချ်တွေ ထွက်ပြေးကြရတယ်။ စစ်အပြီး ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှာတော့ အင်ဒိုနီးရှားရဲ့ ဖခင်ကြီး ဆူကာနို (Sukarno) ဟာ လွတ်လပ်ရေးကို ကြေညာခဲ့ပါတယ် ။ ဆူကာနိုဟာ လူထုကို ဆွဲဆောင်နိုင်တဲ့ ဩဇာကြီးမားတဲ့ ခေါင်းဆောင်တစ်ဦးပါ။ သူဟာ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ ဘာသာတရားတွေကို စုစည်းဖို့ “ပန်ချာဆီလာ” (Pancasila) ဆိုတဲ့ နိုင်ငံတော်အခြေခံမူကြီး ငါးချက်ကို ချပြခဲ့တယ် ။ ဒါဟာ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီ အမှတ်အသားအတွက် ပထမဆုံး အုတ်မြစ်ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံသစ်တစ်ခုကို တည်ဆောက်ရတာ ထင်သလောက်မလွယ်ပါဘူး။ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ သွားဖို့ ကြိုးစားပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်လာတော့ ဆူကာနိုဟာ ၁၉၅၉ မှာ “လမ်းညွှန်ဒီမိုကရေစီ” (Guided Democracy) ဆိုတာကို ကြေညာပြီး အာဏာကို လက်ဝါးကြီးအုပ်လိုက်ပြန်တယ်။ အဲဒီမှာတင် လစ်ဘရယ်ဒီမိုကရေစီ လမ်းကြောင်းကနေ သွေဖည်ပြီး သမ္မတသက်ဦးဆံပိုင်ဆန်ဆန် ဖြစ်သွားခဲ့ရတာပေါ့။
ဆူဟာတို၏ အာဏာသိမ်းမှုနှင့် “ခေတ်သစ်” (New Order)
၁၉၆၅ ခုနှစ်မှာ ကွန်မြူနစ်အန္တရာယ်ကို အကြောင်းပြပြီး ဗိုလ်ချုပ်ဆူဟာတို (Suharto) က ဆူကာနိုကို ဖယ်ရှားကာ အာဏာရယူခဲ့တယ် ။ ဆူဟာတိုဟာ သူ့ရဲ့အုပ်ချုပ်ရေးကို “ခေတ်သစ်” (New Order) လို့ နာမည်ပေးခဲ့ပေမဲ့ တကယ်တော့ စစ်တပ်က နောက်ကွယ်က ထိန်းချုပ်ထားတဲ့အာဏာရှင်စနစ်ပါပဲ။ဒီခေတ်မှာ စီးပွားရေးတော့ တက်လာတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကတော့ အမှောင်ကျသွားခဲ့ရတယ်။ အတိုက်အခံမှန်သမျှ နှိပ်ကွပ်ခံရပြီး၊ စစ်တပ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အားလုံးမှာ ဝင်ပါတဲ့ “ဒွိလုပ်ငန်းဆောင်တာ” (Dwifungsi) မူဝါဒကို ကျင့်သုံးခဲ့တယ်။ ခြစားမှုတွေ၊ ဆွေမျိုးကောင်းစားရေးဝါဒ (Nepotism) တွေဟာ နိုင်ငံတော်ကို ခြောက်လှန့်နေခဲ့တာ ၃၂ နှစ်တိုင်တိုင်ပါပဲ။
ဆူဟာတိုခေတ်လွန် မယ်ဂါဝတီ ခေတ်
၁၉၉၇ ခုနှစ် အာရှစီးပွားရေးပျက်ကပ်ကြီး ဆိုက်ရောက်လာတော့ ဆူဟာတိုရဲ့ ရွှေထီးဆောင်းတဲ့ခေတ်လည်း နိဂုံးချုပ်ဖို့ ဖြစ်လာခဲ့တယ်။ ကျောင်းသားလူငယ်တွေ၊ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြကြပြီး သွေးမြေကျမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ၁၉၉၈ ခုနှစ် မေလမှာ ဆူဟာတို ရာထူးက ဆင်းပေးခဲ့ရတယ် ။ ဒီကာလကို “ရေဖော်မာစီ” (Reformasi) သို့မဟုတ် ပြုပြင်ပြောင်းလဲရေးကာလလို့ ခေါ်ပါတယ်။
ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက ဆူဟာတိုပြုတ်ကျပြီးတဲ့နောက် ဘီဂျေဟာဘီဘီ၊ အဗ္ဗဒူရာမန်ဝါဟစ် (ဂူစဒူး) တို့ တာဝန်ယူခဲ့ပြီး ၂၀၀၁ ခုနှစ်မှာတော့ အင်ဒိုနီးရှားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် မယ်ဂါဝတီ ဆူကာနိုပူထရီ (Megawati Sukarnoputri) တက်လာခဲ့ပါတယ်။
သူဟာ တခြားသူမဟုတ်ပါဘူး၊ လွတ်လပ်ရေးဖခင်ကြီး ဆူကာနိုရဲ့ သမီးအရင်း ဖြစ်ပါတယ်။ မယ်ဂါဝတီဟာ ဆူဟာတိုခေတ်တုန်းက အဖိနှိပ်ခံ အတိုက်အခံခေါင်းဆောင်အဖြစ် ကာလရှည်ရပ်တည်ခဲ့လို့ လူထုရဲ့ အားကိုးတကြီး ထောက်ခံမှုကို ရခဲ့တာ။
ဒါပေမဲ့ ဒီမိုကရေစီခရီးဦးစမှာ မယ်ဂါဝတီအစိုးရဟာ စိန်ခေါ်မှုကြီးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒါကတော့ ဆူဟာတိုခေတ်ကကတည်းက အမြစ်တွယ်ကျန်ခဲ့တဲ့ ခြစားမှု (အဂတိလိုက်စားမှု) ပြဿနာပဲ။ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ယန္တရားထဲမှာ အဂတိတရားတွေက ကင်ဆာလို စွဲကပ်နေတော့ လူထုက စိတ်ပျက်လာကြတယ်။ ဒါကို ဖြေရှင်းဖို့ မယ်ဂါဝတီဟာ ၂၀၀၂ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (KPK) ကို ဖွဲ့စည်းပေးခဲ့ရတယ် ။
ဒီလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေမဲ့ သူ့အစိုးရအဖွဲ့အတွင်းက အဂတိတုံးကြီးတွေရဲ့ ကိစ္စ၊ စီးပွားရေး တုံ့ဆိုင်းမှုတွေနဲ့ ၂၀၀၂ ဘာလီဗုံးခွဲမှုလို လုံခြုံရေး ပျက်ကွက်မှုတွေကြောင့် မယ်ဂါဝတီဟာ လူထုရဲ့ အကြည်ညို ပျက်လာခဲ့တယ်။ ဒီအချက်တွေကပဲ သူ့ကို ရာထူးက ဆင်းစေဖို့ လမ်းစ ဖြစ်လာခဲ့တာ။
မယ်ဂါဝတီ ရာထူးက ရွေးကောက်ပွဲ ရှုံးနိမ့်ခြင်း
ကျနော်တို့ သေသေချာချာ သတိပြုရမှာက မယ်ဂါဝတီဟာ အရင်ခေါင်းဆောင်တွေလို စစ်တပ်က သေနတ်ပြပြီး ဖြုတ်ချတာ၊ ဒါမှမဟုတ် လူထုက လမ်းပေါ်ထွက် မောင်းထုတ်လို့ ပြုတ်ကျသွားတာ မဟုတ်ပါဘူး။ သူမဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒမဲနဲ့ ရှုံးနိမ့်ပြီး ရာထူးက ဆင်းပေးခဲ့ရတာ။ ဒါဟာ အင်ဒိုနီးရှား လစ်ဘရယ်ဒီမိုကရေစီ သမိုင်းအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုပဲ။
၂၀၀၄ ခုနှစ် ပထမဆုံး တိုက်ရိုက်ရွေးကောက်ပွဲ
မယ်ဂါဝတီကိုယ်တိုင် လမ်းခင်းပေးခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက်အရ ၂၀၀၄ ခုနှစ်မှာ အင်ဒိုနီးရှား သမိုင်းတစ်လျှောက် သမ္မတကို ပြည်သူက တိုက်ရိုက်မဲပေးရွေးချယ်တဲ့ ရွေးကောက်ပွဲကြီးကို ကျင်းပခဲ့တယ်။ဒီရွေးကောက်ပွဲမှာ မယ်ဂါဝတီကို အဓိက စိန်ခေါ်သူကတော့ သူ့ရဲ့အစိုးရအဖွဲ့ထဲမှာ လုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဗိုလ်ချုပ်ဟောင်း ဆူဆီလို ဘန်းဘန်း ယူဒိုယိုနို (SBY) ပဲဖြစ်ပါတယ်။ SBY ဟာ စစ်တပ်နောက်ခံ ရှိပေမဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ၊ အရပ်သားဆန်တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် လူထုကြားမှာ နာမည်ကြီးပြီး ခြစားမှု တိုက်ဖျက်ရေးကို ကြွေးကြော်ခဲ့တယ်။
ရွေးကောက်ပွဲ ဒုတိယအကျော့အထိ ယှဉ်ပြိုင်ခဲ့ရပြီးနောက်မှာတော့ ပြည်သူတွေဟာ စီးပွားရေးနဲ့ ခြစားမှုကို ထိထိရောက်ရောက် မဖြေရှင်းနိုင်တဲ့ မယ်ဂါဝတီကို စိတ်ပျက်ပြီး SBY ကို မဲပုံအော ပေးလိုက်ကြတယ်။ SBY က မဲအပြတ်အသတ် (၆၁% နီးပါး) နဲ့ အနိုင်ရသွားပြီး မယ်ဂါဝတီကတော့ ရှုံးနိမ့်သွားခဲ့ရတယ် ။
ဒါပေမဲ့ မယ်ဂါဝတီဟာ ရလဒ်ကို လက်ခံပြီး အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပြောင်းပေးခဲ့ပါတယ်။ သူဟာ ရာထူးက ဆင်းသွားပြီးနောက်
သူ့ရဲ့ ပါတီကြီးဖြစ်တဲ့ PDI-P ကို ဆက်လက်ဦးဆောင်ပြီး အတိုက်အခံ နိုင်ငံရေးသမားကြီးအဖြစ် ရပ်တည်ခဲ့တယ်။ နောက်ပိုင်း ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာ သူ့ပါတီက ဂျိုကိုဝီ (Joko Widodo) ကို သမ္မတလောင်းအဖြစ် တင်မြှောက်ပြီး အနိုင်ရအောင် နောက်ကွယ်ကနေ ဗျူဟာမြောက် ပံ့ပိုးပေးနိုင်ခဲ့တဲ့အထိ အင်ဒိုနီးရှားနိုင်ငံရေးမှာ ယနေ့တိုင် ဩဇာကြီးမားတဲ့ မိခင်ကြီးတစ်ဦးအဖြစ် ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်၏ အခန်းကဏ္ဍကို အဆင့်ဆင့်လျှော့ချခြင်း
ဒီလို အရပ်သား အစိုးရအချင်းချင်း အာဏာလွှဲပြောင်းနိုင်ဖို့ နောက်ကွယ်ကနေ စစ်တပ်ကဏ္ဍကို နိုင်ငံရေးထဲကနေ ဘယ်လို ဖယ်ထုတ်ခဲ့သလဲဆိုတာလည်း ဆက်စပ်လေ့လာရမှာပါ။ သူတို့ဟာ လွှတ်တော်တွင်း အမတ်နေရာတွေကို ခုနှစ်သက္ကရာဇ်အလိုက် စနစ်တကျနဲ့ ရာခိုင်နှုန်းအလိုက် လျှော့ချခဲ့တာဖြစ်ပါတယ်။
ဆူဟာတိုခေတ် အထွတ်အထိပ် (၁၉၉၂-၁၉၉၇)
ထိုခေတ်က လွှတ်တော်အမတ်နေရာ ၅၀၀ ရှိတဲ့အနက် စစ်တပ်ကို အလိုအလျောက် အထူးခွဲတမ်းအနေနဲ့ ၁၀၀ တိတိ (၂၀%) အထိ ပေးထားခဲ့ရတယ်။ ဆူဟာတို မပြုတ်ခင် ၁၉၉၇ ခုနှစ် နောက်ဆုံးရွေးကောက်ပွဲမှာတော့ ဖိအားတွေကြောင့် စစ်တပ်ခွဲတမ်းကို ၇၅ နေရာ (၁၅%) အထိ အနည်းငယ် လျှော့ချပေးခဲ့ရပါတယ်။
ရေဖော်မာစီ ကူးပြောင်းရေးကာလ (၁၉၉၉)
ဆူဟာတို ပြုတ်ကျပြီးနောက် ပထမဆုံးကျင်းပတဲ့ ၁၉၉၉ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာတော့ စစ်တပ်ခွဲတမ်းကို ၃၈ နေရာ (၇.၆%) အထိ ရုတ်ခြည်း ထက်ဝက်နီးပါး ထပ်မံဖြတ်တောက်လိုက်တယ်။၁၉၉၉ ခုနှစ်မှာ ပဲအမျိုးသားရဲတပ်ဖွဲ့ကို စစ်တပ်ရဲ့ လက်အောက်ကနေ သီးခြားခွဲထုတ်ပြီး ပြည်တွင်းလုံခြုံရေးကို ရဲကတာဝန်ယူကာ၊ စစ်တပ်က တိုင်းပြည်ကာကွယ်ရေးကိုပဲ သီးသန့်တာဝန်ယူစေခဲ့တယ် ။
ဥပဒေကြောင်းအရ အပြီးသတ်ဖယ်ရှားခြင်း
(၂၀၀၀-၂၀၀၄)
၂၀၀၀ ပြည့်နှစ်မှာ ပြည်သူ့အတိုင်ပင်ခံလွှတ်တော် (MPR) ရဲ့ ဆုံးဖြတ်ချက် (Decree No. VII/MPR/2000) အရ စစ်တပ်ဟာ နောက်ဆုံးထားပြီး ၂၀၀၄ ခုနှစ်ထက် နောက်မကျစေဘဲ လွှတ်တော်ထဲက လုံးဝထွက်ခွာရမယ်လို့ အချိန်မှတ်တိုင် သတ်မှတ်ခဲ့တယ် ။ အဲဒီနောက် ၂၀၀၄ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာတော့ စစ်တပ်ခွဲတမ်းဟာ (၀%) အထိ အပြီးသတ် ဖြစ်သွားခဲ့ပါပြီ ။
ဒါ့အပြင် စစ်တပ်က ပိုင်ဆိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို လည်းအစိုးရလက်အောက် လွှဲပြောင်းပေးစေပြီး စစ်တပ်ကို ပရော်ဖက်ရှင်နယ် စစ်တပ်ဖြစ်အောင် ခြေလှမ်းပြင်ခဲ့ကြပါတယ်။
ဒီနေ့ တိုးတက်ဖွံ့ဖြိုးနေတဲ့ အင်ဒိုနီးရှားနှင့် အနာဂတ်မျှော်လင့်ချက်
ဒီကနေ့ အင်ဒိုနီးရှားဟာ G20 အဖွဲ့ဝင် နိုင်ငံကြီးတစ်ခု ဖြစ်နေပါပြီ။ မယ်ဂါဝတီဆီကနေ ရွေးကောက်ပွဲနည်းလမ်းအရ အာဏာလွှဲပြောင်းယူခဲ့တဲ့ ဆူဆီလိုဘန်းဘန်းယူဒိုယိုနို၊ အဲဒီကနေ တဆင့် ဂျိုကိုဝီ (Joko Widodo) နဲ့ ယနေ့ခေတ် ခေါင်းဆောင်တွေအထိ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းတဲ့ ယဉ်ကျေးမှုဟာ အမြစ်တွယ်နေခဲ့ပြီ။မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ ဘာသာတရားတွေအကြား ပွတ်တိုက်မှုတွေ ရှိနေသေးပေမဲ့ သူတို့ဟာ ဒီမိုကရေစီဘောင်ထဲကနေပဲ ဖြေရှင်းနေကြတယ်။
အင်ဒိုနီးရှားရဲ့ ခရီးစဉ်ဟာ ကျနော်တို့ အရှေ့တောင်အာရှ နိုင်ငံတွေအတွက်တော့ သင်ခန်းစာယူစရာ ပြဋ္ဌာန်းချက်စာအုပ်ကြီး တစ်အုပ်ပါပဲ။ အာဏာရှင်စနစ်ရဲ့ အမှောင်ထုထဲကနေ လစ်ဘရယ်ဒီမိုကရေစီရဲ့ အလင်းရောင်ဆီကို ပြည်သူ့အား၊ ခေါင်းဆောင်ကောင်းတို့ရဲ့ အမြော်အမြင်၊ စစ်တပ်ရဲ့ တာဝန်သိမှုတွေနဲ့ ဘယ်လို လျှောက်လှမ်းခဲ့သလဲဆိုတာ အင်ဒိုနီးရှားက သက်သေခဲ့ပြီးပြီဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။
MT(VOM)
Ref:
[1] Ricklefs, M. C. (2008). A History of Modern Indonesia since c.1200. Palgrave Macmillan.
[2] Vickers, A. (2013). A History of Modern Indonesia. Cambridge University Press.
[3]Ananta, A., Arifin, E. N., & Suryadinata, L. (2005). Emerging Democracy in Indonesia. Institute of Southeast Asian Studies
