စက်တင်ဘာ ၂၈ – ၂၀၂၆
SS (VOM)
လက်ရှိ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ မုတ္တမကွေ့အနီးကနေ မြန်မာနိုင်ငံအတွင်း ဝင်ရောက် ဖြတ်ကျော်နိုင်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ( မိုး/ဇလ) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ ညနေ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြောက် – အနောက် မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဆင့် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့ရဲ့ တောင်ဘက် ရေမိုင် ၂၀ မိုင်ခန့်၊ သုံးခွမြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ ပဲခူးမြို့ရဲ့ တောင် – အရှေ့တောင်ဘက် ရေမိုင် ၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။
“မုန်တိုင်းက မြောက် – အနောက်မြောက်ဘက်ကို ဦးတည်နေတယ်။ ပြီးသွားရင်တော့ ဒီနေ့ (စက်တင်ဘာ ၂၈ ရက်) ညပိုင်းလောက်မှာ ရန်ကုန်တိုင်း သုံးခွမြို့နယ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့ကြားကနေ ဖြတ်ကျော် ဝင်ရောက်နိုင်တယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မုန်တိုင်းငယ်ဟာ ဒီကနေ့ ညနေ ၅ နာရီခွဲအချိန်မှာ မြောက်လတ္တီကျု ၁၆ ဒသမ ၄ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၉၇ ဒသမ ၃ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်၊ အမြင့်ဆုံးလေတိုက်နှုန်း တနာရီကို ၃၅ မိုင်နှုန်းမှ မိုင် ၄၀ နှုန်းခန့် ရှိတယ်လို့ သိရပါတယ်။
“ဒီမုန်တိုင်းက အားတအားကြီး ကောင်းတဲ့ အနေအထားမျိုးတော့ မရှိပေမယ့် လေတိုက်နှုန်းကတော့ အတန်အသင့်လောက်တော့ ရှိတယ်။ အဓိက ကတော့ မိုးများတဲ့အတွက် မြောင်းတွေ၊ ချောင်းတွေ၊ မြစ်ငယ်လေးတွေမှာ ရေကြီးရေလျှံတာမျိုးတွေ ဖြစ်နိုင်တယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်တာတွေလည်း ရှိလာနိုင်ပြီး အထူးသဖြင့် မြစ်ဝကျွန်းပေါ်၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင် စတဲ့ ဒေသတွေမှာ မိုးကြီး၊ လေထန်မှုတွေ ကြုံတွေ့ရနိုင်တယ်လို့ သူက ပြောပါတယ်။
“မုန်တိုင်းရဲ့ အဝန်းအဝိုင်းကို ကြည့်လိုက်တော့ ရန်ကုန်လည်း ပါနေပါတယ်။ နောက်နှစ်ရက်လောက်မှာ မုန်တိုင်းက ကုန်းတွင်းပိုင်းကို ရောက်သွားမှာ ဖြစ်ပေမယ့် ဘာပဲဖြစ်ဖြစ် သတိထားတာ ကောင်းပါတယ်။ နှစ်ရက်ကျော်သွားရင်တော့ နည်းနည်းလျော့သွားမှာပေါ့။ ပြီးသွားရင်တော့ ဒီမုန်တိုင်းက ရခိုင်ဘက်ကိုဆက်ပြီး ရွေ့သွားမယ့်အနေအထား ရှိတယ်” လို့ သူက ပြောပါတယ်။
မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဆက်လက် ဖြတ်ကျော်ချိန်မှာလည်း မကွေးတိုင်း၊ နေပြည်တော်နဲ့ ရခိုင်ပြည်နယ်ဘက်တွေမှာ နောက်နှစ်ရက်အတွင်း မိုးထပ်ရနိုင်ခြေ ရှိနေတယ်လို့ သူက ပြောပါတယ်။
“လေဖိအားနည်းရပ်ဝန်း ထိုင်းဘက်နေ မြန်မာနိုင်ငံ ဖြတ်လာကတည်းက တနင်္သာရီမှာဆို နှစ်ရက်ဆက်တိုက် မိုးရေချိန် စံချိန်ကျိုးတယ်။ မနေ့ကလည်း မိုးရေချိန် ၁၂ လက်မကျော်တယ်။ ဒီနေ့လည်း ၁၃ လက်လောက် ကျော်တဲ့အနေအထား ရှိတယ်။ ဒါကြောင့် တနင်္သာရီတိုင်းအတွင်းက တချို့ဒေသတွေမှာတော့ ရေကျော်ဝင်ရောက်မှုတွေ ရှိတယ်။ တချို့နေရာတွေမှာတော့ တောင်ပြိုတာတွေ ဖြစ်တယ်” လို့ သူက ပြောပါတယ်။
မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီကနေ့ စက်တင်ဘာ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းမှ စက်တင်ဘာ ၃၀ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်းလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာလည်း တခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၈ ပေ မှ ၁၀ ပေခန့် ရှိနိုင်တယ်လို့ သိရပါတယ်။
မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မိုးသည်းထန်ခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် မြစ်ဝကျွန်းပေါ်ဒေသနဲ့ မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်ကြသူတွေအနေနဲ့ မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်းနဲ့ ရုတ်တရက် ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင် သတိပြုကြဖို့ လိုတယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း လက်ရှိ ဖြစ်ပေါ်နိုင်တဲ့ သဘာဝဘေးတွေနဲ့ ပတ်သက်ပြီး ကြိုတင်သတိပြု ရှောင်ရှားကြစေလိုတယ်လို့ မိုး/ဇလဌာနက အသိပေး နှိုးဆော်ထားပါတယ်။
Photo – DMH
