မက္ကာပူးပေါင်းရေးနှင့် ကာကွယ်ရေးစာချုပ်

MT(VOM)
​ဒီနေ့ခေတ် ကမ္ဘာ့ပထဝီနိုင်ငံရေးပြောင်းလဲမှုတွေထဲမှာ အလွန်တရာ အာရုံစိုက်စရာကောင်းပြီး စိတ်ဝင်စားဖို့အကောင်းဆုံး ဖြစ်ရပ်တစ်ခုကတော့ ဆော်ဒီအာရေဗျ၊ တူရကီနဲ့ ပါကစ္စတန်တို့ ပူးပေါင်းချုပ်ဆိုခဲ့ကြတဲ့ “မက္ကာပူးပေါင်းရေးနှင့် ကာကွယ်ရေးစာချုပ် (Mecca Joint Defence Agreement)” နဲ့ သက်ဆိုင်ရာနောက်ခံ သမိုင်းကြောင်းတွေဘဲ ဖြစ်ပါတယ်။
​ဒီလို ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပေါ်ပေါက်လာဖို့အတွက် အခြေခံအကြောင်းရင်း နှစ်ရပ် ရှိပါတယ်။ ​ပထမ တစ်ချက်ကတော့ ၂၀၁၉ ခုနှစ် မှာ ပေါ်ပေါက်ခဲ့တဲ့ မက္ကာကြေညာစာတမ်း ဖြစ်ပာတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မွတ်စလင်အသိုက်အဝန်းတွေကြား အစွန်းရောက်ဝါဒတွေကို တိုက်ဖျက်ဖို့၊ ဘာသာရေးနဲ့ ယဉ်ကျေးမှု ကွဲပြားမှုတွေကို အပြန်အလှန်လေးစားဖို့နဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးကို ဖော်ဆောင်ဖို့ ရည်ရွယ်ပြီး “အစ္စလာမ်ကမ္ဘာ့အဖွဲ့ချုပ် (Muslim World League – MWL)” ရဲ့ ဦးဆောင်မှုနဲ့ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ဒုတိယ တစ်ချက်ကတော့ ဒီနှစ် (၂၀၂၆ခုနှစ်)အတွင်း မှာ ချုပ်ဆိုခဲ့တဲ့​မက္ကာကာကွယ်ရေးစာချုပ် ပါပဲ။ မကြာသေးခင်နှစ်တွေအတွင်း အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ၊ လုံခြုံရေးစိန်ခေါ်မှုတွေနဲ့ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အထူးသဖြင့် လုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုအပေါ်ချည်း သီးသန့်မှီခိုအားထားနေရမှုကို လျှော့ချလိုကြပြီး၊ ဒေသတွင်းနိုင်ငံတွေအချင်းချင်း စုပေါင်းကာကွယ်ရေးစနစ်တစ်ခု တည်ဆောက်ဖို့ လိုအပ်လာရာကနေ အစပျိုးခဲ့တာပါ။
​ဒီစာချုပ်ကြီး တရားဝင်ဖြစ်မြောက်လာဖို့အတွက် ​ပထမအဆင့် အနေနဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ မှာ ဆော်ဒီအာရေဗျနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ နှစ်နိုင်ငံကြား ဗျူဟာမြောက် အပြန်အလှန် ကာကွယ်ရေးသဘောတူစာချုပ် (Strategic Mutual Defence Agreement) ကို ရိယာ့ဒ်မြို့မှာ စတင် လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒါဟာ နောင်လာမည့် သုံးပွင့်ဆိုင်စာချုပ်အတွက် အဓိက အုတ်မြစ်ဖြစ်လာခဲ့ပါတယ်။
​၂၀၂၆ ခုနှစ် အစောပိုင်း မှာ ဒေသတွင်း လုံခြုံရေးကွန်ရက်ကို ပိုမိုကျယ်ပြန့်ခိုင်မာစေဖို့အတွက် စစ်ဘက်ဆိုင်ရာ နည်းပညာနဲ့ တပ်ဖွဲ့အင်အား တောင့်တင်းတဲ့ တူရကီနိုင်ငံကိုပါ ထည့်သွင်းကာ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့ကြပါတယ်။
​ ၂၀၂၆ ခုနှစ် သြဂုတ်လ (၇) ရက်နေ့မှာ ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့၊ သမိုင်းဝင် အယ်လ်ဆာဖာ နန်းတော်မှာ သုံးနိုင်ငံရဲ့ ထိပ်သီးခေါင်းဆောင်တွေ ကိုယ်တိုင် တက်ရောက်ပြီး “မက္ကာပူးပေါင်းရေးနှင့် ကာကွယ်ရေးစာချုပ်” ကို တရားဝင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

​ဒီစာချုပ်မှာ အဓိကမဏ္ဍိုင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ နိုင်ငံသုံးနိုင်ငံကတော့—
(၁)​ဆော်ဒီအာရေဗျနိုင်ငံ (စီးပွားရေး၊ စွမ်းအင်အရင်းအမြစ်နဲ့ အစ္စလာမ်သာသနာ့ ဗဟိုချက်မဖြစ်တဲ့ နိုင်ငံ)
(၂)​တူရကီနိုင်ငံ (နေတိုးအဖွဲ့ဝင်လည်းဖြစ်၊ စစ်ဘက်ဆိုင်ရာ နည်းပညာနဲ့ ခေတ်မီဒရုန်းထုတ်လုပ်မှုမှာ အဆင့်အတန်းမြင့်မားတဲ့ နိုင်ငံ)
(၃)​ပါကစ္စတန်နိုင်ငံ (နူကလီးယားလက်နက် ပိုင်ဆိုင်ထားပြီး စစ်ရေးအင်အား တောင့်တင်းခိုင်မာတဲ့ နိုင်ငံ) တို့ပဲ ဖြစ်ပါတယ်။
​ဒီနေရာမှာ စိတ်ဝင်စားစရာတစ်ချက် က နေတိုး (NATO) အဖွဲ့ရဲ့ Article 5 နဲ့ တူညီချက်တွေ စာချုပ်မှာပါဝင်တာဖြစ်ပါတယ်။​နိုင်ငံတကာ လေ့လာသုံးသပ်သူတွေက ဒီစာချုပ်ကို “အစ္စလာမ်မစ် နေတိုး (Islamic NATO)” လို့ တင်စားခေါ်ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ နေတိုးအဖွဲ့ရဲ့ နာမည်ကြီး Article 5 စည်းမျဉ်းလိုပဲ—
​”အဖွဲ့ဝင် နိုင်ငံသုံးနိုင်ငံထဲက တစ်နိုင်ငံနိုင်ငံအပေါ် လက်နက်ကိုင် တိုက်ခိုက်လာပြီဆိုရင် ကျန်တဲ့နိုင်ငံတွေအပေါ်ကိုပါ တိုက်ခိုက်တာပဲလို့ သတ်မှတ်ပြီး စုပေါင်းခုခံကာကွယ်သွားမယ် (An armed attack against any one of the three States shall be regarded as an attack against them all)” ဆိုတဲ့ အချက်ကို အဓိက မူဘောင်အဖြစ် တိတိကျကျ ထည့်သွင်းထားလို့ပါပဲ။
​ဒါပေမဲ့ နေတိုးလိုမျိုး အမြဲတမ်း ပေါင်းစပ်ထားတဲ့ စစ်ဦးစီးချုပ်ရုံးတွေနဲ့ ပေါင်းစပ်ကွပ်ကဲမှုစနစ် (Integrated Command Structure) တွေကတော့ လက်ရှိအစပျိုးကာလမှာ လုံးဝပြီးပြည့်စုံသေးတာ မဟုတ်ဘဲ နောင်လာမည့်ကာလမှ ဆက်လက် တည်ဆောက်သွားရဦးမှာ ဖြစ်ပါတယ်။
​”အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)” နဲ့ ဆက်စပ်မှု ရှိလာနိုင်လားဆိုရင် အလွန်တရာ မြင့်မားပါတယ်။​OIC မှာ အဖွဲ့ဝင် ၅၇ နိုင်ငံ ရှိပေမဲ့ နေတိုးလို ခိုင်မာတဲ့ စစ်ရေးယန္တရားမျိုး မရှိပါဘူး။ အခု ဆော်ဒီ၊ တူရကီ၊ ပါကစ္စတန်တို့ လုပ်လိုက်တဲ့ စာချုပ်က OIC ရဲ့ လုံခြုံရေး အားနည်းချက်ကို ဖြည့်ဆည်းပေးမယ့် “OIC ရဲ့ အမာခံ စစ်ရေးလက်ရုံး (သို့မဟုတ်) အဓိက မဟာမိတ်အုပ်စု” အဖြစ် ပေါ်ထွက်လာနိုင်ပါတယ်။
​ဒါပေမဲ့ OIC နိုင်ငံတွေအားလုံး ရေတိုကာလမှာ ဒီစာချုပ်ထဲ အကုန်ပါလာဖို့တော့ မလွယ်သေးပါဘူး။ နိုင်ငံအချင်းချင်း ပထဝီနိုင်ငံရေး ကွဲလွဲချက်တွေ ရှိနေသလို၊ အချို့နိုင်ငံတွေကလည်း ဘက်မလိုက်လိုတာတွေ ရှိနေလို့ပါ။ သို့သော် နိုင်ငံရေးအရ OIC ရဲ့ ကျောထောက်နောက်ခံနဲ့ တရားဝင်မှုကိုတော့ ဒီမဟာမိတ်အဖွဲ့က ရယူသွားနိုင်ပါတယ်။
​နောင်လာမည့်အနာဂတ်မှာ ဒီမက္ကာစာချုပ်ကြီးဟာ ဒေသတွင်း ပထဝီနိုင်ငံရေးကို အကြီးအကျယ် ရိုက်ခတ်လာဖို့ ရှိနေပါတယ်။
​ဒီစာချုပ် ဟာ အပိတ်စနစ် အဖွဲ့မဟုတ်ဘဲ နောင်မှာအခြားသော ဒေသတွင်းနိုင်ငံများ (ဥပမာ- အီဂျစ်စတဲ့ နိုင်ငံတွေ) ပါ ပါဝင်လာနိုင်ခြေရှိတဲ့ ပွင့်လင်းတဲ့ မူဘောင်တစ်ခု ဖြစ်ပါတယ်။ ​စစ်ရေးနှင့် နည်းပညာပူးပေါင်းမှု: ဉာဏ်ရည်တု (AI) နည်းပညာတွေ၊ ဆိုက်ဘာလုံခြုံရေး၊ ဒုံးကျည်ကာကွယ်ရေးစနစ်တွေအပြင် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေကိုပါ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်ပါတယ်။ အမေရိကန်ရဲ့ လုံခြုံရေးအပေါ် အလုံးစုံ မှီခိုနေရတာကို လျှော့ချပြီး၊ ဒေသတွင်းနိုင်ငံတွေ ကိုယ်တိုင် ကိုယ့်လုံခြုံရေးကို ကာကွယ်နိုင်မယ့် ခိုင်မာတဲ့ ဒေသတွင်း ဟန့်တားကာကွယ်ရေးစနစ်တစ်ခုကို ဖော်ဆောင်လာမယ့် သမိုင်းဝင်အစပြုမှု ဖြစ်လာမှာ အသေအချာပါပဲလို့ သုံးသပ်လိုက်ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW