မန္တလာ ဆရာမျိုး
“ကွမ်းစားရင် ခံတွင်းကင်ဆာ ဖြစ်တတ်တယ်။” ဒီအကြောင်းကိုတော့ လူအတော်များများ သိကြပါတယ်။ ဒါပေမယ့် ကွမ်းစားသူတစ်ယောက်ကို “ကွမ်းကြောင့် ခံတွင်းကင်ဆာအပြင် ဘာရောဂါတွေ ဖြစ်နိုင်သေးသလဲ” လို့ မေးလိုက်ရင် ဖြေဖို့ခက်သွားသူ များပါလိမ့်မယ်။ တကယ်တော့ ကွမ်းစားခြင်းရဲ့ ကျန်းမာရေးအန္တရာယ်ဟာ ပါးစပ်ထဲမှာပဲ အဆုံးသတ် သွားတာ မဟုတ်ပါဘူး။ အထူးသဖြင့် ကွမ်းယာမှာ အဓိကပါဝင်တဲ့ ကွမ်းသီး (areca nut) ကို ရေရှည်စားသုံးခြင်းဟာ ခံတွင်းရောဂါတွေအပြင် စွဲလမ်းမှု၊ နှလုံးနှင့်သွေးကြောဆိုင်ရာ ပြဿနာများ၊ ဇီဝဖြစ်စဉ်ဆိုင်ရာပြဿနာများ၊ ဆီးချို၊ အစာခြေလမ်းကြောင်း၊ အသည်း၊ ကျောက်ကပ်၊ အသက်ရှူလမ်းကြောင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ မကောင်းတဲ့ ရလဒ်အချို့နဲ့ပါ ဆက်စပ်နေကြောင်း သုတေသနတွေမှာ တွေ့ရှိထားပါတယ်။ ခံတွင်းကင်ဆာနဲ့ Oral Submucous Fibrosis တို့အတွက် အထောက်အထား အလွန် ခိုင်မာပါတယ်။ ဆီးချို၊ metabolic syndrome၊ နှလုံးသွေးကြောရောဂါ စတဲ့ ခန္ဓာကိုယ်တစ်ခုလုံးဆိုင်ရာ ရောဂါတွေမှာတော့ “ကွမ်းသီးစားသူတွေမှာ ပိုများတယ်” ဆိုတဲ့ ဆက်စပ်မှုကို သုတေသနတွေက ဖော်ပြထားပေမယ့် ကွမ်းသီးတစ်မျိုးတည်းက တိုက်ရိုက်ဖြစ်စေတယ်လို့ ရောဂါအားလုံးအတွက် မပြောနိုင်သေးပါဘူး။
ကွမ်းရွက်ထက် ကွမ်းသီးကို ပိုသတိထားရပါတယ်
“ကွမ်းစားတယ်” လို့ အလွယ်တကူ ပြောကြပေမယ့် ကွမ်းယာတစ်ယာမှာ ပစ္စည်းအမျိုးမျိုး ပါဝင်ပါတယ်။ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံးတို့အပြင် ဆေးရွက်ကြီး၊ ဆေးပေါင်းနဲ့ အနံ့အရသာပစ္စည်းတွေ ထပ်ထည့်စားကြပါတယ်။ ကျန်းမာရေး အန္တရာယ်ကို ပြောတဲ့အခါ ကွမ်းသီး (areca nut) ကို သီးခြားအလေးထားဖို့ လိုပါတယ်။ ကွမ်းသီးမှာ arecoline အပါအဝင် alkaloids တွေ ပါဝင်ပါတယ်။ ဒီဓာတ်ပစ္စည်းတွေဟာ ခံတွင်းတစ်ရှူးတွေအပေါ်သာမက ဦးနှောက်၊ အာရုံကြောစနစ်နဲ့ ခန္ဓာကိုယ်ရဲ့ အခြားစနစ်တွေအပေါ်ပါ သက်ရောက်နိုင်ပါတယ်။ ဒါကြောင့် “ကျွန်တော်စားတဲ့ ကွမ်းမှာ ဆေးရွက်ကြီး မပါဘူး” ဆိုတာနဲ့ အန္တရာယ်ကင်းသွားတာ မဟုတ်ပါဘူး။ ကွမ်းသီးကိုယ်တိုင်မှာ ကျန်းမာရေးအန္တရာယ် ရှိနေပါတယ်။ ဆေးရွက်ကြီးပါ ထည့်စားရင်တော့ ကွမ်းသီးရဲ့အန္တရာယ်အပြင် ဆေးရွက်ကြီးနဲ့ nicotine ရဲ့ အန္တရာယ်တွေပါ ထပ်မံပေါင်းစပ်လာပါတယ်။
(၁) ပါးစပ် တဖြည်းဖြည်း ဖွင့်မရတော့တဲ့ ရောဂါ
ကွမ်းစားသူတွေအတွက် ခံတွင်းကင်ဆာမဟုတ်ဘဲ အထူးသတိထားသင့်တဲ့ ရောဂါတစ်ခုက Oral Submucous Fibrosis (OSF) ဖြစ်ပါတယ်။ အစပိုင်းမှာ စပ်တဲ့အစားအစာစားတဲ့အခါ ပါးစပ်ထဲ ပူလောင်တာ၊ စပ်တာ မခံနိုင်တော့တာ လောက်ပဲ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာ ပါးစောင်အတွင်းသားတွေ တင်းလာတယ်။ ခံတွင်းတစ်ရှူးတွေ မာကျောလာတယ်။ ပါးစပ်ဖွင့်နိုင်တဲ့အကျယ် တဖြည်းဖြည်း နည်းလာတယ်။ ပိုဆိုးလာရင် အစာစားရခက်တယ်၊ သွားတိုက်ရခက်တယ်၊ စကားပြောရ ခက်တယ်။ သွားဆရာဝန်ဆီသွားရင်တောင် ပါးစပ်ကို လုံလောက်အောင် မဖွင့်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ကွမ်းသီးထဲက arecoline နဲ့ အခြားဓာတ်ပစ္စည်းတွေဟာ fibroblast တွေနဲ့ collagen metabolism ကို သက်ရောက်စေနိုင်ပါတယ်။ ရေရှည်မှာ collagen တွေ များလာပြီး ခံတွင်းတစ်ရှူးတွေ fibrosis ဖြစ်လာနိုင်ပါတယ်။ ပိုပြီးအရေးကြီးတာက Oral Submucous Fibrosis ဟာ ရိုးရိုး fibrosis တစ်ခု မဟုတ်ပါဘူး။ နောင်မှာ ကင်ဆာဖြစ်လာနိုင်ခြေရှိတဲ့ oral potentially malignant disorder တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားသူတစ်ယောက်က “အခုနောက်ပိုင်း ပါးစပ်က အရင်လို ကျယ်ကျယ်ဖွင့်မရတော့ဘူး” ဆိုလာရင် အသက်ကြီးလာလို့လို့ပဲ မယူဆသင့်ပါဘူး။
(၂) သွားဖုံးနဲ့ သွားပတ်လည်တစ်ရှူးတွေ ထိခိုက်နိုင်တယ်
ကွမ်းစားသူတွေရဲ့ သွားတွေ အညို၊ အနက်ရောင် စွန်းထင်းနေတာကို မြင်ရလွယ်ပါတယ်။ ဒါကြောင့် ကွမ်းရဲ့ သွားအပေါ်သက်ရောက်မှုကို “သွားမလှတော့တာ” လောက်ပဲ ထင်တတ်ကြပါတယ်။ တကယ်တော့ ရေရှည်ကွမ်းစားသူ တွေမှာ သွားဖုံးနဲ့ သွားပတ်လည်တစ်ရှူး ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ သွားဖုံးရောင်ခြင်း၊ သွားဖုံးဆုတ်ခြင်း၊ periodontal disease ဖြစ်ခြင်း၊ သွားယိုင်လာခြင်း၊ နောက်ဆုံးမှာ သွားဆုံးရှုံးခြင်းအထိ ဖြစ်နိုင်ပါတယ်။ ကွမ်းစားသူတွေမှာ ခံတွင်းနံ့ဆိုးခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ အသက်အန္တရာယ်ပေးတဲ့ ရောဂါမဟုတ်ပေမယ့် လူမှုဆက်ဆံရေးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပေါ် ထိခိုက်စေနိုင်ပါတယ်။
(၃) ကွမ်းကို စွဲလမ်းသွားနိုင်တယ်
“ကွမ်းဆိုတာ အလေ့အထပဲ။ စိတ်ရှိရင် ဖြတ်လို့ရပါတယ်” လို့ ထင်ကြပါတယ်။ ဒါပေမယ့် ကွမ်းသီးဟာ ရိုးရိုး ဝါးစားစရာတစ်ခု မဟုတ်ပါဘူး။ ကွမ်းသီးထဲမှာပါတဲ့ arecoline ဟာ psychoactive alkaloid တစ်မျိုးဖြစ်ပြီး အာရုံကြောစနစ် အပေါ် သက်ရောက်နိုင်ပါတယ်။ ဒါကြောင့် ကွမ်းစားသူတချို့မှာ “မနက်အိပ်ရာနိုးတာနဲ့ ကွမ်းစားချင်တယ်”။ “အစာစားပြီး ကွမ်းမစားရရင် မနေတတ်ဘူး”။ “ကားမောင်းရင် ကွမ်းဝါးထားမှ အဆင်ပြေတယ်”။ “အလုပ်လုပ်ရင် ကွမ်းမရှိလို့မဖြစ်ဘူး” ဆိုတာမျိုးတွေ ဖြစ်လာပါတယ်။ ဒီအဆင့်မှာ ရိုးရိုးအလေ့အထတစ်ခုကနေ dependence ဖြစ်လာနိုင်ပါတယ်။ ဆေးရွက်ကြီးပါဝင်တဲ့ ကွမ်းယာဆိုရင် nicotine dependence ပါ ထပ်ပေါင်းလာပါတယ်။ ဖြတ်လိုက်တဲ့အခါ စားချင်စိတ်ပြင်းခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်မကြည်ခြင်း၊ ဂနာမငြိမ်ခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း စတဲ့ withdrawal symptoms တွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကွမ်းဖြတ်ရခက်တာဟာ “စိတ်မခိုင်လို့” တစ်ခုတည်း မဟုတ်ပါဘူး။
(၄) နှလုံးနဲ့ သွေးကြောကိုလည်း သက်ရောက်နိုင်တယ်
ကွမ်းသီးထဲက ဓာတ်ပစ္စည်းတွေဟာ autonomic nervous system နဲ့ cardiovascular system အပေါ် သက်ရောက်နိုင်ပါတယ်။ ကွမ်းသီးဝါးပြီးတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန် ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ ပိုအရေးကြီးတာက ရေရှည်ကွမ်းသီးစားသုံးမှုနဲ့ cardiovascular disorders ကြား ဆက်စပ်မှုကို လူဦးရေအခြေပြု သုတေသနများမှာ တွေ့ရှိထားခြင်း ဖြစ်ပါတယ်။ Systemic health ကို လေ့လာထားတဲ့ review တစ်ခုမှာ cardiovascular disorders နဲ့ ဆက်စပ်မှုကို ဖော်ပြတဲ့ လေ့လာမှုများစွာ တွေ့ရှိခဲ့သလို cerebrovascular disorders နဲ့ ဆက်စပ်မှုကိုလည်း ဖော်ပြထားပါတယ်။ သို့သော် ဒီနေရာမှာ သတိထားရမှာက ကွမ်းစားသူတွေထဲမှာ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်၊ သွေးတိုး၊ ဆီးချို စတဲ့ အခြား risk factors တွေ ရှိနေနိုင်တာပါ။ “ကွမ်းစားရင် နှလုံးရောဂါ မဖြစ်မနေဖြစ်တယ်” လို့ မပြောသင့်ပါဘူး။ ဒါပေမယ့် “ကွမ်းဟာ ပါးစပ်ကိုပဲ ထိတာ၊ နှလုံးနဲ့ ဘာမှမဆိုင်ဘူး” လို့လည်း မယူဆသင့်ပါဘူး။
(၅) ဆီးချိုရောဂါနဲ့ပါ ဆက်စပ်နေတယ်
ကွမ်းသီးစားသုံးမှုနဲ့ Type 2 diabetes mellitus ကြား ဆက်စပ်မှုကို လေ့လာထားတဲ့ သုတေသနတွေ ရှိပါတယ်။ ၂၀၂၄ ခုနှစ် systematic review နဲ့ meta-analysis တစ်ခုမှာ လေ့လာမှုအတွင်းပါဝင်တဲ့ ကွမ်းသီးစားဖူးသူတွေကို မစားဖူးသူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ Type 2 diabetes နဲ့ ဆက်စပ်မှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီရလဒ်ကို “ကွမ်းစားလို့ ဆီးချိုဖြစ်တာ” လို့ တစ်ကြောင်းတည်း အဓိပ္ပာယ်ကောက်လို့ မရပါဘူး။ ဆီးချိုရောဂါမှာ မျိုးရိုးဗီဇ၊ အသက်၊ ကိုယ်အလေးချိန်၊ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ အခြားအချက်တွေ အများကြီး ပါဝင်ပါတယ်။ ကွမ်းသီးစားသုံးမှုနဲ့ Type 2 diabetes ကြား ဆက်စပ်မှုရှိနေကြောင်း တွေ့ရှိထားပါတယ်။ ဒါကြောင့် နှစ်ရှည်ကွမ်းစားသူတွေဟာ မိမိတို့ရဲ့ သွေးတွင်းသကြားဓာတ်နဲ့ အခြား metabolic risk factors တွေကိုလည်း ဂရုစိုက်သင့်ပါတယ်။
(၆) Metabolic Syndrome နဲ့ ဆက်စပ်နိုင်တယ်
ဆီးချိုနဲ့ ဆက်စပ်ပြီး လူသိနည်းတဲ့ နောက်ထပ်အချက်တစ်ခုက Metabolic Syndrome ဖြစ်ပါတယ်။ Metabolic syndrome ဆိုတာ ရောဂါတစ်မျိုးတည်း မဟုတ်ပါဘူး။ ဝမ်းဗိုက်ပတ်လည် အဆီများခြင်း၊ သွေးပေါင်မြင့်ခြင်း၊ သွေးတွင်း သကြားဓာတ် မြင့်ခြင်း၊ triglyceride များခြင်း၊ HDL cholesterol နည်းခြင်း စတဲ့ metabolic abnormalities တွေ စုပေါင်းရှိနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီအခြေအနေရှိလာရင် နောင်မှာ Type 2 diabetes နဲ့ cardiovascular disease ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ ကွမ်းသီးစားသုံးမှုနဲ့ metabolic syndrome ကြား ဆက်စပ်မှုရှိကြောင်း systematic review တွေနဲ့ လူဦးရေလေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။ အထူးသဖြင့် ကွမ်းသီးနဲ့အတူ ဆေးရွက်ကြီးပါ တွဲဖက်သုံးစွဲသူတွေမှာ metabolic risk ပိုများနိုင်ကြောင်း လေ့လာမှုအချို့က ဖော်ပြထားပါတယ်။ ဒါကြောင့် ကွမ်းစားခြင်းဟာ “ပါးစပ်ထဲက ပြဿနာ” တစ်ခုတည်း မဟုတ်ကြောင်း ထပ်မံတွေ့ရပါတယ်။
(၇) ဝမ်းဗိုက်အဆီများခြင်း၊ အဝလွန်ခြင်းနဲ့လည်း ဆက်စပ်မှုရှိတယ်
ကွမ်းသီးစားသုံးသူတွေမှာ central obesity သို့မဟုတ် ဝမ်းဗိုက်ပတ်လည်အဆီများခြင်း ပိုမိုတွေ့ရှိရကြောင်း သုတေသနအချို့မှာ ဖော်ပြထားပါတယ်။ ဝမ်းဗိုက်အဆီများခြင်းဟာ အလှအပပြဿနာတစ်ခု မဟုတ်ပါဘူး။ Insulin resistance၊ Type 2 diabetes၊ သွေးတိုး၊ dyslipidaemia နဲ့ cardiovascular disease တွေအတွက် အရေးကြီးတဲ့ risk factor တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် “ကွမ်းစားလို့ ဝတယ်” ဆိုတဲ့ ရိုးရှင်းတဲ့ အကြောင်းအကျိုးဆက်အဖြစ် မယူဆသင့်ပါဘူး။ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု၊ မျိုးရိုး၊ အသက်နဲ့ လူနေမှုပုံစံတွေ အများကြီး ပါဝင်ပါတယ်။ ကွမ်းသီးစားသုံးမှုနဲ့ central obesity/metabolic abnormalities ကြား ဆက်စပ်မှုတွေကို လေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။
(၈) အစာပြွန်နဲ့ အစာခြေလမ်းကြောင်းလည်း မလွတ်ပါဘူး
ကွမ်းသီးကို ဝါးတဲ့အခါ ထွက်လာတဲ့ ဓာတ်ပစ္စည်းတွေ အားလုံးကို အပြင်ထွေးပစ်တာ မဟုတ်ပါဘူး။ တံတွေးနဲ့အတူ အချို့ကို မျိုချမိပါတယ်။ ဒါကြောင့် ခံတွင်းကိုကျော်ပြီး အစာပြွန်နဲ့ အစာခြေလမ်းကြောင်းဟာလည်း ကွမ်းသီးနဲ့ဆိုင်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့နိုင်ပါတယ်။ သုတေသန review တွေမှာ ကွမ်းသီးစားသုံးမှုနဲ့ oesophageal inflammation နဲ့ fibrosis တို့အကြား ဆက်စပ်မှုတွေ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကွမ်းသီးနဲ့ အစာပြွန်ကင်ဆာဆိုင်ရာ အန္တရာယ်ကိုလည်း လေ့လာထားပါတယ်။ ဒါကြောင့် ကွမ်းစားခြင်းရဲ့ အကျိုးသက်ရောက်မှုကို ခံတွင်းနဲ့ပဲ ကန့်သတ်စဉ်းစားလို့ မရပါဘူး။
(၉) အသည်းရောဂါတွေနဲ့လည်း ဆက်စပ်မှုတွေ ရှိပါတယ်
လူအများ ပိုမိုအံ့အားသင့်နိုင်တဲ့ အချက်တစ်ခုက ကွမ်းသီးစားသုံးမှုနဲ့ အသည်းဆိုင်ရာ ရောဂါအချို့ ကြား ဆက်စပ်မှုတွေကို သုတေသနတွေမှာ တွေ့ရှိထားတာ ဖြစ်ပါတယ်။ Systemic effects ကို စုစည်းလေ့လာထားတဲ့ review တွေမှာ hepatic disorders နဲ့ ဆက်စပ်မှုရှိကြောင်း ဖော်ပြထားတဲ့ လေ့လာမှုများ ပါဝင်ပါတယ်။ တစ်ဖက်မှာလည်း metabolic syndrome၊ central obesity နဲ့ Type 2 diabetes တို့ဟာ အသည်းအဆီဖုံးရောဂါနဲ့ အခြားအသည်းပြဿနာတွေအတွက် risk factors ဖြစ်ကြပါတယ်။ ဒါကြောင့် ကွမ်းသီးနဲ့ အသည်းရောဂါကြား ဆက်နွယ်မှုဟာ အချက်တစ်ခုတည်းနဲ့ ရှင်းပြနိုင်တဲ့ ရိုးရှင်းတဲ့ဆက်နွယ်မှု မဟုတ်နိုင်ပါဘူး။
(၁၀) ကျောက်ကပ်ရောဂါနဲ့ရော ဆိုင်သလား
ကွမ်းသီးနဲ့ renal disorders ကြား ဆက်စပ်မှုကို ဖော်ပြထားတဲ့ သုတေသနတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျောက်ကပ်ရောဂါနဲ့ပတ်သက်တဲ့ အထောက်အထားဟာ ခံတွင်းကင်ဆာ သို့မဟုတ် Oral Submucous Fibrosis လောက် မခိုင်မာသေးပါဘူး။ နောက်တစ်ချက်က ကွမ်းသီးစားသုံးမှုနဲ့ ဆက်စပ်နေတဲ့ ဆီးချို၊ သွေးတိုးနဲ့ metabolic syndrome တို့ကိုယ်တိုင်က ကျောက်ကပ်ရောဂါအတွက် အရေးကြီးတဲ့ risk factors တွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ကွမ်းစားခြင်းနဲ့ ကျောက်ကပ်ကျန်းမာရေးကြား ဆက်နွယ်မှုဟာ ဆက်လက်သုတေသနပြုဖို့ လိုအပ်နေတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။
(၁၁) အသက်ရှူလမ်းကြောင်းကိုလည်း သက်ရောက်နိုင်တယ်
ကွမ်းသီးရဲ့ systemic effects ကို လေ့လာထားတဲ့ သုတေသနတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်မှုကိုလည်း ဖော်ပြထားပါတယ်။ အထူးသဖြင့် respiratory discomfort နဲ့ asthma ကဲ့သို့သော ရောဂါအခြေအနေတွေအပေါ် ကွမ်းသီးအသုံးပြုမှုက သက်ရောက်မှုရှိနိုင်ကြောင်း လေ့လာထားပါတယ်။ သို့သော် ဒီအပိုင်းမှာလည်း ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးသုံးခြင်း၊ လေထုညစ်ညမ်းမှုနဲ့ အခြား confounding factors တွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
(၁၂) ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားအတွက်လည်း အန္တရာယ်ကင်းတာ မဟုတ်ပါဘူး
ကွမ်းစားခြင်းဟာ အမျိုးသားတွေရဲ့ အလေ့အထတစ်ခုတည်း မဟုတ်ပါဘူး။ အချို့ဒေသနဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ အမျိုးသမီးတွေလည်း ကွမ်းစားကြပါတယ်။ ကိုယ်ဝန်ရှိနေချိန်မှာတောင် အလေ့အထဖြစ်နေတဲ့အတွက် ဆက်စားနေသူတွေ ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကွမ်းသီးစားသုံးမှုနဲ့ adverse pregnancy outcomes တွေကို လေ့လာထားတဲ့ systematic review နဲ့ meta-analysis တွေ ရှိပါတယ်။ မွေးကင်းစကလေး ကိုယ်အလေးချိန်နည်းခြင်းအပါအဝင် မကောင်းတဲ့ မွေးဖွားမှုရလဒ်အချို့နဲ့ ဆက်စပ်မှုကို တွေ့ရှိထားပါတယ်။ ဒါ့အပြင် ဆေးရွက်ကြီးပါဝင်တဲ့ ကွမ်းယာဖြစ်ရင်တော့ tobacco exposure ရဲ့ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ အန္တရာယ်တွေပါ ထပ်တိုးလာပါတယ်။
(၁၃) ဆေးရွက်ကြီးမပါရင် စိတ်ချရသလား
စိတ်မချရပါဘူး။ အရင်တုန်းက လူအချို့က ကွမ်းယာကြောင့် ကင်ဆာဖြစ်တာဟာ ကွမ်းထဲက ဆေးရွက်ကြီး ကြောင့်ပဲလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းသုတေသနအထောက်အထားတွေက ဆေးရွက်ကြီးမပါသော betel quid ကိုယ်တိုင်လည်း ကင်ဆာအန္တရာယ်ရှိကြောင်း ပြသခဲ့ပါတယ်။ အဓိကအကြောင်းရင်းတွေထဲမှာ ကွမ်းသီးကိုယ်တိုင် ပါဝင်ပါတယ်။
(၁၄) ဆေးရွက်ကြီးပါရင် ဘာကြောင့် ပိုဆိုးသလဲ
ဆေးရွက်ကြီးပါဝင်တဲ့ ကွမ်းယာဆိုရင် ပြဿနာက ပိုရှုပ်ထွေးလာပါတယ်။ ကွမ်းသီးရဲ့ အန္တရာယ်ရှိပြီးသားအပေါ်မှာ ဆေးရွက်ကြီးရဲ့ အန္တရာယ် ထပ်ပေါင်းလာပါတယ်။ ဆေးရွက်ကြီးမှာပါတဲ့ nicotine ကြောင့် dependence ပိုမိုအားကောင်း လာနိုင်ပါတယ်။ ဆေးရွက်ကြီးမှာပါဝင်တဲ့ carcinogens တွေကြောင့် ကင်ဆာအန္တရာယ်လည်း ထပ်တိုးလာပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောကျန်းမာရေးအပေါ် ဆေးရွက်ကြီးရဲ့ သက်ရောက်မှုတွေပါ ပေါင်းစပ်လာနိုင်ပါတယ်။ “ဆေးလိပ်မသောက်ဘူး၊ ကွမ်းထဲမှာ ဆေးရွက်ကြီးနည်းနည်းပဲ ထည့်တာ” ဆိုတာလည်း အန္တရာယ်ကင်းတဲ့ နည်းလမ်းမဟုတ်ပါဘူး။
(၁၅) ကွမ်းစားသူတိုင်း ဒီရောဂါတွေအားလုံး ဖြစ်မှာလား
ကွမ်းစားသူတိုင်း ခံတွင်းကင်ဆာဖြစ်မှာ မဟုတ်သလို၊ ကွမ်းစားသူတိုင်း ဆီးချို၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေ ဖြစ်လာမယ်လို့လည်း မဆိုနိုင်ပါဘူး။ ဆေးပညာမှာ Risk ဆိုတာ “ဖြစ်နိုင်ခြေ ပိုများလာတယ်” လို့ ဆိုလိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်မှာ ရောဂါတစ်ခုဖြစ်ပေါ်ဖို့ အသက်၊ မျိုးရိုးဗီဇ၊ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု၊ ဆေးလိပ်၊ အရက်၊ ကိုယ်အလေးချိန်၊ သွေးပေါင်၊ အခြားရောဂါတွေ စတဲ့ အချက်များစွာ ပါဝင်ပါတယ်။ ကွမ်းစားခြင်းက အဲဒီ risk factors တွေထဲက တစ်ခု ဖြစ်လာနိုင်ပါတယ်။
“ကွမ်းစားတာ နှစ် ၃၀ ရှိပြီ၊ ဘာမှမဖြစ်ဘူး” ဆိုပြီး ကွမ်းစားသူတွေကြား မကြာခဏ ကြားရတဲ့ စကားတစ်ခွန်းပါ။ “ငါက နှစ် ၃၀ စားလာတာ၊ ဘာမှမဖြစ်ဘူး”။ ဒါမှမဟုတ် “ငါ့အဘိုးက အသက် ၈၀ ကျော်အထိ ကွမ်းစားသွားတာပဲ” လို့ ပြောတတ်ကြပါတယ်။ ဒီလိုတစ်ဦးချင်းဖြစ်ရပ်တွေကို ဆေးပညာသက်သေအဖြစ် သုံးလို့မရပါဘူး။
ဆေးလိပ်သောက်သူတိုင်း အဆုတ်ကင်ဆာ မဖြစ်ကြသလို ကွမ်းစားသူတိုင်းလည်း ခံတွင်းကင်ဆာ မဖြစ်ကြပါဘူး။ ဒါပေမယ့် လူဦးရေများစွာကို နှိုင်းယှဉ်လေ့လာတဲ့အခါ risk မြင့်တက်လာတာကို တွေ့ရပါတယ်။ “ကင်ဆာမဖြစ်သေးဘူး” ဆိုတာ “ကွမ်းကြောင့် ဘာမှမဖြစ်ဘူး” ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ ခံတွင်းမှာ fibrosis ဖြစ်နေနိုင်ပါတယ်။ သွားဖုံးနဲ့ သွားပတ်လည်တစ်ရှူးတွေ ထိခိုက်နေနိုင်ပါတယ်။ ကွမ်းအပေါ် dependence ဖြစ်နေနိုင်ပါတယ်။ Metabolic abnormalities တွေ ရှိနေနိုင်ပါတယ်။ သွေးပေါင်၊ သွေးတွင်းသကြားဓာတ်နဲ့ အခြား cardiovascular risk factors တွေကိုလည်း သတိထားဖို့ လိုနိုင်ပါတယ်။
ဘယ်လိုလက္ခဏာတွေရှိရင် ဆရာဝန်ပြသင့်သလဲ
ကွမ်းစားသူတွေဟာ မိမိခံတွင်းကို အခါအားလျော်စွာ ကိုယ်တိုင်ကြည့်ရှုသင့်ပါတယ်။ အထူးသဖြင့် နှစ်ပတ်ကျော်တဲ့ အထိ မပျောက်တဲ့ ခံတွင်းအနာ၊ အဖြူရောင်အကွက်၊ အနီရောင်အကွက်၊ အဖြူနဲ့အနီရောနေတဲ့အကွက်၊ မာကျောလာတဲ့ နေရာ၊ အဖုအကျိတ်၊ အကြောင်းမရှိဘဲ သွေးထွက်ခြင်း၊ လျှာလှုပ်ရှားရခက်ခြင်း၊ မျိုချရခက်ခြင်း၊ ပါးစပ်ဖွင့်နိုင်မှု တဖြည်းဖြည်း လျော့လာခြင်း၊ လည်ပင်းမှာ အကျိတ်ပေါ်လာခြင်း စတာတွေ ရှိလာရင် စောင့်ကြည့်နေရုံနဲ့ မလုံလောက်ပါဘူး။ သွားနှင့်ခံတွင်း ဆရာဝန် သို့မဟုတ် သက်ဆိုင်ရာဆရာဝန်ထံ သွားရောက်စစ်ဆေးသင့်ပါတယ်။ လိုအပ်ရင် biopsy ယူပြီး histopathological examination ပြုလုပ်ခြင်းက ကင်ဆာမဖြစ်မီပြောင်းလဲမှုနဲ့ ကင်ဆာကို ခွဲခြားဖို့ အရေးကြီးပါတယ်။
နှစ်ပေါင်းများစွာ စားလာပြီးပြီ၊ အခုမှဖြတ်လို့ ထူးသေးသလား
“စားလာတာ နှစ် ၂၀၊ ၃၀ ရှိပြီ။ အခုမှဖြတ်လည်း မထူးတော့ပါဘူး” ဆိုပြီး ဆက်စားနေဖို့ မသင့်ပါဘူး။ အတိတ်မှာ စားခဲ့ပြီးသားကို ပြန်ဖျက်ပစ်လို့ မရပေမယ့် ဒီနေ့ဖြတ်လိုက်ရင် ဒီနေ့ကစပြီး နောက်ထပ်ထိတွေ့မှုကို ရပ်တန့်နိုင်ပါတယ်။ ကွမ်းကို စွဲနေပြီဆိုရင် တစ်ခါတည်းဖြတ်ဖို့ ခက်နိုင်ပါတယ်။ အထူးသဖြင့် ဆေးရွက်ကြီးပါဝင်တဲ့ ကွမ်းကို စားသူတွေမှာ nicotine dependence ပါ ရှိနိုင်တဲ့အတွက် ပိုခက်နိုင်ပါတယ်။ ဒါကြောင့် ကွမ်းဖြတ်ဖို့ ခက်ခဲနေသူတွေဟာ ကျန်းမာရေး ဝန်ထမ်းတွေဆီက အကူအညီရယူနိုင်ပါတယ်။
ကွမ်းတစ်ယာကို ပါးစပ်ထဲမှာပဲ မမြင်ပါနဲ့
ကွမ်းစားခြင်းအကြောင်း ပြောတိုင်း “ခံတွင်းကင်ဆာ” ဆိုတဲ့ စကားတစ်ခွန်းကိုပဲ ကျွန်တော်တို့ ကြားလာခဲ့ကြ ပါတယ်။ ခံတွင်းကင်ဆာဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ကွမ်းရဲ့ အန္တရာယ်ဟာ အဲဒီမှာ အဆုံးမသတ်ပါဘူး။ ကွမ်းသီးကို ရေရှည်စားသုံးခြင်းဟာ Oral Submucous Fibrosis လို့ခေါ်တဲ့ ပါးစပ်တဖြည်းဖြည်း ဖွင့်မရတော့တဲ့ ရောဂါ ဖြစ်စေနိုင်ပါတယ်။ သွားနဲ့ သွားဖုံးကို ထိခိုက်စေနိုင်ပါတယ်။ ကွမ်းအပေါ် စွဲလမ်းမှု ဖြစ်လာနိုင်ပါတယ်။ နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ Metabolic syndrome၊ central obesity နဲ့ Type 2 diabetes တို့နဲ့ ဆက်စပ်မှုတွေကိုလည်း သုတေသနတွေမှာ တွေ့ရှိထားပါတယ်။ အစာခြေလမ်းကြောင်း၊ အသည်း၊ ကျောက်ကပ်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအချို့နဲ့ ဆက်စပ်မှုတွေကိုလည်း လေ့လာတွေ့ရှိထားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း မကောင်းတဲ့ pregnancy outcomes အချို့နဲ့ ဆက်စပ်နိုင်ပါတယ်။ အဲဒီအထဲက ရောဂါတိုင်းအတွက် အထောက်အထားခိုင်မာမှု မတူညီပေမယ့် သေချာတဲ့အချက်တစ်ခုတော့ ရှိပါတယ်။ ကွမ်းစားခြင်းကို “ပါးစပ်အတွက်ပဲ အန္တရာယ်ရှိတာ” လို့ မမြင်သင့်တော့ပါဘူး။
ဒါကြောင့် ကွမ်းမစားသေးသူဆိုရင် မစတာ အကောင်းဆုံးပါ။ ကွမ်းစားနေသူဆိုရင် လျှော့စားရုံထက် ဖြတ်နိုင်ဖို့ ရည်မှန်းတာ ပိုကောင်းပါတယ်။ နှစ်ပေါင်းများစွာ စားလာသူဆိုရင်လည်း “အခုမှဖြတ်လို့ မထူးတော့ဘူး” လို့ မတွေးပါနဲ့။ ကွမ်းတစ်ယာကို ဝါးပြီး ထွေးပစ်လိုက်ရင် ပြီးသွားတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် နေ့စဉ် အကြိမ်ကြိမ်၊ နှစ်ပေါင်းများစွာ ထပ်ခါထပ်ခါ စားလာတဲ့အခါ ကွမ်းရဲ့ သက်ရောက်မှုတွေကလည်း တဖြည်းဖြည်း စုပေါင်းလာနိုင်ပါတယ်။
ကွမ်းစားခြင်းရဲ့ အန္တရာယ်ဟာ ခံတွင်းကင်ဆာတစ်ခုတည်း မဟုတ်ပါဘူး။ ဒီအချက်ကို လူအများ ပိုမိုသိရှိလာခြင်းက ကွမ်းကို မစတင်ဖို့၊ စားနေသူက ဖြတ်ဖို့နဲ့ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစီးစွာ သတိပြုမိဖို့ အရေးကြီးတဲ့ ပထမခြေလှမ်းတစ်ခု ဖြစ်ပါတယ်။
မန္တလာ ဆရာမျိုး
