တိုင်းနဲ့ ပြည်နယ်တချို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်

စက်တင်ဘာ ၂၈ – ၂၀၂၆
SN (VOM)
မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ ခမောင်းတောကျေးရွာမှာ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်၊ မနက် ၁၀ နာရီဝန်းကျင်နဲ့ မနေ့ စက်တင်ဘာ ၂၇ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့သလို မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာမှာလည်း ဒီကနေ့ မနက် ၇ နာရီကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ ခုနစ်ယောက် ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ဒီမနက် ထိခိုက်မိသူတွေရဲ့ ဒဏ်ရာအခြေအနေနဲ့ နေအိမ်ပျက်စီးမှု အခြေအနေတွေကို အသေးစိတ် ပြောလို့မရသေးဘူး။ လေကြောင်းက ဒီ မင်းပြားဘက်မှာလည်း တောက်လျှောက်ကို ဖြစ်နေတာ။ မနေ့ မနက် အစောပိုင်း ၁၂ နာရီခွဲလောက်ကလည်းတခါ မင်းပြား၊ ဈေးဟောင်းပိုင်းရပ်ကွက်ဘက်မှာ လေကြောင်းဖြစ်သေးတယ်။ တယောက် ဒဏ်ရာရတယ်” လို့ လူမှုကူညီရေး လုပ်ဆောင်နေသူက ပြောပါတယ်။
ဒါအပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ပန်းတင် စစ်ဆေးရေးဂိတ်မှာလည်း ဒီနေ့မနက်က ဒရုန်းကျရောက်မှုဖြစ်ခဲ့ကာ နှစ်ယောက် ဒဏ်ရာခဲ့တယ်လို့ သိရပြီး ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် (အနောက်ခြမ်း) မှာလည်း ဒီမနက် ၁၁ နာရီ ၂၅ မိနစ်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာလည်း မနေ့ ညနေ ၅ နာရီ ၄၈ မိနစ်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ်မှာလည်း မနေ့ ညနေ ၄ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး နှစ်ယောက် သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရပြီး နေအိမ် သုံးလုံးထက်မနည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာလည်း ဟုမ္မလင်းမြို့နယ်မှာ မနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာကြောင့် နှစ်ယောက် သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ဟုမ္မလင်းနယ်၊ တုံဟဲကျေးရွာနားက သီပန်းချောင်းဝရဲ့ အထက်၊ ရွှေမျောလုပ်ကွက်မှာ လေကြောင်းဖြစ်တာ။ လေယာဉ် သုံးစင်း လာသွားတာ။ သေဆုံး နှစ်ယောက်က ‌ဆေးရုံမှာ ဆေးကုသနေရင်း သေတာ။ ဒဏ်ရာရတွေထဲမှာလည်း နှစ်ယောက်က ဒဏ်ရာပြင်းထန်တယ်။ စက်တင်ဘာ ၂၆ ရက်နေ့ လေကြောင်းဖြစ်တာကလည်း ဒီရွှေမျောလုပ်ကွက်ပဲ။ အဲဒီ ဖြစ်စဉ်မှာ သုံးယောက် သေပြီး ခြောက်ယောက် ဒဏ်ရာရတယ်။ ဒီနားတဝိုက်ပဲ ဖြစ်နေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
မနေ့ စက်တင်ဘာ ၂၇ ရက်၊ ရွှေမျောလုပ်ကွက် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ဖောင်တစီးနဲ့ စက်လှေတစီး နစ်မြုပ်ခဲ့ပြီး ဟွန်ဒါတစီးနဲ့ ပိုက်တန်းတွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ လေးအိမ်စုကျေးရွာမှာလည်း မနေ့ မနက် ၇ နာရီဝန်းကျင်ကနေ မနက် ၉ နာရီဝန်းကျင်အထိ၊ အချိန် နှစ်နာရီကြာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာလည်း မနေ့ မနက်အစောပိုင်း ၁၂ နာရီကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရကာ နေအိမ် တလုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW