ဆူးငှက်
သရက်ကုန်း ထန်းရိပ်ညို ဂယ်လာရီ
—————————————-
ကိုင်း.. ဖျာလိတ်ထဲ တိုးမိမှတော့ အသားအပွန်းပဲ့ခံပြီး တစ်ဘက် ထွက်နိုင်အောင် တိုးရတော့မှာပေါ့။ နောက်ပြန်ဆုတ်လို့ မရတော့။ သည်တစ်ခါ ဝန်ကြီးချုပ်အသစ်ဆီ စာတင်ကြမည်။ နောက်ဆက်တွဲအနေနှင့် ရပ်ကွက်က လက်မှတ်များသာမက ရပ်ကွက်အတွင်းရှိ အိမ်ခြေစာရင်း အမျိုးအစား အမျိုးအစားအလိုက် အသေးစိတ်စာရင်းများကိုပါ တစ်အိမ်ချင်း ဓာတ်ပုံများနှင့်အတူ တင်ကြမည်။ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၀၀ကျော်၏ ဓာတ်ပုံများ စရိတ်စက အတွက် ဦးမျိုးခင်က တာဝန်ယူသည်။
ထိုစဉ်ကာလ ရပ်ကွက်အတွင်း ကျွန်တော့် အိမ်ဘေးက ထန်းရိပ်ညို ဂယ်လာရီမှာက ပန်းချီဆရာများ သာမက စာရေးဆရာတွေ၊ မီဒီယာသမားတွေ ဓာတ်ပုံဆရာတွေပါ နေ့စဉ်စုရုံးရောက်ရှိကြသည်။ ထန်းရိပ်ညို ဂယ်လာရီမှာ ပန်းချီပြပွဲများသာမက အနုပညာဆိုင်ရာ ဆွေးနွေးပွဲတွေ စာတမ်းဖတ်ပွဲတွေလည်း ကျင်းးပသည်။ ရန်ကုန်က ပန်းချီဆရာတွေ စာရေးဆရာတွေ မီဒီယာသမားတွေကလည်း မန္တလေးသို့ ရောက်တိုင်း ထန်းရိပ်ညိုဂယ်လာရီသို့ မဖြစ်မနေ ရောက်လာကြသည်။ ထန်းရိပ်ညို ဂယ်လာရီမှာ စာရေးဆရာကြီး ပါရဂူလည်း ညအိပ်ညနေ နေထိုင်သွား ဖူးသည်။ မင်းသားကြီး လေးလေးဦးထွန်းဝေလည်း မကြာမကြာ လာတတ်သည်။ စာရေးဆရာ ကိုတာ လည်း မန္တလေးရောက်တိုင်း ဝင်သည်။ ရန်ကုန်က စာရေးဆရာမကြီး ခင်ဆွေဦး၊ အဆိုတော်မာမာအေး၊ ပန်းချီ ယဉ်မင်းပိုက်၊ ကဗျာဆရာ နရီမင်း၊ အယ်ဒီတာ လွမ်းဝေနိုင်၊ သျှီသူအောင်၊ စည်သူအောင်မြင့် တို့လည်း ရောက်လာတတ်သည်။ ထိုစဉ်ကာလ ဂျာနယ်အသီးသီးမှာ သရက်ကုန်း ထန်းရိပ်ညို သတင်းက ပြတ်လှသည်မရှိ။ ထို့ကြောင့် ရပ်ကွက်အတွင်းက အိမ်ခြေ ၁၀၀ကျော် ဓာတ်ပုံရိုက်ဖို့ ထန်းရိပ်ညိုမှာ အမြဲလာရောက်ကြသည့် ဓာတ်ပုံဆရာ ၂ယောက်က ကူညီသည်။
သရက်ကုန်းက အိမ်ဝင်းတွေ ရုံးမှာ ရောင်းဝယ်နေကြပြီတဲ့
————————————————————
ထန်းရိပ်ညိုတွင် ပန်းချီကအစ အနုပညာအလုပ်များ စုဆုံ ပြုလုပ်လေ့ရှိရာ ဝါသနာရှင် စစ်မှုထမ်း အရာရှိ များလည်း မကြာမကြာရောက်လာကာ ပန်းချီဆွဲကြ၊ စာအကြောင်း ပေအကြောင်းများ ပြောဆို ဆွေးနွေး ကြတာပင်ရှိသည်။ သူတို့လည်း ထန်းရိပ်ညို အဖွဲ့ဝင်တွေ ဖြစ်လို့။ ကျွန်တော်တို့က ဝန်ကြီးချုပ်အသစ်ထံ စာတင်ရန် ပြင်ဆင်နေဆဲတွင် ထန်းရိပ်ညိုသို့ မိုးလင်းမိုးချုပ် ရောက်လာတတ်သော ဌာနမှူးအဆင့် အရပ်ဘက်ဝန်ထမ်း အရာရှိ စစ်ဗိုလ်က သတင်းတစ်ခုယူလာသည်။
သူ လ.ပ.ခ နှင့် တ.ယ.က ရုံးဖက်ရောက်တော့ သိမ်းတော့မည့် သရက်ကုန်းက လက်ရှိ ဝင်းခြံနေရာတွေက အရောင်းအဝယ် ဈေးပေါက်နေသတဲ့။ ထန်းရိပ်ညိုနေရာက သိန်း၂၀၀တဲ့။ ထို့ကြောင့် အကယ်၍ သိမ်းဆည်းသွားတောင် သည်နေရာက အစုအစည်းလေး မပျက်စေရန် ထန်းရိပ်ညိုနေရာ သူဝယ်ပါမယ်ဟု နှုတ်စရန် သတ်ခဲ့တယ်တဲ့။ “ဒါနဲ့ ကျွန်တော်လည်း သိချင်လို့ ကိုဆူးနေရာက ဘယ်လောက် အော်သလဲ စုံစမ်းကြည့်တော့ ၆၀ တဲ့။ ကျွန်တော့်ရှိရင် ကိုဆူးနေရာလေးလည်း အခြေမပျက်အောင်၊ ခဏစိုက်ပြီး ဝယ်ထားချင်ပါတယ်ဗျာ၊ ကျွန်တော်ကလည်း ထန်းရိပ်ညိုနေရာအပြင် ကိုဆူးနေရာပါ ဝယ်ဖို့ မတတ်နိုင်တော့လို့ပါ” ဟုလည်း ကျွန်တော့်ကို ပြောပြသည်။ ကဲ.. ပိုင်ရှင်တွေက ဘယ်နားနေရမှန်း မသိခင် ဟိုမှာက ဒီနေရာတွေ လက်ညှိုးထိုးရောင်းနေပြီတဲ့။
ဖုန်းလေး ရောင်းလိုက်မည်လေ
———————————–
ကိုင်း.. အခြေအနေက ဘယ်လိုမျန်းမသိ။ နေ့ချင်းညချင်းလည်း ဆိုးရွားသွားနိုင်သည်။ အကယ်၍ ဆိုးရွားသွားလျှင် အဆင်ပြေအောင် ကြံတိုင်းအောင်ကိုအောင်မင်း လက်သို့ အပ်ထားသော ကျွန်တော့် GSM ဖုန်းလေး ရောင်းမည်။ ရောင်းလျှင် သိန်း ၄၀၊ ၄၅သိန်းလောက် ရနိုင်သတဲ့။ ထို့ကြောင့် ဖုန်းရောင်းလို့ ရနိုင်မည့် ငွေကြေးနှင့် တတ်နိုင်သော အိမ်နေရာလေးတွေ လင်မယား၂ယောက် စက်ဘီးလေးစီးပြီး ရှာရပြန်သည်။
ရှာကြည့်လို့ အဆင်ပြေမှ ဖုန်းရောင်းမည်ဟုလည်း စိတ်ကူးထားသည်။ ပထမဆုံး ကျွန်တော့်အိမ်၏ မြောက်ဘက်နား အနှိပ်တော်ရပ်ကွက်ပိုင် နေရာများ ဘက် စုံစမ်းကြည့်သည်။ ထိုနေရာများက တောင်ဘက် သရက်ကုန်းကတဆင့် ၂၆ဘီလမ်းလည်း ထွက်နိုင်သလို မြောက်ဘက်ကလည်း ငါးစခန်းနောက်ကျောကတဆင့် ၁၉လမ်းဘက် ထွက်နိုင်သည်။ အနောက်ဘက်သို့လည်း ပြွန်တလုံးကတဆင့် ၅၈လမ်းဘက် ထွက်နိုင်သည်။
ဂရန်မရှိမှသည် ဂရန်မဲ့သို့
———————————–
ထိုနေရာများတွင် စုံစမ်းတော့ သိန်း ၆၀ အောက်ထစ်မရှိ။ သိန်း၃၀၊ ၄၀လောက်ဆိုလည်း သူတို့ ဂရန်မြေထဲက ၁၀ပေ ၁၅ပေလောက်ပဲ ဖဲ့ရောင်းမှ ရနိုင်သတဲ့။ ထိုသို့ ဖဲ့ရောင်းဖို့မည့်သူကလည်း ရှာဖို့မလွယ်။ ဤသို့ရှာရင်း ဖွေရင်း ၅၈လမ်း အနောက်ဘက်ခြမ်း ၁၉လမ်းနဲ့ အောင်စစ်သည်လမ်းကြားတော့ ရှိနိုင်တယ်ဟု ဆိုသောကြောင့် ထိုနေရာများလည်း ရှာဖြစ်သည်။ ၂နေရာ ၃နေရာလောက်မှာ သိန်း၄၀နှင့် ရနိုင်တာတွေ့သည်။ ပေ၂၀× ပေ၃၀လောက် နေဖြစ်ရုံလေးတွေပေါ့။ ထိုအထဲက လမ်းမေးတင် ပေ၃၀ ပတ်လည်လောက် အိမ်လေးတစ်လုံးပါနေရာလေး တွေ့တော့ သဘောကျသည်။
သည်နေရာလေး မဆိုးဘူး ဟု စိတ်ကူးကာ စည်ပင်မှာ စုံစမ်းကြည့်တော့ မြေပုံမှာက လမ်းနေရာဖြစ်နေသည်။ ပိုင်ရှင်က သူတို့နေလာတာ နှစ် ၃၀ကျော်ပါပြီ။ လမ်းကလည်း တစ်ဖက်ပိတ်မို့ ဘယ်လမ်းမှ မဖောက်ပါဘူးဟု ဇွတ် အာမခံနေပြန်၏။ အခြားနေရာများကိုလည်း စည်ပင်မြေပုံမှာ ရှာကြည့်တော့ အတော်များများက ဂရန်မရှိကြ။ သို့သော် ထိုအိမ်ဝင်းများက ရပ်ကွက်ကြီးထဲမှာ အခြေကျနေသူတွေဖြစ်သည်။ သို့သော် မဝယ်ရဲ။ ဂရန်မရှိလို့ အသိမ်းခံရမည့် နေရာက ဂရန်မရှိသော အခြားနေရာကိုဖြင့် မပြောင်းချင်တော့။ မရှိမဲ့ရှိမဲ့ ဖုန်းလေး ရောင်းချပြီးမှ ဝယ်ရမှာလေ။ ဤသို့ဖြင့် ဖုန်းလေးကလည်း ဗိုလ်နေမြဲ ကျားနေမြဲ၊ ကျွန်တော်တို့လည်း သရက်ကုန်း လယ်တောအိမ်လေးမှာပဲ ဘူဒိုဇာလာခါမှသာ လာရော့ ဗိုလ်နေမြဲ ကျားနေမြဲ။ ဒါပေမယ့် ဝန်ကြီးချုပ် အသစ်ဆီ စာတင်ဖို့က ရန်ကုန်သို့ ကျွန်တော်တို့ ရဲသုံးဘော် ချီတက်ရဦးမည်။
ဝန်ကြီးချုပ်အသစ်ဆီ တင်မည့်စာ
————————————–
ဝန်ကြီးချုပ် အသစ်ထံ စာပို့နိုင်ဖို့က ဆက်စပ်လိုက်သောအခါ ကိုလင်း၏ အရင်းနှီးဆုံးမိတ်ဆွေ တစ်ယောက်က တဆင့် လမ်းကြောင်းရသည်။ ထို့ကြောင့်လည်း ရန်ကုန်သို့ မဖြစ်မနေ ဆင်းရခြင်းဖြစ်သည်။ ထိုအဆက်အသွယ်က ထိုစဉ်က ဒု ညွှန်ချုပ် အဆင့်ရှိသည်။ သူက ဝန်ကြီးချုပ်အသစ်၏ တပည့်ရင်းလည်း ဖြစ်သတဲ့။ သည်တစ်ခါ ရန်ကုန်သွားတော့ အရင်တည်းနေကျ ဘုန်းကြီးကျောင်းမှာပဲ တည်းလိုက်ကြသည်။ ထိုကျောင်းရောက်လို့ ဦးတက်တိုး သတင်း စုံစမ်းတော့ အဆက်အသွယ် ပြတ်နေသတဲ့။ သူ အပြင်မှ ရှိပါလေစ။ သူ့အိမ်ကိုလည်း သွားပြီး မစုံစမ်းရဲပေ။ ဝန်ကြီးချုပ်အသစ်ထံ စာပို့ပေးနိုင်မည့် ပုဂ္ဂိုလ်နှင့်က ချက်ချင်း အဆက်အသွယ်ရလို့ သူ့ရုံးကို လိုက်သွားရသည်။ ရုံးက မြို့လယ်ခေါင် မဟာဗန္ဓုလ လမ်းပေါ်မှာ ရှိသည်။ သူက အတော်သဘောကောင်းသည်။ တွေ့တာနှင့် ရင်းရင်းနှီးနှီး စကားပြောသည်။ ကျွန်တော့် ကလောင်ကိုလည်း သူက သိကာ သူက မန္တလေးသားမို့ ကျွန်တော့် စာအုပ်တွေကိုပင် ဝယ်စုထားကြောင်း ပြောသည်။
ကျွန်တော်တို့ ရောက်ပြီး အကျိုးအကြောင်း ပြောပြသည်နှင့် “အတော်ပဲဗျာ၊ ကျွန်တော်လည်း ဆရာ (ဝန်ကြီးချုပ်အသစ်) ဆီ သွားဖို့ရှိတယ်။ ကျွန်တော်က ပြည်ပက ပြန်လာတာ မကြာသေးဘူးဗျ၊ သင်တန်းသွားတက်ရတာ၊ အဲ့ဒီမှာ ၆လလောက်ကြာတယ်။ ကျွန်တော် အပြင် ရောက်နေတုန်း ဒီမှာ အပြောင်းအလဲတွေ ဖြစ်သွားတာ၊ ကျွန်တော့် ဆရာကို ပြန်ရောက်ကြောင်း သတင်းပို့ရင်း သူ့အိမ်ကို သွားပြီး ကန်တော့မှာဗျ၊ အဆင်သင့်ပဲ၊ ဆရာက သဘောကောင်း ပါတယ်၊ ခင်ဗျားတို့ ကိုယ်တိုင် လိုက်ပြီး အကျိုးအကြောင်း ပြောပြပြီး စာတင်ခဲ့လို့ကို ရတယ်။ ဒါမှ မဟုတ် ကျွန်တော့်က အကျိုးအကြောင်း ပြောပြပြီး ဆရာ့လက်ထဲ စာထည့်ခဲ့လို့လည်း ရတယ်” ဟု ပြောသည်။ ကျွန်တော်တို့ ၃ဦးသား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကျွန်တော်ကပဲ ဆုံးဖြတ်ပြောလိုက်ပါဟု အမူအရာနှင့် ညှိလိုက်ကြသည်။ သူ့ဆရာကို သွားကန်တော့မည့် ကိစ္စမှာ ကျွန်တော်တို့ ပါလို့ မသင့်တော်၊ ထို့ပြင် သူ့ကို မယုံကြည်လို့ ကိုယ်တိုင် လိုက်သည်ဟုလည်း အထင်မခံနိုင်။ ထို့ကြောင့် ကျွန်တော်ကပဲ “ဗိုလ်မှုး ကိုယ်တိုင်ပဲ သွားပါဗျ၊ ကျွန်တော်တို့ မလိုက်တော့ပါဘူး” ဟု ကျွန်တော်က ပြောသည်။
ကိုယ်ထိလက်ရောက် ပို့ပေးပါမယ်တဲ့
——————————————
ထို့နောက် မြေကိစ္စ မြေရာဇဝင် သေချာရှင်းပြပြီး တင်မည့် စာရွက်စာတမ်းများ သူ့လက်အပ်ကာ ပြန်ခဲ့ကြသည်။ သူက နက်ဖြန် နေ့လယ်လောက် အကျိုးအကြောင်း သိရအောင် သူ့ရုံးသို့ လာခဲ့ပါ။ သူတို့ရုံးလည်း မကြာမီရက်ပိုင်းအတွင်း ပျဉ်းမနားအနီးက အသစ်တည်နေသည့် မြို့သို့ ရွှေ့ပြောင်းရမှာမို့ ချက်ချင်းပဲ အကြောင်းပြန် ပြောပြပါမည်ဟု ဆိုသည်။ ထိုစဉ်က ထိုရက်ပိုင်းအတွင်း ပျဉ်းမနားအနီး အသစ်တည်သည့် မြို့သစ်သို့ ရုံးတွေ ပြောင်းကြရမည့် သတင်းက သွားလေရာ ကြားနေရ၏။ မြို့တော်အသစ်ဖြစ်မှာတဲ့၊ ရုံတွေ အကုန် ပြောင်းရမှာတဲ့ဟူသည်က ဝမ်းသာဖွယ်မဟုတ်ဘဲ စိုးရွံ့နေကြပုံမျိုး ဝန်ထမ်းအများစုက ပြောဆိုနေကြသည်။ ရထားပေါ်မှာ ကတည်းက ပျဉ်းမနား အနီးရောက်လျှင် လမ်းမကျယ်ကြီးတွေ ဖောက်ထားသည့် အစိပ်အပိုင်းကို မြင်ရလျှင် ပြတင်းပေါက်က ခေါင်းပြူကြည့်ပြီး မြို့အသစ်အကြောင်း သတင်းအမျိုးမျိုး ပြောကြ၏။
ကျွန်တော်တို့လည်း ရောက်သည့်အခိုက် ယခင်အခေါက်တွေကလို ဘယ်မှ မသွားဘဲ သိုသိုသိပ်သိပ် နေကြသည်။ ကရင်မ ထမင်းဆိုင်နှင့် ရွှေတိဂုံပဲ ရောက်ကြ၏။ နောက်ရက်မှာ နေ့ခင်း ၁နာရီလောက်မှာ ကျွန်တော်တို့စာကို တင်ပေးမည့် ပုဂ္ဂိုလ်၏ ရုံးသို့ သွားကြသည်။ သူက ရုံးကို မှာထားခဲ့ပုံရ၏။ အဝင်လုံခြုံရေးဌာနတွင် စာရင်းပေး လက်မှတ်ထိုးပြီးသည်နှင့် ဝန်ထမ်းတစ်ယောက်က ရုံးပေါ်ခေါ်ကာ သူ့အခန်းက စောင့်ခိုင်းသည်။ သူက အစည်းအဝေးမှာတဲ့၊ ပြီးပါပြီ ခဏနေ ရောက်ပါလိမ့်မည်ဟုလည်း ဝန်ထမ်းက ပြောသည်။
ခဏပါပဲ သူရောက်လာသည်။ တိုက်ပုံကိုချွတ်ပြီး သူ့ဆရာနှင့် တွေ့ခဲ့ပုံ၊ သူ့ကိစ္စပြောကာ ကန်တော့ပြီး ကျွန်တော်တို့ ပေးလိုက်သည့် စာကို သူ့ဆရာလက်ထဲထည့်လိုက်သတဲ့။ သူ့ဆရာ ဝန်ကြီးချုပ်အသစ်က စာကို အစအဆုံး ဖတ်ပြီး သက်ပြင်းချကာ “မင်း ဒီကိစ္စရဲ့ လက်သည်က ဘယ်သူဆိုတာ သိတယ်မို့လား” ဟု မေးသတဲ့။ သူက နာမည်မပြောဘဲ သိပါတယ်ဗိုလ်ချုပ်ဟာ ဆိုတော့ ခေါင်းရမ်းပြီး “ ခက်တယ်ကွာ၊ တိုင်းပြည်က တကယ့် နိုင်ငံရေး အကျပ်အတည်း ဖြစ်နေချိန်ကြီးမှာ” ဟု ပြောပြီး မင်းမိတ်ဆွေ မန္တလေးသားတွေကို ပြောလိုက်ပါ၊ တတ်နိုင်သလောက် ကူပါ့မယ်၊ ဥပဒေအတိုင်း ဖြစ်စေရပါမယ်” ဟု ဆိုကြောင်း ပြောပြသည်။
စကားပြောစင်ပေါ်က အဆင်သင့် စာရွက်များ
————————————————–
ထိုသို့ပြောရင်း စကားကောင်းသွားပုံက အတော်စိတ်ဝင်စားစရာ အချက်အလက်များကိုလည်း ကြားရတော့ အံ့အားသင့်ရသည်။ ဝန်ကြီးချုပ်အသစ်က တိုင်းပြည်၏ နိုင်ငံရေး အကျပ်အတည်းတွေ ပြောပြရင်း “ငါလည်း တရာခံဖြစ်နေပြီ၊” ဟု အစချီပြီး ဝန်ကြီးချုပ် အသစ်အနေနှင့် အခမ်းအနားတွေတက်ရသောအခါ စကားပြောစင်မြင့်ပေါ်တွင် မိန့်ခွန်းက အဆင်သင့် ဖြစ်နေတာ ထုံးစံအတိုင်း ဖြစ်ကြောင်း၊ ထိုမိန့်ခွန်းကိုပဲ ဖတ်လိုက်ကြောင်း၊ တချို့ အခမ်းအနားများမှ အရေးကြီးပါက မိန့်ခွန်းကို ကြိုပေးထားပြီး ဖတ်ရကြောင်းများ ပြောသည်။ “တစ်ခါတော့ကွာ၊ ပဲခူးတိုင်း ပြည်ဘက်က ဆည်ကြီးတစ်ဆည် ဖွင့်လို့ တက်ပြီး မိန့်ခွန်းပြောရတယ်။ တက်ကြတဲ့ ပရိသတ်က ရွာခံက နည်းနည်းပါ၊ မြို့ပေါ်က ဝန်ထမ်းတွေ အများဆုံးပဲ။ မိန့်ခွန်းပြောတော့ မိန့်ခွန်းစာရွက်က အရင်လိုပါပဲ စတင်းပေါ် အဆင်သင့် ရောက်နေတယ်။ ငါလည်း စာရွက်အတိုင်း ဖတ်တာပေါ့၊ တစ်နေရာရောက်တော့ မြင်ရတဲ့ စာလုံးက ဆက်ဖတ်ရမျာလား ကျော်လိုက် ရမှာလားလို့ တွေးရခက်တဲ့ စာသားတွေ ဖြစ်နေတာကွ။
ဟိုမျှော် ဒီမျှော်လုပ်မနေကြနဲ့
——————————
စာသားက ဝန်ထမ်းတွေ ဟိုအစိုးရမျှော် ဒီအစိုးရမျှော် လုပ်မနေကြဖို့၊ ဘယ်အစိုးရမှ တက်မှာမဟုတ်ဘူး၊ ဒီအတိုင်းသွားမှာ၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြ ဆိုတဲ့ သဘောပါတဲ့ စာပိုဒ်ပေါ့ကွာ၊ ငါ့မှာ ချွေးပြန်ပြန်နဲ့ အဲ့ဒီအတိုင်း ဖတ်လိုက်ရတာ၊ ဝန်ကြီးချုပ်အသစ်ကတော့ ကြမ်းပြီပေါ့ကွာ။ ဒါကလည်း အခုမှ မဟုတ်ဘူးကွ၊ ငါ ဒီတာဝန်မယူရခင် လွန်ခဲ့တဲ့နှစ် မေလပေါ့ကွာ၊ တာဝန်နဲ့ ချင်းပြည်နယ် သွားရတယ်။ ချင်းပြည်နယ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ပြီး ရဟပ်ယာဉ်နဲ့ မုံရွာ ပြန်ရတာပေါ့။ မုံရွာ န.မ.ခ ရောက်တော့ ရန်ကုန်ကို ပြန်ရောက်ကြောင်း သတင်းပို့တော့ န.မ.ခမှာ ညအိပ်ပါဦး၊ နောက်ရက်မှ ပြန်ပါလို့ ညွှန်ကြားတော့ ညအိပ်ရတာပေါ့ကွာ၊ အဲ့ဒါ မေ ၃၀ ရက်ညပဲ။ နောက်ရက်မှ သတင်းတွေ သိလိုက်ရတော့ ငါက ကမ္ဘာကျော် တရားခံကြီး ဖြစ်သွားပြီ ဆိုတာပဲကွ။
ဒါကြောင့်ပြောတာ တိုင်းပြည်မှာက တကယ့် နိုင်ငံရေး အကျပ်အတည်းတွေ၊ နိုင်ငံတကာ ဖိအားတွေ၊ ဒီလိုအချိန်မှာ ဒီလိုကိစ္စတွေ ကြားနေရတာ စိတ်မကောင်းဘူးကွာတဲ့။ ထိုအကြောင်းအရာတွေ ကြားရတော့ ကျွန်တော်လည်း အံ့သြသွားသည်။ ဦးတက်တိုးက ကြိုပြောခဲ့သည့် တတိယအုပ်စု ဆိုတာတွေနှင့် ဉာဏ်မီသလောက် စဉ်းစားမိသည်။ သည်လို အချိန်မှာ ကျွန်တော်တို့ သရက်ကုန်း ဆီမီးခွက်လောက် မြေကိစ္စ ဟိုလူ့နားပူရ သည်လူ့ နားပူရနှင့် မြွေပူရာ ကင်းမှောင့် သခွပ်ပင်က မီးတကျီကျီလုပ်နေရတာ မျက်နှာပူ အားနာလိုက်ပါဘိ။ ကျွန်တော်တို့လည်း ထိုည ရထားနှင့်ပင် မန္တလေးသို့ ပြန်ခဲ့ကြ တော့သည်။ မန္တလေးမှာ ဘာများထူးဦးမှာပါလိမ့်။
