(ကုန်သွယ်ရေးကွင်းဆက်၊ နိုင်ငံတော်တာဝန်နဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး)
ဒေါက်တာဖိုးဖြူ
(ဥပဒေရေးရာ ဘောဂဗေဒပညာရှင်)
၁။ ကုန်ဈေးနှုန်းတက်တာကို ဘယ်လို နားလည်မလဲ?
နယ်စပ်မှာ စားသုံးဆီတင်ထားတဲ့ ကားတစ်စီး ရပ်နေတယ်။ ကုန်သည်က လိုင်စင်ရဖို့ စောင့်နေတယ်။ ကားသမားက သယ်ယူခနဲ့ လမ်းအခြေအနေကို တွက်ချက်နေတယ်။
အဲဒီအချိန် ရန်ကုန်က အိမ်ရှင်မတစ်ယောက်က ဈေးထဲမှာ မေးခွန်းထုတ်နေတယ်— “နယ်စပ်မှာ ကုန်တွေ ဖမ်းနေတာ ဈေးသက်သာဖို့လား၊ ငါတို့ ပိုပေးဝယ်ရဖို့လား?
ဒီမေးခွန်းက သိပ်ကျယ်ပြန့်ပါတယ်။ ကုန်ဈေးနှုန်းတက်တာဟာ ကုန်သည်တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ တရားမဝင်ကုန်သွယ်မှု၊ ဈေးကစားမှု၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုစတဲ့ အကြောင်းရင်းတွေ အများကြီး ရှိနေပါတယ်။
ဒါကြောင့် မူဝါဒတစ်ခုကို ချမှတ်ရင် ကုန်ပစ္စည်းစီးဆင်းမှု မှန်မမှန်နဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ဘယ်လောက်ထိခိုက်မလဲဆိုတာနဲ့ ချိန်ထိုးတိုင်းတာဖို့ လိုပါတယ်။
၂။ ကုန်သွယ်ရေးကွင်းဆက်ဆိုတာ ဘာလဲ?
လယ်သမားကနေ စားသုံးသူလက်ထဲရောက်တဲ့အထိ အဆင့်တိုင်းမှာ သယ်ယူပို့ဆောင်ခ၊ သိုလှောင်ခ၊ အခွန်၊ လိုင်စင်စောင့်ရတဲ့ အချိန်စရိတ်တွေ (Transaction Costs) အမြဲရှိနေပါတယ်။
ဒီကွင်းဆက်ထဲက တစ်နေရာရာမှာ ကြန့်ကြာသွားရင်၊ ဥပမာ- နယ်စပ်မှာ ကားတွေ ပိတ်မိနေရင် ကုန်ကျစရိတ်တွေ တက်လာပါမယ်။ ဒီစရိတ်တွေ တက်လာရင် ကုန်သည်က အရှုံးခံမှာ မဟုတ်တဲ့အတွက် နောက်ဆုံးမှာ စားသုံးသူကပဲ ဈေးပိုပေးပြီး ဝယ်ရပါတော့တယ်။
ဒီနေရာမှာ နိုဘယ်ဆုရှင် ဘောဂဗေဒပညာရှင်ကြီး ရော်နယ် ကို့စ် (Ronald Coase) ၏ “အရောင်းအဝယ် ကုန်ကျစရိတ် သီအိုရီ (Transaction Cost Theory)” ကို အထောက်အပံ့အဖြစ် လေ့လာကြည့်နိုင်ပါတယ်။
သူ့သီအိုရီရဲ့ တင်ပြချက်အရတော့ အရောင်းအဝယ်တစ်ခုလုပ်တိုင်း ပစ္စည်းတန်ဖိုးအပြင် သတင်းအချက်အလက် ရှာဖွေရတဲ့စရိတ်၊ ညှိနှိုင်းရတဲ့စရိတ်၊ စောင့်ဆိုင်းရတဲ့စရိတ်တွေ အမြဲရှိနေတတ်ပါတယ်။
ကျွန်တော်တို့ဆီမှာ နယ်စပ်ဂိတ်တွေ ပိတ်တာ၊ လိုင်စင်စောင့်ရတာ၊ လမ်းခရီးမှာ စစ်ဆေးမှုများပြားတာတွေဟာ ကြီးမားလှတဲ့ Transaction Costs တွေဖြစ်ပြီး အဲဒီစရိတ်တွေက ကုန်ပစ္စည်းတန်ဖိုးထဲ ပေါင်းဝင်သွားတာကြောင့် နောက်ဆုံးမှာ အိမ်ရှင်မတွေကပဲ စိုက်ထုတ်ပေးရတာ ဖြစ်ပါတယ်။
၃။ ဖမ်းဆီးတာက ဈေးနှုန်းကို ကျစေနိုင်သလား?
ဈေးတက်တာဟာ ရည်ရွယ်ချက်ရှိရှိ သိုလှောင်တာ၊ ဈေးကစားတာ၊ လက်ဝါးကြီးအုပ်တာဆိုရင်တော့ ဖမ်းဆီးအရေးယူတာ မှန်ပါတယ်။ ဒါဆိုရင် ပစ္စည်းတွေ ဈေးကွက်ထဲ ပြန်ရောက်လာပြီး ဈေးနှုန်း ကျလာနိုင်ပါတယ်။
ဒါပေမဲ့ အရေးယူမှုတိုင်းဟာ ဥပဒေနဲ့အညီ ဖြစ်ရမယ်၊ သက်သေခိုင်လုံရမယ်၊ တရားဝင် လုပ်ကိုင်နေတဲ့ ကုန်သည်တွေ မထိခိုက်အောင် စိစစ်နိုင်ရပါမယ်။
ဖမ်းဆီးတာတစ်ခုတည်းနဲ့ ပြဿနာမပြေလည်ပါဘူး။ တရားဝင်လုပ်ကိုင်ဖို့ ခက်ခဲနေတာ၊ လိုင်စင်ရဖို့ ကြန့်ကြာနေတာတွေကို မဖြေရှင်းဘဲ ဖမ်းဆီးမှုတွေချည်း များလာရင် တရားဝင်
ကုန်သည်တွေပါ ဈေးကွက်ထဲကနေ ထွက်သွားနိုင်ရပါတယ်။ အဲဒီအခါ ကုန်ပစ္စည်းရှားပါးပြီး ဈေးတွေ ပိုတက်သွားမယ့် အန္တရာယ် ရှိပါတယ်။
ဈေးကွက်သဘောတရားကို နိုဘယ်ဆုရှင် ဖရီးဒရစ် ဟာယက် (Friedrich Hayek) ၏ “ဈေးနှုန်း သတင်းအချက်အလက် သီအိုရီ (Price Signal Theory)” ဖြင့် ရှင်းပြရလျှင် ဈေးနှုန်းဆိုတာ ရှားပါးမှုနဲ့ ဝယ်လိုအားကို ပြသနေတဲ့ အချက်ပေးခေါင်းလောင်းသံလေးပဲ ဖြစ်ပါတယ်။
ခေါင်းလောင်းမြည်လာတာကို မကြိုက်လို့ ခေါင်းလောင်းတီးတဲ့သူ (ကုန်သည်) ကို ဖမ်းဆီးလိုက်ရုံနဲ့ အိမ်ထဲက မီးလောင်နေတဲ့ ပြဿနာ (ရှားပါးမှုနဲ့ ငွေကြေးဖောင်းပွမှု) က ငြိမ်းသွားမှာ မဟုတ်ပါဘူး။
ဒါ့ပြင် ဂယ်ရီ ဘက်ကာ (Gary Becker) ၏ “ပြစ်မှုဆိုင်ရာ ဘောဂဗေဒ (Economics of Crime)” အရ တရားဝင်ကုန်သွယ်ဖို့ ဥပဒေလမ်းကြောင်းတွေ အရမ်းကျပ်တည်းလာရင် ကုန်သည်တွေဟာ ဖမ်းဆီးခံရနိုင်ခြေ (Risk) ကို တွက်ချက်ပြီး မှောင်ခိုလမ်းကြောင်းကို ရွေးချယ်လာကြပါလိမ့်မယ်။
အန္တရာယ်များလေ၊ ဈေးပိုတင်လေ ဖြစ်တာကြောင့် ဖမ်းဆီးမှုချည်းသက်သက်ဟာ ဈေးကွက်ကို မကယ်တင်နိုင်ပါဘူး။
၄။ နိုင်ငံတကာ ကုန်သွယ်ရေးစံနှုန်းတွေက ဘာပြောသလဲ?
ဒုတိယကမ္ဘာစစ်အပြီးမှာ ဥရောပနိုင်ငံတွေဟာ စီးပွားရေးပြန်လည်ထူထောင်ဖို့ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေထက် ပူးပေါင်းဆောင်ရွက်မှုကို ရွေးချယ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာ WTO (ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့) နဲ့ AFTA (အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ) အဖွဲ့ဝင် ဖြစ်တဲ့အတွက် ကုန်သွယ်ရေးအတားအဆီးတွေကို မလိုအပ်ဘဲ တိုးမြှင့်ခွင့် မရှိပါဘူး။ အကောက်ခွန်၊ လိုင်စင်နဲ့ နယ်စပ်လုပ်ငန်းစဉ်တွေကို မြန်ဆန်ပွင့်လင်းအောင် လုပ်ဆောင်ပေးရမယ့် တာဝန်ရှိပါတယ်။
ကုန်သွယ်ရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး သမိုင်းကပေးတဲ့ အမှားအယွင်း အတက်အကျ သင်ခန်းစာတွေ အများကြီးရှိပါတယ်။
၁၉၃၀ ပြည့်လွန်နှစ်များက အမေရိကန်ပြည်ထောင်စုရဲ့ ကမ္ဘာကျော် စမု-ဟောလေ အကောက်ခွန်ဥပဒေ (Smoot-Hawley Tariff Act) ဟာ ကြီးမားတဲ့ သမိုင်းဝင်အမှားကြီး ဖြစ်ခဲ့ပါတယ်။
ပြည်တွင်းစီးပွားရေးကို ကာကွယ်ဖို့ဆိုပြီး သွင်းကုန်တွေကို ကန့်သတ်ပိတ်ဆို့လိုက်တဲ့အခါ တခြားနိုင်ငံတွေကလည်း လက်စားချေ ပိတ်ဆို့ကြပါတယ်။ ရလဒ်ကတော့ ကမ္ဘာ့ကုန်သွယ်ရေး ၆၆% ကျဆင်းသွားပြီး စီးပွားပျက်ကပ်ကြီး (Great Depression) ပိုမိုဆိုးရွားသွားခဲ့ပါတယ်။
အလားတူပဲ ၁၉ ရာစုက နပိုလီယန်ရဲ့ ဥရောပတိုက် ပိတ်ဆို့မှု (Continental System) ဟာလည်း ဗြိတိန်ကို ဒုက္ခပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် တကယ်တမ်းမှာ ဥရောပတစ်ခွင် မှောင်ခိုဈေးကွက်တွေ ကြီးထွားလာပြီး ပြည်သူတွေသာ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို ခံခဲ့ရပါတယ်။
ဂန္ထဝင် ဘောဂဗေဒပညာရှင် ဒေးဗစ် ရီကာဒို (David Ricardo) ရဲ့ “နှိုင်းယှဉ်အားသာချက် သီအိုရီ (Comparative Advantage)” အရ နိုင်ငံတိုင်းဟာ မိမိအားသာတဲ့ ကုန်ပစ္စည်းကို ထုတ်လုပ်ပြီး အချင်းချင်း လွတ်လပ်စွာ ကုန်သွယ်ခြင်းကသာ အားလုံးကို ချမ်းသာကြွယ်ဝစေပါတယ် လို့ ဖေါ်ထုတ်တင်ပြခဲ့ပါတယ်။
ဥရောပနိုင်ငံတွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ အပျက်အစီးတွေကြားကနေ ဒီသီအိုရီကို လက်တွေ့အသုံးချပြီး ဥရောပစီးပွားရေးအသိုက်အဝန်း (EU) ကို တည်ထောင်ကာ အချင်းချင်း ကုန်သွယ်ရေးအတားအဆီးတွေကို ဖယ်ရှားခဲ့လို့ ဒီကနေ့ခေတ်လို ချမ်းသာကြွယ်ဝလာတာ ဖြစ်ပါတယ်။
ဒေါက်တာဖိုးဖြူ
(ဥပဒေရေးရာ ဘောဂဗေဒပညာရှင်)
