နိုဝင်ဘာ ၂၀ – ၂၀၂၆
SN (VOM)
လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အနာဂတ်နဲ့ လူမှုအသိုင်းအဝိုင်းကြား ဖြစ်ပေါ်နေတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို VOM က အခုလို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
မေး – လက်ရှိ ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေမှု အခြေအနေနဲ့ အနာဂတ် နိုင်ငံရေးမျှော်မှန်းချက်ကို ဘယ်လိုမြင်ပါသလဲ။
ဖြေ – အုပ်ချုပ်ရေးယန္တရား ဆိုတာကတော့ နှစ်မျိုးရှိတာပေါ့။ ပထမတခုကတော့ အစိုးရအုပ်ချုပ်နေတဲ့ ယန္တရား။ နောက်တခုက လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ AA က အုပ်ချုပ်နေတဲ့ ယန္တရား။ ရခိုင်ပြည်မှာ အဲဒီလိုပုံစံမျိုး နှစ်ခုဖြစ်နေတယ်။ ဆိုတော့ စိတ်ပူစရာတွေက အများကြီးရှိတယ်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် အဲဒီဘက်တွေမှာဆိုရင် ရသေ့တောင်ကတော့ အဲဒီလောက်ထိ စိတ်ပူစရာ မရှိသေးပေမယ့် ဘူးသီးတောင်၊ မောင်တောဘက်မှာကတော့ ၁၉၄၂ ခုနှစ်ကတည်းကလည်း စိတ်ပူခဲ့ရတာတွေ အများကြီးရှိတယ်။ နောက်ပိုင်း ၂၀၁၇ မှာဆိုရင်လည်း အင်မတန်မှကို ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်အထိကို နယ်စပ်ဒေသ မတည်ငြိမ်မှုတွေ ဖြစ်ခဲ့တာရှိတယ်။
ရခိုင်ပြည်ရဲ့ လူဦးရေက တအားကျဆင်းလာတယ်။ အဲဒီလို ကျဆင်းလာတော့ ရခိုင်မျိုးနွယ်စုတွေဖြစ်တဲ့ သက်၊ ခမီ၊ ဒိုင်းနက် စတဲ့ မောင်တောဒေသမှာ အခြေစိုက်ကြတဲ့ လူနည်းစုတွေဆိုရင် တအားကို နည်းလာကြတယ်။ ဒီလိုဖြစ်လာတော့ ရခိုင်ပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားကို ကိုင်တွယ်နေတဲ့လူတွေက အဓိကကျလာတယ်လို့ မြင်တယ်။ အဲဒီ ဘူးသီးတောင်၊ မောင်တောဘက်ကို ဘယ်လိုကာကွယ်မှာလဲ။ အဲဒါက ရခိုင်ပြည်နယ်ရဲ့ အနောက်ဘက်တံခါးလည်း ဖြစ်တယ်။ အနောက်တံခါး ကျိုးတယ်ဆိုရင် မြန်မာနိုင်ငံရဲ့တံခါးကြီး ပွင့်ထွက်သွားသလိုဖြစ်တယ်။ အဲဒါကို အုပ်ချုပ်ရေးယန္တရားကို ကိုင်တွယ်နေကြတဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အင်မတန်မှ ဂရုစိုက်ရမယ့် အနေအထားရှိတယ်လို့ ပြောချင်တယ်။
ရခိုင်ပြည်မှာအခု လူဦးရေကျဆင်းမှုက တအားများလာတယ်။ ရခိုင်ပြည်ကလူတွေက ဘူးသီးတောင်၊ မောင်တောကို စွန့်ခွာပြီးမှ ထွက်လာကြတဲ့သူတွေများတယ်။ စစ်တွေမြို့ ဆိုရင်လည်း လူဦးရေ ပေါက်ဖွားနှုန်းက တအားကို ကျဆင်းလာတယ်လို့ အကြမ်းအားဖြင့် သုံးသပ်မိတယ်။ စာရင်းကောက်ယူထားတာတော့ မဟုတ်သေးဘူး။ ဒါပေမယ့် ပါတီကတော့ စာရင်းကောက်ဖို့ စဉ်းစားနေတာတော့ ရှိတယ်။ စစ်တွေမြို့ရဲ့ လူဦးရေအနေအထားတွေကို စာရင်းကောက်ကြည့်ရမယ်။ စစ်တွေမြို့ တခုတည်းတင်မဟုတ်ဘူး။ မြို့နယ်တိုင်း၊ မြို့နယ်တိုင်းမှာ လူဦးရေ ပေါက်ဖွားမှုတွေကို သန်းခေါင်စာရင်း ကောက်သလိုပုံစံမျိုး ကောက်ယူဖို့အတွက်ကတော့ လက်မနှေးသင့်တော့ဘူးလို့ မြင်တယ်။
ရခိုင်က အခုတော့ တိုက်ပွဲဖြစ်နေတာပေါ့လေ။ တိုက်ပွဲဖြစ်နေတာက အစိုးရနဲ့ ရခိုင်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကြားမှာ တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲမဖြစ်ဘဲနဲ့ ရခိုင်ပြည် ဆုံးရှုံးသွားနိုင်တဲ့ အနေအထားတွေလည်း ရှိတယ်။ တိုက်ပွဲဖြစ်စရာမလိုဘူး၊ ရခိုင်ပြည်က ဆုံးရှုံးလာနိုင်တယ်။ အဲဒါတွေကို ကြိုတင်တွေးမြင်နေတာတွေ ရှိပါတယ်။
မေး – ဟုတ်ကဲ့။ တိုက်ပွဲမဖြစ်ဘဲနဲ့ ဆုံးရှုံးလာနိုင်ခြေ ရှိတယ်ဆိုတာက လူမျိုးရေး ဝါးမျိုမှုကို ပြောချင်တာလား။
ဖြေ – မှန်တာပေါ့။ လူမျိုးရေး ဝါးမျိုမှု။ ရခိုင်မှာ မိသားစုတစုမှာ တနှစ်မှာ လူဦးရေ တယောက် မပွားဘူး။ တချို့ လူမျိုးတွေမှာကျတော့ တနှစ်မှာတယောက်က ပုံမှန်ပွားနေတဲ့ အနေအထားရှိသလို အိမ်တဆောင်မှာ နှစ်ယောက် ပွားနေတာလည်းရှိတယ်။ နယ်စပ်ဒေသတွေမှာဆိုရင် အိမ်တဆောင်မှာ သုံးယောက်ပွားနေတာလည်း ရှိနိုင်တဲ့အနေအထားတွေ ရှိတယ်။ အဲဒါကြောင့် ဒါတွေကအစ စာရင်းကောက်ယူ စစ်ဆေးဖို့က အင်မတန်မှ အရေးကြီးလာတယ်။
ရခိုင်တွေကလည်း အိမ်ထောင်ရက်သားနဲ့ နေနိုင်တဲ့အနေအထားက တော်တော်နည်းလာတယ်။ လူတော်တော်များများက အခုဆို အလုပ်ရှာဖို့ဆိုပြီး တရုတ်နယ်စပ်ကို ထွက်ကြတာ၊ မလေးရှားကို ထွက်ကြတာ၊ ထိုင်းကိုထွက်ကြတာ စသည်အားဖြင့် ရှိလာတယ်။ အိမ်ထောင်အတည်တကျနဲ့ နေလို့ရတဲ့ ပုဂ္ဂိုလ်တွေက တအားနည်းတယ်။ အိမ်ထောင်ရှိတဲ့သူတွေကလည်း သားသမီးပေါက်ဖွားနှုန်း နည်းလာတယ်။ အဲဒီလို အနေအထားတွေရှိတော့ ရခိုင်ပြည်ရဲ့ အနေအထားက တော်တော်ကို ကြောက်စရာကောင်းလာတယ်လို့ ပြောချင်တယ်။
မေး – ရခိုင်ပြည်နယ် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လက်ရှိရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ – အခုလောလောဆယ်မှာတော့ အကြီးမားဆုံးစိန်ခေါ်မှုက နှစ်ခုရှိတယ်။ တခုကတော့ အနောက်ဘက်တံခါး ပြဿနာ၊ နောက်တခုကတော့ တိုက်ပွဲပြဿနာပေါ့။ တိုက်ပွဲပြဿနာထဲမှာ တိုက်ပွဲ မဝင်တဲ့ပုဂ္ဂိုလ်၊ တိုက်ပွဲမှာ မပါနိုင်တဲ့ပုဂ္ဂိုလ် ဆိုလို့ရှိရင် ရခိုင်တွေက သစ္စာဖောက်ဆိုပြီး စွပ်စွဲလာကြတာတွေ ရှိတယ်။ တိုက်ပွဲ ဝင်တဲ့သူက သူရဲကောင်း၊ တိုက်ပွဲကို တခြားနည်းလမ်းနဲ့ သွားမယ်ဆိုတဲ့သူက သစ္စာဖောက် ဆိုပြီးတော့မှ ရခိုင်တွေထဲမှာ စွပ်စွဲလာကြတဲ့ စိတ်တွေ၊ အယူအဆတွေ အဲဒါတွေက အင်မတန်မှ စိုးရိမ်ဖွယ်ရာတွေ ဖြစ်လာတယ်။
အဓိက က လူတွေရဲ့ သဘောသဘာဝအရက သူများ မိုးခါးရေသောက်ရင် သောက်ရတယ်ဆိုတဲ့ အရင်က အစဉ်အလာတွေလည်း ရှိခဲ့ဖူးတယ်။ ရခိုင်တွေရဲ့ အနေအထားက အဲဒီလိုဖြစ်နေတယ်။ ဆိုတော့ ရခိုင်ပြည် တည်တံ့ခိုင်မြဲရေးကို လုပ်ရင်းနဲ့ ကျဆုံးသွားနိုင်တယ်။ ကျွန်မတခါ အင်တာဗျူးတခုမှာလည်း ပြောဖူးတယ်။ အရင်က ၁၇၈၄ ခုနှစ်မှာတုန်းက ရခိုင်တွေ ပျက်စီးဆုံးရှုံးသွားတယ်၊ လူဦးရေ ကျဆင်းသွားတယ် ဆိုတာက အများအားဖြင့် မြောက်ဦးနဲ့ ကျောက်တော် ဖြစ်တယ်။ အခုဆိုလို့ရှိရင် ရခိုင်တပြည်လုံး ပျက်စီးသွားနိုင်တယ်။
“ဒုတိယအကြိမ် ကျဆုံးခန်း” ဆိုတဲ့ အနေအထားမှာဆိုရင် ပိုပြီးတော့မှ ရခိုင်တပြည်လုံး အရင်ထက် အဆပေါင်းများစွာ ပျက်စီးမယ့်အနေအထားကို ရောက်သွားနိုင်တယ်လို့ တခါအင်တာဗျူး ဖြေဖူးတယ်။ အခုလက်ရှိ အနေအထားက အဲဒီလိုပုံစံမျိုးတွေ ဖြစ်နေတယ်။
မေး – နောက်တခု မေးမြန်းချင်တာက နယ်စပ်ရေးရာ စီမံခန့်ခွဲမှု အပိုင်းပါ။ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေ မရှိစေဖို့အတွက် ဘယ်လိုတင်းကျပ်တဲ့ မူဝါဒတွေ၊ စီမံခန့်ခွဲမှုတွေ လိုအပ်ပါသလဲ။
ဖြေ – အစိုးရအဆက်ဆက်မှာ အားနည်းချက်တွေ အများကြီး ရှိခဲ့တယ်။ ဗြိတိသျှအစိုးရ လက်ထက်မှာဆိုလို့ရှိရင်လည်း လယ်ကူလီတွေ အများကြီး သွင်းခဲ့တယ်။ နောက်ပြီး ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် တိုက်ပွဲဖြစ်တဲ့ အချိန်အခါမှာလည်း အတောမသတ်တဲ့ လူတွေက ရခိုင်ပြည်ကို ဝင်ရောက်လာခဲ့တယ်။ အင်မတန်မှ စစ်ပွဲကြီးတွေ ဖြစ်နေတော့ စစ်ပွဲကို ရှောင်လွှဲဖို့အတွက် ရခိုင်ပြည်ကို ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေဆိုရင် အင်မတန်မှ ကြောက်စရာ ကောင်းလောက်အောင်အထိ ပုံစံမျိုး ဝင်ရောက်လာကြတာတွေ ရှိခဲ့တယ်။ သူတို့တွေက ဒီနေရာမှာ အတည်တကျ နေထိုင်လာကြတယ်။ လုပ်ကိုင်စားသောက်လာကြတယ်။ အဲဒီလို ပုံစံမျိုးတွေကတဆင့်ပေါ့။ ဒေသခံ ရခိုင်တွေကလည်း ဗုဒ္ဓဘာသာလူမျိုးတွေက ကြင်နာမှုတွေများတယ်။ လူတယောက် ငတ်မွတ်ခေါင်းပါးလာတယ်ဆိုရင် ကူညီကြတာရှိတယ်။
အဲဒီလို အသိစိတ်ဓာတ် ရှိတာက ကောင်းပါတယ်။ ဒါပေမယ့် အုပ်ချုပ်တဲ့ ယန္တရားထဲမှာ လိုအပ်ချက်တွေက အများကြီး ရှိခဲ့တယ်။ ပြီးရင် လူဦးရေထိန်းကျောင်းမှု စနစ်တွေကိုလည်း အကောင်အထည် မဖော်နိုင်ခဲ့ကြဘူး။ နောက်တခု နိုင်ငံရေးအရ အသုံးချခဲ့ကြတာတွေရှိတယ်။ အဲဒီလို ပုံစံမျိုးတွေကြောင့် အခက်အခဲတွေ အများကြီး ကြုံခဲ့ရတာတွေရှိတယ်။ နောင်အနာဂတ်မှာဆိုရင် အဲဒီပြဿနာက ရခိုင်ပြည်အတွက် သက်သက်မဟုတ်တော့ဘူး။ မြန်မာတနိုင်ငံလုံးရဲ့ ပြဿနာ ဖြစ်သွားတယ်။ အခုဆိုလို့ရှိရင် ကမ္ဘာ့ပြဿနာအထိ ဖြစ်လာတယ်။ ဒါတွေကိုလည်း အင်မတန်မှ စိတ်ပူပန်စွာနဲ့ပဲ စကားပြောနေရတဲ့ အနေအထားတွေ ရှိတယ်လို့ ယေဘုယျအားဖြင့် ပြောချင်တယ်။
မေး – ဟုတ်ကဲ့။ နောက်တခုက စီးပွားရေး၊ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး မေးချင်တာပါ။ ဆရာမ ခုဏကပြောသွားတဲ့အထဲမှာလည်း ပါသွားပါတယ်။ ရခိုင်ပြည်နယ်အတွင်းက လူငယ်တော်တော်များများ ပြည်ပကို ထွက်ကုန်ကြတယ်ဆိုတာ။ ဒီလို ဖြစ်နေတာတွေကြောင့် ဒေသတွင်းမှာ လူဦးရေ လျော့နည်းလာတဲ့ ပြဿနာ ရှိလာတယ်ဆိုတော့ ဒါကို ဘယ်လိုပြန်ပြီး ကုစားသင့်ပါသလဲဆရာမ။
ဖြေ – ရခိုင်ပြည်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးဖို့လိုတယ်။ ပြီးရင် နိုင်ငံရေး လွတ်လပ်ခွင့်၊ စီးပွားရေးလွတ်လပ်ခွင့် အများကြီး လိုအပ်သေးတယ်။ အဲဒါကြောင့် ဒေသတည်ငြိမ်ရေး ရှိဖို့လိုတယ်။ တည်ငြိမ်ရေး ဆိုတာမှာ စစ်ပွဲရပ်ရုံနဲ့ မရဘူး။ စစ်ပွဲ ရပ်တာနဲ့ ဒေသ တည်ငြိမ်တယ်လို့ ပြောလို့မရသေးဘူး။ စစ်ပွဲလည်း ရပ်ရမှာဖြစ်သလို အုပ်ချုပ်ရေးယန္တရားက ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့လိုတယ်။ ပြီးရင် ကိုယ့်ဒေသမှာကိုယ် ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နိုင်ဖို့ လိုတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့အညီ အကောင်အထည်ဖော်ရမှာတွေ အများကြီး ရှိသေးတယ်။ အဲဒါကတော့ တထိုင်တည်း ပြောလို့တော့ မပြီးဘူး။
မေး – အိမ်နီးချင်း ဆက်ဆံရေး၊ ကုန်သွယ်ရေးပိုင်းနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာဆိုတော့ နယ်စပ်ကုန်သွယ်ရေးနဲ့ လုံခြုံရေးကြားမှာ ဘယ်လိုဟန်ချက်ညီအောင် ထိန်းညှိဆောင်ရွက်သင့်တယ်လို့ ထင်မြင်မိပါသလဲ။
ဖြေ – နယ်စပ်ဒေသ ကုန်သွယ်ရေးမှာဆိုရင် ကျွန်မတို့ ငယ်ငယ်တုန်းကပေါ့။ ဘင်္ဂလားဒေ့ရှ်လူတွေ ရခိုင်မှာလာပြီး စပါးဝယ်ကြတယ်။ ကိုယ်တိုင်က လက်တွေ့ မြင်ဖူးတယ်။ ပြီးတော့ နွားတွေ၊ ဆိတ်တွေ၊ သားငါးတွေ လာဝယ်ကြတာရှိတယ်။ ဒီဘက်ကမ်းကပဲ ဝယ်ကြတာ။ အခုက နှစ်ပေါင်း ၄၀ ကျော်၊ ၅၀ လောက်အတွင်းကိုတောင် ဝင်နေပြီ။ ဘင်္ဂလားဒေ့ရှ်ဘက်ကမ်းကို သွားရောင်းရတယ်။ အဲဒီတော့ ပစ္စည်းတွေက ဟိုဘက်ကမ်းကို ရောက်သွားတဲ့အခါမှာ ဈေးနှိမ်မှုတွေ တအားခံရတယ်။ သူတို့ လာဝယ်တာနဲ့ သွားရောင်းတာနဲ့ မတူဘူး။
အဲဒါတွေကလည်း အစိုးရအချင်းချင်း ဆက်ဆံရေးနဲ့ ကုန်သွယ်ရေးစနစ်တွေကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူးသတိထားပြီး လုပ်ဆောင်ရမယ့် ကိစ္စတွေ ရှိပါတယ်။ ကုန်သွယ်ရေး လုပ်ငန်းတွေကို မောင်တောမှာ ဖွင့်ပေးဖို့လိုတယ်။ မောင်တောကမ်းခြေ တလျှောက်ပေါ့။ အဲဒီလိုမျိုး ဖွင့်ပေးဖို့လိုတယ်လို့ ပြောဖူးတာတွေလည်းရှိတယ်။ ဆိုတော့ စနစ်တွေကို အများကြီး သေချာစဉ်းစားပြီးတော့မှပဲ အကောင်အထည် ဖော်ရမှာတွေရှိသလို၊ နယ်စပ်လုံခြုံရေး ကိစ္စတွေက ဘယ်လိုလုပ်ရမှာလဲ ဆိုတာမျိုးကို အစိုးရ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက တကယ့်ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်တယ်ဆိုတာထက် အထူးသတိပြုပြီးမှ လုပ်ဖို့ လိုအပ်တယ်။ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို စနစ်တကျ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်။
-ကျေးဇူးအများကြီး တင်ပါတယ်။
Photo – CJ
