ဆူးငှက်
ပိုက်ဆံလိုရင် ကြော်ငြာပါ့လား
———————————-
ကျွန်တော်က စာရေးသည့် ဝင်ငွေ တစ်ပဲ ခြောက်ပြားပဲရသည်ကိူ ငြီးတွားနေတော့ အချို့က အခြား ဝင်ငွေ ရသည့် လုပ်ငန်းတွေကိုတော့ မလုပ်ရကောင်းလားဟု အပြစ်တင်ကြမည်။ ကျွန်တော်ကလည်း စာပေ အနုပညာလုပ်ငန်းပဲ လုပ်တတ်တာပါဟု ဆင်ခြေပေးမည်။ ထိုအခါ စာပေနဲ့ ဆက်နွယ်တဲ့ ခေတ်ပေါ် လုပ်ငန်းတွေလည်း လုပ်လို့ရတာပဲ၊ ဝင်ငွေလည်း ကောင်းနိုင်တယ်လေ ဟု အကြံပေးတော့ ဘယ်လိုလုပ်ငန်းများပါလိမ့် ခင်ဗျာဟု ကျွန်တော်က မေးမိသည်။ ဒီလိုပေါ့ခင်ဗျာ၊ ဥပမာပေးတာပါ၊ ဈေးချိုမှာ ကွန်ဒိုအရောင်းရှိတယ်ဆိုပါစို့၊ ဆရာက ဈေးချိုဆိုတာ မင်းတုန်းမင်းကြီး မြို့ပန္နက် တည်တုန်းကတည်းက ပါခဲ့တာပါ။ မူလက ဈေးကြိုလို့ခေါ်တာပါ။ အင်းဝနေပြည်တော်၊ အမရပူရ နေပြည်တော်တွေ ကတည်းက ဈေးကြိုဆိုတာ ရှိခဲ့တာပါ။
ရတနာပုံခေတ်မှာ မလွန်လက်ကားဈေးကြီး အကြို လက်လီလက်ကား ရောင်းဝယ် တာမို့ ဈေးကြိုခေါ်တာပါ။ ကိုလိုနီခေတ် ၁၂၆၅ခုနှစ်မှာ အီတလီက မီလန်ဈေးကြီးပုံစံ အတုယူပြီး အုတ်ကာသွပ်မိုး ဈေးရုံကြီး ၁၂ရုံ တည်ဆောက်ခဲ့ပြီး ကမ္ဘာကျော်အောင် ထင်ရှားခဲ့တာပါ။ ဒီလို ဘူမိနက်သန်နေရာမှန်မှာ ခေတ်မီခမ်းနားစွာ ပေါ်ထွန်းလာတဲ့ ကွန်ဒိုကြီးက အခန်းတွေကို ပိုင်ဆိုင်ဖို့ အခွင့်အရေးဟာ ကံကောင်းထောက်မစွာ လူကြီးမင်းတို့ မိသားစု လက်ဝယ်ရောက်ရှိလာခြင်းဟာ အံ့မခန်း ဆုလာဘ်ကြီးပါ ဘာညာ ကြော်ငြာပေးပြီး ကွန်ဒို အရောင်းမြှင့်တင်ရေး ကြော်ငြာ လုပ်ပေးလို့ရတာပဲ။ ဒါဆို သူဌေးဆီကလည်း ဉာဏ်ပူဇော်ခ သိန်းဆယ်ဂဏန်း ရနိုင်တာပဲဗျ၊ ဒီလိုပဲ သမိုင်းဝင် ဓားတန်းဝင်းက ကွန်ဒိုတို့၊ ရွာဟိုင်းဈေးက ကွန်ဒိုတို့ကိုလည်း သမိုင်းနဲ့ချီတဲ့ အချက်အလက်တွေနဲ့ ကြော်ညာပေးနိုင်တာပဲဗျ၊ ဆရာလိုတဲ့ သိန်း ၃၀လောက်များ ခဏလေးရတယ်ဟု အကြံပေးသူက ပေးသည်။
သည်တော့ ကျွန်တော်ကလည်း မန္တလေးသူဌေးတွေက အဲ့လောက် မြို့ကို မချစ်ကြပါဘူးဗျာ၊ အဲ့လို လုပ်ရကောင်းမှန်းလည်း မသိကြပါဘူး။ ဝန်ကြီးချုပ်တို့၊ မြို့တော်ဝန်တို့၊ တိုင်းမှူးတို့လောက် မြို့ခံပညာရှင်ကို တန်ဖိုးမထားကြပါဘူးဗျ၊ မြို့ခံပညာရှင်ဆိုတာ ခင်လှိုင် ဒိန်းဒေါင်လောက် အရာမရောက်ပါဘူးဗျ၊ အကယ်၍ သူတို့က စိတ်ကူးပေါက်တယ်ထား ကျွန်တော်ဖြင့် ကင်မရာရှေ့ရပ်ပြီး “ကျန်းမာတော်မူကြပါရဲ့လားဗျာ” ဆိုပြီး မကြော်ငြာရဲပေါင်ဗျာ ဟု ပြောရသည်။
ရှေးအတိတ် တေးအရိပ်
————————–
ထိုစဉ်ကာလမှာပဲ မိတ်ဆွေကြီး ဒါရိုက်တာမီးပွား ရောက်လာသည်။ ညီအစ်ကိုလို ဖြစ်နေသည့် ရီမြင့်ရုပ်ရှင် ကိုဇော်မြင့်လည်း ပါလာသည်။ ဆရာမီးပွားက အဆိုတော် စိုင်းစိုင်းခမ်းလှိုင် အတွက် မန္တလေးနောက်ခံ ရုပ်ရှင်ဇာတ်ကားကြီးရိုက်မလို့တဲ့။ မန္တလေးနောက်ခံဆိုသည်မှာပင် မြို့မတူရိယာအသင်းနောက်ခံ ဇာတ်ကားတဲ့။ ထိုဇာတ်ကားတွင် မြို့မအသင်းနှင့် ပတ်သက်သည့် ဇာတ်ဝင်ခန်းတွေကို ဇာတ်ညွှန်းရေးပေးဖို့တဲ့။ ကျွန်တော် ၂ခါ မစဉ်းစား၊ အားနာစွာဖြင့် ချက်ချင်း ငြင်းလိုက်သည်။ ကျွန်တော် မြို့မကို ကြောက်လှပြီ၊ မပတ်သက်ချင်တော့။ သည့်မတိုင်မီ ရန်ကုန်တွင် ကျင်ပရန် စီစဉ်ထားသည့် မြို့မနှင့် ပူတွဲပြီး မန္တလေး နှင့် ရှေးအတိတ် တေးအရိပ် သရုပ်ပြဟောပြောမှု အစီအစဉ် ကို ရန်ကုန်မြို့ရှိ The Yangon Gallery တွင် ၂၀၁၇ခုနှစ် စက်တင်ဘာ လအတွင်း ကျင်ပရန် အစီအစဉ်ကိုပင် အစစပြင်ဆင်ပြီး ကြော်ငြာပြီးမှ ဖျက်သိမ်းခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ထိုပွဲအတွက် တီးမှုတ်ရမည့် သီချင်းများကို တီးလုံးတိုက်ရန် စီစဉ်နေဆဲ ဥက္ကဋ္ဌ ဂီတမှူး ဦးရွှန်းမြိုင်နှင့် ဂီတမှူး ဦးရဲထွေးတို့ကို နာယကဆိုသူများနှင့် ကော်မတီက အသင်းမှ ထုတ်ပယ်လိုက်ခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် အသင်း၏ ပညာရှင်များနှင့်လည်း အသင်းနှင့် အစေး မကပ်တော့ဘဲ ဘယ်သူက ဦးဆောင်မလဲဟူသည်ပင် မရေမရာ ဖြစ်နေသောအခါ ကျွန်တော့်မှာ အားလုံး ပြင်ဆင်ပြီး မှ ရပ်နားလိုက်ရသည်။ သည်ကတည်းက ကျွန်တော် မြို့မနှင့် လုံးဝကင်းကွာသွားသည်။ ထို့ကြောင့် ဆရာမီးပွားတို့ တောင်းဆိုမှုကို ကမန်တော် ငြင်းခဲ့ခြင်း ဖြစ်သည်။
လာပြန်ပြီလား မြို့မ
———————–
ထိုအခါ ဆရာမီးပွားက သူတို့ ရေးသည့် ဇာတ်ညွှန်းကိုတော့ ဖတ်ပေးပါ၊ မန္တလေးနှင့် ပတ်သက်သည့် အချက်အလက်၊ မြို့မနှင့် ပတ်သက်သည့် အချက်အလက်များ မှန်မမှန်သာ စစ်ပေးပါဟု ဆိုပြီး ဇာတ်ညွှန်း ဆရာနေနော် နှင့် အတူ ရောက်လာပြီး တောင်းဆိုသည်။ မငြင်းသာတော့။ ထိုအခါ ကျွန်တော်က ဇာတ်ညွှန်း စာအုပ်ကြီး ယူထားကာ ဖတ်သည်။ ဆရာနေနော်က ကျွန်တော့်ကို အားမနာပါနှင့် လွဲသည့် အချက်အလက်များကို စာအုပ်ထဲ မင်နီနှင့် တားပြီး မှတ်ချက် ရေးပေးပါဟု ဆိုသည်။ ထို့ကြောင့် မန္တလေးနှင့် ပတ်သက်သည့် နောက်ခံ စကားအသုံးအနှုန်း အစားအသောက် အပြုအမူများနှင့်အတူ မြို့မနှင့် ပတ်သက်သော သမိုင်းကြောင်း အသင်းသား နာယကများ၏ စိတ်ဝာတ် အနေအထိုင်နှင့် မြို့မသီချင်းများကအစ ရွေးချယ်ကာ ဇာတ်ညွှန်းစာအုပ်ထဲမှာပင် ဆရာနေနော် တောင်းဆိုသလို မှတ်ချက်ရေး ပေးလိုက်သည်။
အသစ်ပြန်ရေးပေးပါ
——————————
နောက်ရက်မှာ ဆရာမီးပွားရော၊ ဆရာနေနော်ရော မန်နေဂျာရော ကျွန်တော့်ထံ ရောက်လာကြပြီး ကျွန်တော် မှတ်ချက်ရေးပေးသည့် ဇာတ်ဝင်ခန်းများ အားလုံးကိုတော့ အသစ်ပြန်ရေးပေးပါဟု ဆိုလှာကြသည်။ တကယ်တော့ ကျွန်တော်မလုပ်ချင်ပါ။ မလုပ်ချင်ခြင်း အကြောင်းက ကျွန်တော် မကျွမ်းကျင်လို့ ဖြစ်ပါသည်။ ကျွန်တော်ငြင်းရပြန်သည်။ မရတော့၊ ဆရာမီးပွားက ရေးပေးပါ၊ ဇာတ်ကားတွင် ဘယ်သို့ ဘယ်ပုံ ခရက်တစ်ပေးပါယ်၊ အဖွင့်မှာ ဘယ်လို စာတန်းထိုးပါ့မယ်၊ ကျွန်တော်ပဲ တတ်နိုင်တဲ့ ကိစ္စမို့ပါ စသည်ဖြင့် ပြောဆိုပါသည်။ ထိုအခါ ကျွန်တော် ခေါင်းညိတ်ရပါ၏။ ထို့ကြောင့် မင်းသမီး၏ မန္တလေးအိမ်က ဇာတ်ဝင်ခန်းများနှင့် မြို့မအသင်းတိုက် မြို့မပွဲတီး ဇာတ်ဝင်ခန်းများ ဖြစ်သော ဇာတ်အဖွင့်ခန်း အပါအဝင် အခန်း – ၁၈၊ အခန်း – ၁၉၊ အခန်း – ၂၀၊ အခန်း – ၂၁၊ အခန်း – ၂၃၊ အခန်း – ၂၄၊ အခန်း – ၃၄၊ အခန်း – ၃၆ တို့ကို ပြင်ဆင်ဖြည့်စွက် ရေးသားခဲ့ပြီး အခန်း – ၈(က)၊ အခန်း – ၁၂၊ အခန်း – ၁၄ နှင့် အခန်း – ၁၆ တို့ကို အသစ် ပြန်လည် ရေးသား ခဲ့သည်။
ထို့ပြင် မန္တလေးအိမ်နှင့် ပတ်သက်သည့် အပြင်အဆင်များ အိမ်တွင် ချိတ်လေ့ရှိသည့် ဓာတ်ပုံများကိုလည်း ရေးသား ရှာဖွေပေးလိုက်သည်။ သည့်နောက် မေမြို့တွင်သာ ရိုက်ကူးမည့် မန္တလေး အိမ်အတွက် သင့်တော်ခြင်း ရှိမရှိကိုလည်း မေမြို့ထိ လိုက်ပါ ကြည့်ရှု အတည်ပြုပေးခဲ့သည်။ ဇာတ်ကား စတင်ရိုက်ကူးသောအခါ မန်နေဂျာက ရိုက်ကွင်းအထိ လိုက်ပါစေချင်လို့ ဖုန်းအကြိမ်ကြိမ်ဆက်သည်။ ကျွန်တော် မသွားတော့ပါ။ သည့်အတွက် ဉာဏ်ပူဇော်ခ ၃သိန်း+ ၂သိန်း+ ၂သိန်း = ၇သိန်းကို ၃ကြိမ်ခွဲ၍ ရရှိပါသည်။ ဇာတ်ကားကို ပရက်ရှိုးပြတော့ ကျွန်တော် မကြည့်ဖြစ်ပါ။ ထိုဇာတ်ကားကို အခုထိလည်း ကျွန်တော် မကြည့်ဖြစ်ပါ။
မထင်မရှား နေရာက နံမည်လေး၊
————————————
ထိုဇာတ်ကားကို ကြည့်ရသည့် တပည့်မလေး တစ်ယောက်က ကျေးဇူးတင်လွှာ စာတန်းထိုးတော့ ဆရာ့နံမည် ဖျပ်ခနဲ တွေ့လိုက်သလိုပဲ၊ ဦးဆူးငှက် ဆိုလားတဲ့။ ပြီးတော့ မန္တလေး ဇာတ်ဝင်ခန်းတွေက ဆရာရေးပေးသလိုလည်း မဟုတ်ဘူး၊ အကုန်ပြန်ပြင်ထားတာတဲ့။ တပည့်မလေးက ထိုသို့ သိရသည်မှာ ကျွန်တော် ပြန်ရေးပေးသော ဇာတ်ဝင်ခန်းများကို သူက ကွန်ပြူတာ စာစီပေးခဲ့လို့ ဖြစ်သည်။ စိတ်ပျက်စရာ။ ပြောတော့ဖြင့် တခမ်းတနား ခရက်တစ်ပေးမှာလိုလို။ အဖွင့်မှာပဲ စာတန်းထိုးပေးမှာလိုလို။ ဇာတ်ကား ရုံတင်နေစဉ်ကတော့ စိုင်းစိုင်းခမ်းလှိုင်က ကျေးဇူးတင်ကြောင်း ဖုန်းဆက်ပါ၏။
သည်တော့ ပြောရလျှင် ကျွန်တော်က ဆောင်းပါး ဝတ္ထုစာရေးတာ စာအုပ်ထုတ်တာက လွဲလို့ အခြားအနုပညာလုပ်ငန်းနှင့် ငွေမရှာတတ်။ သည်တော့ ဂရန်အတွက် လိုအပ်သည့် အခွန်အခ ငွေကြေးက ချေးငှားဖို့ပဲ ရှိတော့သည်။
မျိုးဥ ပြုတ်စားရန်ကြံခဲ့ပုံ
—————————-
၁၉၉၀ကျော် ကာလ တောင်လေးလုံးကျောင်းတိုက်တွင် ဒေါ်ဒေါ်လူထုဒေါ်အမာ မွေးနေ့အပါအဝင် စာပေပွဲလမ်းများရှိလျှင် အမြဲလိုလို တွေ့ရတတ်သည့် လူငယ်လေး တစ်ဦးရှိသည်။ ထိုလူငယ်လေးက ဘာရှိဦးမလဲ၊ အလယ်တန်း ကျောင်းသား လောက်ပဲ ရှိမှာပေါ့။ သူက စာပေပွဲလမ်းများသု့ိ လာရုံမက သူဝယ်လာသည့် စာအုပ်လေးများကိုလည်း ယူဆောင်လာကာ သက်ဆိုင်သူ စာရေးဆရာများ၏ လက်မှတ်များကိုလည်း ရယူလေ့ရှိသည်။ မှတ်မှတ်ရရ ၁၉၉၇ခုနှစ်က ထုတ်ဝေသော တဝက်မန်ကျည်းပင် ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကိုပင် သူက ဝယ်လာပြီး ကျွန်တော့်က လက်မှတ်ထိုး ပေးခဲ့ရဖူးသည်။ နောက် ၁၀နှစ်ကျော် ကြာတော့ သူ့ကို ပန်းချီပြပွဲတွေမှာတွေ့ရတော့ မမှတ်မိလောက်အောင်ပင် ပြောင်းလဲကာ လုပ်ငန်းရှင်တစ်ယောက် အသွင် တွေ့သည်။ ထု့ိပြင် ဝါသနာအရ ပန်းချီကားတွေ ဝယ်ယူ စုဆောင်းသူ တစ်ဦး ဆိုတာလည်း သိလာရသည်။
ကျွန်တော့်မှာ မဖြစ်စလောက်သော ရှေးမကျတကျ ပန်းချီကားလေး လေးငါးခြောက် ကားလောက် ရှိသည်။ တစ်နေ့တော့ ကျွန်တော်က ထို ပန်းချီကားလေးတွေကို သူ့ထံ ရောင်းချပြီး ဂရန်အတွက် လိုအပ်သော ငွေကြေးလေး ရှာဖွေမည်ဟု စိတ်ကူးပေါက်ပြီး လိုင်းပေါ်က တဆင့် သူနှင့် ဆက်သွယ်သည်။ ကျွန်တော်က ကျွန်တော် စုဆောင်း ထားသည့် ပန်းချီကားလေးတွေ ဓာတ်ပုံရိုက်ပြပြီး သူ့ထံပို့ကာ ရောင်းချင်ကြောင်း ပြောပြသည်။ သူက ဘာ့လို့များ ရောင်းချင်ရတာလဲ ဟူသည့် အကျိုးအကြောင်းကို ကျွန်တော့်ကို မေးသည်။ ကျွန်တော်ကလည်း ပုွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
လိုအပ်တာ ကန်တော့ပါရစေ
———————————
ထိုအခါ သူက “ဒီလို အနုပညာ ပစ္စည်းတွေက ဆရာ့ဆီမှာပဲ ရှိသင့်ပါတယ်ဗျာ၊ မရောင်းပါနဲ့၊ ဆရာလိုအပ်တာ ကျွန်တော်က ကန်တော့ပါရစေ၊ အခုလို ကန်တော့ခွင့် ရတာကိုပဲ ကျွန်တော်က ဝမ်းမြောက်လှပါပြီဆရာ၊ အခုလောလောဆယ် ကျွန်တော်က အိုဗာဆီး ဖြစ်နေလို့၊ ကြာလည်း ကြာဦးမှာမို့ပါ၊ နက်ဖြန်ခါကျ ကျွန်တော့်လူကို ဆရာ့ဆီလွှတ်ပြီး ကျွန်တော့်ကိုယ်စား ကန်တော့ပါရစေ တဲ့။ ကျွန်တော်က ပန်းချီကားတွေကို ပို့လိုက်ပါမယ်ဟု အကြိမ်ကြိမ်ပြောသော်လည်း သူက ငြင်းသည်။ ဆရာ့ဆီမှာ ရှိနေတာက ပိုပြီး တန်ဖိုးရှိပါတယ်ဟုပဲ သူက အကြောင်း ပြန်သည်။ တကယ်ပဲ နောက်ရက် ရောက်တော့ သူ့ထံက လူငယ်လေး တစ်ဦးရောက်လာပြီး ကျွန်တော့်ကို ပျဝပ်စွာ ကန်တော့သွားခဲ့ပါ၏။
တကယ်တော့ သူနှင့်ကျွန်တော်က သည့်အရင်ကတည်းက အမှတ်မထင် မကြာခဏတွေ့ဖြစ်ပါသည်။ တွေ့တိုင်းလည်း ဖော်ဖော်ရွေရွေ ဖက်လဲတကင်း နှုတ်ဆက်သည်။ သူ့လုပ်ငန်းကိုင်ခန်း သူ့ပွဲ သူ့လမ်းနှင့် ပတ်သက်၍ ဘာတစ်ခုမှလည်း အကူအညီမတောင်းခဲ့၊ မဖိတ်ကြားခဲ့ပါ။ သို့သော် သူက ကူညီစရာရှိသည်ကိုတော့ ဘာအနှောင်အဖွဲ့မှ မပါဘဲ ကူညီသူဖြစ်သည်။ အထူးသဖြင့် သူငယ်စဉ်က ပျော်မွေ့ခဲ့သော တောင်လေးလုံးကျောင်းတိုက်နှင့် ပတ်သက်တာ မြို့ခံစာပေသမား အနုပညာရှင်များနှင့် ပတ်သက်တာ အမည်မဖော်ဘဲ အားတက်သရော ကူညီသူလည်း ဖြစ်သည်။ ဘာကမ္ပည်းမှ ထိုးစရာမလို၊ သူ့လုပ်ငန်းအတွက်လည်း ဘာတစ်ခုမှ ရေးချွတ်ပေးစရာ ပြောဟောပေးစရာ လူလုံး ထွက်ပြပေးစရာမလို၊ အဲ့လို စာသမားစစ်စစ် ပုဂ္ဂိုလ် ဖြစ်သည်။
အားလုံးက ကူညီကြတယ်
—————————-
ဂရန်ကိစ္စအတွက် လိုအပ်သည့် အခွန်အခ ကိစ္စ အဆင်ပြေသည်နှင့် လိုအပ်သည့် စာရွက်စာတမ်းတွေ ပြင်ဆင်ကာ စည်ပင်ရုံးသို့ သွားရောက်တော့လည်း သက်ဆိုင်ရာ ဌာနမှူးက အားတက်သရောကူညီသည်။ သူ့ရုံခန်းထဲမှာပဲ ကျွန်တော့်ကို နားနေစေကာ တစ်ချိန်က ကျွန်တော်တို့ မီဒီယာလောကမှာလည်း လုပ်ကိုင်ခဲ့ဖူးသူ သူ့လက်အောက်က ဝန်ထမ်းမိန်းကလေးကို ခေါ်ပြီး “သမီးတို့ဆရာ ကိစ္စကို ဒီနေ့အပြီး တင်နိုင်အောင် သမီးကိုယ်တိုင် လုပ်ပေးလိုက်ပါ။ ဘာ စာရွက်စာတမ်း လိုလို ဒို့တာဝန်ယူတယ်၊ နောက်မှ ဖြည့်မယ်၊ အခု ဒီနေ့ပြီးအောင်သာ လုပ်ပေးလိုက်ပါ” ဟု ညွှန်ကြားတော့ မီဒီယာသမားဟောင်း သမီးကလည်း ဝမ်းမြောက်ဝမ်းသာ ဆောင်ရွက်ပေးခဲ့သည်။
ဒီသမီး မင်္ဂလာဆောင်စဉ်က သတို့သား၏ စေ့စပ်တောင်းရမ်းမှုကို ကျွန်တော်ကပဲ သတို့သမီးဘက်ကနေ လက်ခံခဲ့ပြီး မင်္ဂလာစကား ပြောခဲ့ရသည်။ ထိုကြောင့်လည်း ဝန်ထမ်းသမီးက အခွန်အခ ပေးသွင်းခြင်းကအစ သူ့ဌာနမှူးပေးသော တာဝန်ကို နေ့ချင်းပြီး ကျေပြွန်ခဲ့ပါ၏။
ကော်မတီဝင်က ၅နှစ် သက်တမ်းပါတဲ့။
——————————————-
အားလုံးပြီးစီးတော့ ဌာနမှူးနှင့် ဒု ဌာနမှူးကို နှုတ်ဆက်တော့ “ဆရာဆူး ဂရန်လာမတင်မချင်း စိတ်ပူနေတာဗျ၊ အစည်းအဝေးမှာ မြေယာကိစ္စ ပြောတိုင်း မြို့တော်ဝန်ကြီးက “ဆရာဆူးတို့ သရက်ကုန်း” ချည်း ပြောနေ၊ ဆရာဆူးကလည်း ဂရန်လာ မတင်သေး ဆိုတော့ မျှော်နေတာ၊ ကိုင်း.. ဂရန်ကျရင် ကျွန်တော် ဆရာ့တပည့်ကဆင့် အကြောင်းကြားလိုက်ပါ့မယ်” ဟု ဝမ်းသာ စကားဆိုပါသည်။ ကျွန်တော်က ရုံးပေါက်ရောက်တော့ ဝန်ထမ်း တပည့်မလေးကိုလည်း နှုတ်ဆက်သည်။ သူက “ဆရာ ရောက်တုန်း ကော်မတီရုံးခန်း ဝင်သွားလိုက်ပါဦးလား၊ ဆရာကျော်က ဆရာလာပြီလားလို့ သမီးကို တွေ့တိုင်းမေးနေတာ၊ သွားမယ်ဆိုရင် ဟိုဘက်ရုံး အပေါ်ထပ်မှာ သမီးလိုက်ပို့ ပေးမယ်လေ” ဟု ပြောသည်။ ဆရာကျော်ဆိုတာ ကော်မတီဝင် ဆရာကျော်ရင်မြင့်ကို ဆိုလိုသည်။ ဆရာကျော်ကလည်း ကျွန်တော့် ဂရန်ကိစ္စကို ပူပန်နေသူဖြစ်သည်။
ကျွန်တော်က တပည့်မလေးကို “ မသွားတော့ပါဘူး သမီး၊ သူလည်း အလုပ်ရှုပ်နေကြမှာ” ဟု ဆိုတော့ “ဆရာကလည်း ဆရာက တခြား ကော်မတီဝင်တွေနဲ့လည်း ရင်းနှီးနေတာပဲ ရောက်တုန်း ဝင်သွားလိုက်တာ မဟုတ်ဘူး” ဟု တိုက်တွန်းပြန်သည်။ ကျွန်တော်က ကဲပါ၊ နောက်တစ်ခေါက်မှ ဝင်ပါတော့မယ် သမီး” ဟု ပြောပြီး သူ့ကို နှုတ်ဆက်၍ ပြန်ခဲ့သည်။ သူက ရုံးခန်းထဲ ပြန်အဝင် ကျွန်တော်ကလည်း ပြန်အထွက် လေဆာက်လွှာ လက်ခံကောင်တာနားက တစ်ယောက်ထံက “ကော်မတီဝင်က ၅နှစ်သက်တမ်းပဲရှိတာ၊ ဝန်ထမ်းကမှ ဒီနေရာမှာ ၅နှစ်မက ရှိနေတာပါ” ဟူသော အသံကို ကြားလိုက်ရသည်။ ဧည့်သည်လား၊ လက်ရှိ ဝန်ထမ်းလားတော့မသိ၊ အသက် ၄၀အရွယ် အမျိုးသမီး တစ်ယောက်။
ဆူးငှက်
