လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ငါးရက်အတွင်း ၂၃ ယောက် သေဆုံးပြီး အယောက် ၇၀ နီးပါး ဒဏ်ရာရ

နိုဝင်ဘာ ၁၈ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းက ဒေသတချို့မှာ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၇ ရက်အထိ ငါးရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ၂၃ ယောက် သေဆုံးပြီး အယောက် ၇၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၁၇ ရက်၊ မနက် ၁၁ နာရီခွဲဝန်းကျင်က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ စက်မှုလက်မှုသိပ္ပံကျောင်း (GTI) နဲ့ အခြေခံပညာ အထက်တန်းကျောင်းတို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာမှာ နှစ်ယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“လေယာဉ်နှစ်စီး လာသွားတာ။ အမှတ် (၈) ရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်တယ်။ ကျောင်းတွေပေါ် တလုံးစီကျတာ။ ဒီဖြစ်စဉ်မှာ လူသေဆုံး၊ ဒဏ်ရာရတာအပြင် ကျောင်းဆောင်တွေရယ်၊ အဲဒီ ကျောင်းအနီးက လူနေအိမ်တချို့ ပျက်စီးသွားတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
အဲဒီ ရခိုင်ပြည်နယ်အတွင်းမှာပဲ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ အနီးဝန်းကျင်မှာ နိုဝင်ဘာ ၁၆ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး သုံးယောက် ဒဏ်ရာရကာ ကျောင်းဆောင်အားလုံးအပြင် နေအိမ် နှစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့မှာပဲ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ တောင်ပျောက်တိုက်နယ်အတွင်းက ဝင်းကဖော်ကျေးရွာမှာ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး နှစ်ယောက် ဒဏ်ရာရကာ နေအိမ် သုံးလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့မှာပဲ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တပ်မဟာ (၅) နယ်မြေအတွင်းရှိ ဘွားဒဲကျေးရွာနဲ့ လောဖလာသေ့ကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နှစ်ယောက် သေဆုံးခဲ့သလို ခရစ်ယာန်ဘုရားရှိခိုးကျောင်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့မှာပဲ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ရှိ ကံမနိုင်ကျေးရွာနဲ့ ကြိုဝကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ တယောက် ဒဏ်ရာရခဲ့သလို နေအိမ် ငါးလုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပြီး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာလည်း နှစ်ယောက် ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ရှားလှ – ထွန်ရွာလမ်းပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးပြီး ဆေးဆိုင်တဆိုင် ပျက်စီးခဲ့သလို မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ချဲတိုက်ကျေးရွာနဲ့ ဖလံချောင်းဝကျေးရွာမှာလည်း နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက လေကြောင်း တိုက်ခိုက်မှုဖြစ်ခဲ့ပြီး သုံးယောက် သေဆုံးကာ အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ သူဋ္ဌေးကုန်းကျေးရွာ အနီးဝန်းကျင်မှာ လေကြောင်းဖြစ်စဉ်ကြောင့် ၁၂ ယောက် သေဆုံးပြီး ၂၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျီးပင်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့တဲ့အပြင် နွား သုံးကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW