အာဆီယံရဲ့ ထုတ်ပြန်ချက်ဟာ ကျိုးကြောင်းမဆီလျော်ဘဲ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ သမ္မတပြော

နိုဝင်ဘာ ၁၈ – ၂၀၂၆
SS (VOM)
မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ ထိပ်သီးအစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ကျိုးကြောင်း ဆီလျော်မှုမရှိဘဲ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီကနေ့ နိုဝင်ဘာ ၁၈ မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အာဆီယံရဲ့ မြန်မာ့အရေး ရပ်တည်ချက်ဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောထားကို ကိုယ်စားမပြုဘဲ အဖွဲ့ဝင်သုံးနိုင်ငံရဲ့ ဘက်လိုက်မှုနဲ့ အစွဲအလမ်းတွေကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး အာဆီယံဆက်ဆံရေး ပုံမှန်ဖြစ်စေဖို့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်၊ အချုပ်အခြာအာဏာနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားတို့ကို ထည့်သွင်းကာ ဆက်လက် ဆွေးနွေးသွားမယ်လို့ သမ္မတက ပြောပါတယ်။
“လုပ်ပိုင်ခွင့်ရှိတဲ့သူတွေ လုပ်ပိုင်ခွင့်ရှိတဲ့ လူပုဂ္ဂိုလ် ၃၊ ၄ ဦးက သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ ဆန့်ကျင် ဆွေးနွေးနေတယ်လို့ သုံးသပ်လို့ရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အာဆီယံနဲ့ ရှေ့ဆက်ပြီး ဆက်ဆံရေးကို ပြန်လည်သုံးသပ် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားကြောင်း ပြောလိုပါတယ်” လို့ သမ္မတက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းကို သမ္မတ ဦးသိန်းစိန် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး အဲဒီ စာချုပ်ပါ တိုင်ပင်ဆွေးနွေးခြင်းနဲ့ တူညီဆန္ဒ (Consultation and Consensus) အခြေခံမူတွေကို အဖွဲ့ဝင်နိုင်ငံတွေက လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ သမ္မတက ပြောပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင် ဖြစ်တဲ့အချိန်ကနေစပြီး ယနေ့အချိန်အထိ ဝင်ရမယ့် နှစ်စဉ်ကြေးတွေလည်း ပေးပါတယ်။ တနှစ် ဒေါ်လာ တသန်း၊ ဒီရက်ပိုင်းအတွင်းမှာပဲ နောက်ဆုံးပေးရမယ့်အရစ် ဒေါ်လာသုံးသိန်းကို ကျွန်တော် လက်မှတ်ထိုးပေးလိုက်ပါတယ်၊ ခွင့်ပြုခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်စဉ်မပျက်ပါဘူး၊ ပေးပါတယ်” လို့ သမ္မတက ပြောပါတယ်။
ဒါအပြင် အာဆီယံ ဖွဲ့စည်းတည်ထောင်ချိန်မှ အခု ၂၀၂၆ ခုနှစ်အထိ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့မှာ နိုင်ငံရေး အကျပ်အတည်းတွေ၊ အာဏာသိမ်းမှုတွေ၊ ရွေးကောက်ပွဲမှာ ပဋိပက္ခဖြစ်မှုတွေ ဖြစ်ခဲ့တာရှိပြီး မဲလိမ်မှု၊ မဲခိုးမှုနဲ့ မတရားမှုတွေ၊ အငြင်းပွားမှုတွေ၊ ဆူပူဆန္ဒပြမှုတွေ ဖြစ်ခဲ့တယ်လို့ သမ္မတက ပြောပါတယ်။
“ဒီမိုကရေစီစနစ် ဆိုပေမယ့်လည်း တင်းကျပ်တဲ့ ဒီမိုကရေစီနဲ့ ဆောင်ရွက်မှုတွေ သာဓကများစွာ ရှိပါတယ်။ ဒါတွေကို ဘာမှ ဖိအားပေးတာ မရှိခဲ့ဘဲနဲ့ ကျွန်တော်တို့နိုင်ငံမှာ လာလုပ်တာကို တွေ့ရပါတယ်။ အာဆီယံနိုင်ငံ အဖွဲ့ဝင် နိုင်ငံတခုကို နိုင်ငံရေးအရ ဖိအားပေးတာတွေ၊ သိက္ခာချတာတွေ လုပ်ခဲ့တာတွေမျိုး မရှိခဲ့ပါဘူး” လို့ သမ္မတက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင် မဖြစ်မီကပင် တည်ရှိနေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ၊ ပဋိပက္ခတွေအပြင် လက်နက်ကိုင် သောင်းကျန်းသူတွေကြောင့် ဖြစ်ပေါ်လာတဲ့ တရားမဝင်လုပ်ငန်းတွေကို ယနေ့တိုင် ဖြေရှင်းနေရဆဲဖြစ်ကာ ဒီဖြစ်စဉ်တွေဟာ မိမိတို့ အစိုးရလက်ထက်ကျမှ ဖြစ်လာတာမဟုတ်ဘူးလို့ သမ္မတက ပြောပါတယ်။
ဒါအပြင် မြန်မာနိုင်ငံအနေနဲ့ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းနဲ့ ၂၀၂၅ ခုနှစ် ငလျင်ဘေးအန္တရာယ်တွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံအထိ သုံးစွဲခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ သဘာဝ ဘေးအန္တရာယ်တွေအတွက် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ထံမှ ချေးငွေနဲ့ အကူအညီတွေ မရရှိခဲ့သလို အာဆီယံထံမှလည်း တနှစ်လျှင် ဒေါ်လာ ငါးသန်းနှုန်းနဲ့ စုစုပေါင်း ၃၀ ဒသမ ၁၂၅ သန်းသာ ရရှိခဲ့တယ်လို့ သမ္မတက ပြောပါတယ်။
မြန်မာအရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရာမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ တိုးတက်မှုတွေ မရှိသေးသရွေ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအရ ကိုယ်စားမပြုသူသာ တက်ရောက်စေရေး ဆိုတဲ့ အာဆီယံ စုပေါင်းဆုံးဖြတ်ချက်ကို ဆက်လက်ကိုင်စွဲ ကျင့်သုံးသွားဖို့ ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပခဲ့တဲ့ (၄၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW