နိုဝင်ဘာ ၁၈ – ၂၀၂၆
SS (VOM)
တိုင်းပြည်ရဲ့ဘဏ္ဍာဝင်ငွေ ပိုမိုတိုးတက် ရရှိလာပါက လာမယ့် ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်မှာ နိုင်ငံ့ဝန်ထမ်းတွေကို လစာ တိုးမြှင့်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်၊ မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တက်ရောက် မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
လစာ တိုးမြှင့်ပေးနိုင်ဖို့အတွက် လက်ရှိ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်ကာ တွက်ချက်မှုတွေ ပြုလုပ်နေပြီး၊ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးနဲ့ အခွန်ကောက်ခံမှု ကြပ်မတ်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမယ်လို့ သမ္မတက ပြောပါတယ်။
“လာမယ့် ဘဏ္ဍာနှစ်ဆိုရင်တော့ လစာ တိုးပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဓိက ကတော့ တိုင်းပြည်ဝင်ငွေ ရဖို့ကတော့ ဒါ အဓိကကျပါတယ်။ လက်ရှိ အခြေအနေမှာတော့ ကျွန်တော်တို့ အခြေအနေကောင်းပါတယ်။ ဒီထက် ပိုရမယ်ဆိုရင် ကျွန်တော်တို့ ခိုင်ခိုင်မာမာ ဒီလစာနဲ့ပတ်သက်ပြီးတော့ ပြောချင်ပါတယ်” လို့ သမ္မတက ပြောပါတယ်။
တိုင်းပြည်ဝင်ငွေ တိုးပွားလာစေဖို့ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို တိုးမြှင့် လုပ်ဆောင်ရမှာဖြစ်သလို ရသင့်ရထိုက်တဲ့ အခွန်အခတွေ အပြည့်အဝ ရရှိစေဖို့ကိုလည်း တင်းကျပ်စွာ ကြပ်မတ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အထူးသဖြင့် အိမ်ခြံမြေ အရောင်းအဝယ်ကဏ္ဍနဲ့ မော်တော်ယာဉ် ဝယ်/ရောင်းကဏ္ဍတို့မှာ အခွန်ငွေ တိမ်းရှောင်မှု အများဆုံး ဖြစ်ပေါ်နေတဲ့အတွက် ပြီးခဲ့တဲ့နှစ်မှ စတင်ကာ အခွန်ကောက်ခံမှုဆိုင်ရာ ကြပ်မတ် စစ်ဆေးခြင်းတွေကို လုပ်ဆောင်နေတယ်လို့ သမ္မတက ပြောပါတယ်။
လက်ရှိ မိမိတို့နိုင်ငံအတွက် ဝင်ငွေရရှိဖို့က အရေးကြီးပြီး များသောအားဖြင့် ဝင်ငွေကို အခွန်အခမှရရှိကာ ဂျီဒီပီနဲ့ ရရှိတဲ့ အခွန်အခ အချိုးချမယ်ဆိုပါက ပြီးခဲ့တဲ့ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်မှာ ၈ ဒသမ ၅၅ ရာခိုင်နှုန်းရှိပြီး အခု ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်မှာ ၉ ဒသမ ၅ ရာခိုင်နှုန်းရရှိခဲ့တယ်လို့ သမ္မတကပြောပါတယ်။
ဒါအပြင် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေ တိုးမြှင့်ပေးဖို့ နာယကကြီးက တင်ပြထားမှုတွေ ရှိနေတာကြောင့် တိုးမြှင့်ပေးလိုပေမယ့် နိုင်ငံတော်ရဲ့ အမှန်တကယ် ဝင်ငွေရရှိမှုအပေါ် မူတည်ပြီးမှသာ အသုံးစရိတ်တွေကို တိုးမြှင့်ပေးနိုင်မယ်လို့ သမ္မတက ပြောပါတယ်။
ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ဒေသနဲ့ နိုင်ငံအတွက် ပိုမိုအထောက်အကူ ဖြစ်စေဖို့ အခွန်ကောက်ခံရရှိရေး ကိစ္စရပ်တွေကို ဝိုင်းဝန်း စိစစ်ပေးကြစေလိုတယ်လို့ သမ္မတက ပြောပါတယ်။
ဒါအပြင် ကုန်သွယ်မှုကနေ ဝင်ငွေတိုးတက် ရရှိစေရေးအတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကိုလည်း တိုးမြှင့် ဆောင်ရွက်ကြဖို့နဲ့ မိမိတို့ ရောက်ရှိရာ ဒေသအသီးသီးမှာ တွန်းအားပေး ဆောင်ရွက်ကြစေလိုတယ်လို့ နိုင်ငံတော်သမ္မတက ပြောပါတယ်။
Photo – CJ
