သက်တမ်းတိုး ယာဉ်တွေအတွက် က.ည.န က အချက် ၁၂ ချက် ဖြေလျှော့ပေး

နိုဝင်ဘာ ၁၇ – ၂၀၂၆
SN (VOM)
သက်တမ်းတိုးယာဉ် စစ်ဆေးရာမှာ ယာဉ်အမျိုးအစား တည်ဆောက်မှုပုံစံနဲ့ ထုတ်လုပ်တဲ့ခုနှစ် ပုံစံအလိုက် Road Safety မထိခိုက်စေနိုင်တဲ့ အချက် ၁၂ ချက်ကို ဖြေလျှော့ခွင့်ပြုပေးမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) က အသိပေးထားပါတယ်။
ယာဉ်ပိုင်ရှင်တွေ အခက်အခဲ ကြုံတွေ့နေရတဲ့ အပိုတပ်ဆင်မှုဆိုင်ရာ စစ်ဆေးချက်တွေကို ဖြေလျှော့ပေးလိုက်တာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချော့မွေ့ လွယ်ကူစေရေး၊ အချိန်ကြန့်ကြာမှု မရှိစေရေးအတွက် ရည်ရွယ်တာလို့ သိရပါတယ်။
“ဖြစ်သင့်တာ ကြာပါပြီ။ ယာဉ်ကြံ့ခိုင်မှုထက် မလိုတာတွေ ဖြစ်နေတာ။ သက်တမ်းတိုးဖို့ကို အရင်တုန်းက ယာဉ်စစ်ဝင်ရင် ကားမှာ တပ်ထားတဲ့ အပိုပစ္စည်းလေးတွေကအစ လိုက်ဖြုတ်ခိုင်းတာ။ ဖြုတ်ခ၊ ပြန်တပ်ခနဲ့ အလုပ်ရှုပ်သလို တနေကုန်နီးပါးလည်း အချိန်ကုန်တယ်” လို့ ယာဉ်ပိုင်ရှင်တယောက်က ပြောပါတယ်။
ဖြေလျှော့ပေးလိုက်တဲ့ အချက်တွေကတော့ ကားနံပါတ်ပြား ဖုံးကွယ်ခြင်းမရှိတဲ့ ရှေ့/နောက် ဘန်ဘာအပို (Guard Bumper) တွေ၊ နောက်ခြေနင်းခုံနဲ့ ဘေးခြေနင်းခုံတွေ တပ်ဆင်ထားခြင်း၊ ယာဉ်မှာ Spoiler, Skirts, Hard Cover, Door Handle Cover, Towing & Tow Bar Accessories တွေ တပ်ဆင်ထားတာတွေလို့ သိရပါတယ်။
ဒါအပြင် Pick Up ယာဉ်တွေရဲ့ နောက်ကိုယ်ထည်ပေါ်မှာ ဖြုတ်တပ်လို့မရတဲ့ Hard Top/ Soft Top အမိုး တပ်ဆင်ထားခြင်း၊ ခရီးဆောင်အိတ်နဲ့ ပေါ့ပါးတဲ့ အသုံးအဆောင်ပစ္စည်းတွေ တင်ဆောင်ဖို့ ရည်ရွယ်ပြီး အမိုးကိုင်းပေါ်မှာ ပစ္စည်းတင်စင် Carrier တပ်ဆင်ခြင်း၊ ရှေ့/နောက် Mudguard မှာ ဖောင်းလိုင်းအပိုနဲ့ ကိုယ်ထည်ဘေး ဖောင်းလိုင်းအပို ပါရှိခြင်းတို့ကိုလည်း ခွင့်ပြုပေးမယ်လို့ သိရပါတယ်။
ရာသီဥတု အခြေအနေကြောင့် နှင်းခွဲမီး (ဒါမှမဟုတ်) မီးအပို နှစ်လုံးအထိ တပ်ဆင်ထားခြင်း၊ နောက်မီးပုံစံ ကွဲလွဲခြင်း၊ နောက်ပိတ်၊ နောက်မှန်ပုံစံ ကွဲလွဲခြင်း၊ ရှေ့လေကာမှန်ကြီးမှာ ပြင်ပအပူချိန်နဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ် လျှော့ချပေးနိုင်တဲ့ မှန် Sticker အကြည်ကပ်ခြင်း၊ မူလရုပ်ပုံစံကို မထိခိုက်တဲ့ သာမန်မီးလုံး နီကယ်အကွပ် (Nickel Trim) နဲ့ Skirts, Front Sun Visor (Sun Shade), Side Molding, Mirror Cover, Roll Bar, Body Kits စတဲ့ Automotive Decorative Parts တပ်ဆင်ခြင်းတွေကိုလည်း ဖြေလျှော့ပေးမယ်လို့ သိရပါတယ်။
ဒါအပြင် ယာဉ်အမိုးပေါ်မှာ မူလရုပ်ပုံစံကို ပြောင်းလဲမှုမရှိတဲ့ Wind Deflector တပ်ဆင်ထားခြင်း (Flash Lamp မီး ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ) အပြင် မော်တော်ယာဉ်မှာ သိသာစွာ အစွန်းထွက်မှုမရှိတဲ့ Snorkel တပ်ဆင်ခြင်း၊ မှတ်တမ်းနဲ့ ရုပ်သဏ္ဍာန် ကွဲလွဲမှုရှိပေမယ့် ယာဉ်ရဲ့ ထုတ်လုပ်ခုနှစ်ပုံစံ Original Grille (Shell) ကို ပြန်လည် တပ်ဆင်ထားခြင်းတို့ကိုလည်း ဖြေလျှော့ပေးမယ်လို့ က.ည.န က အသိပေးထားပါတယ်။
ယာဉ်မောင်းတယောက်ကလည်း “Road Safety မထိခိုက်တာတွေကို ခွင့်ပြုသင့်တာ ကြာပါပြီ။ ဘာမဟုတ်တာတွေနဲ့ အရစ်မခံရတော့ဘူးပေါ့။ ဝမ်းသာစရာပါ။ လိုင်စင်ဝင်ရင် အမည်ပေါက်မှဆိုတဲ့ သတ်မှတ်ချက်ကိုလည်း ဖြေလျှော့ပေးသင့်ပါတယ်။ ယာဉ်တစီးက အသစ်ဝင်တာနဲ့ အခွန်ဆောင်ပြီးသားပါ။ ထပ်ခါထပ်ခါ အခွန်ကောက်နေတာက ပြည်သူကို ဒုက္ခပေးရာ ရောက်ပါတယ်။ အစိုးရဆိုတာ ပြည်သူရဲ့ အခက်အခဲကို အကောင်းဆုံး ဖြေရှင်းပေးရမယ့် အဖွဲ့တဖွဲ့ပါ” လို့ ပြောပါတယ်။
လက်ရှိမှာ က.ည.နအနေနဲ့ ယာဉ်မောင်းလိုင်စင်နဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေတာမှာ ယာဉ်‌ပိုင်ရှင်တွေရဲ့ ကျသင့်ငွေတွေကို Digital Payment စနစ်နဲ့ ပေးချေစေခြင်း၊ အွန်လိုင်းစနစ်နဲ့ လိုင်စင်သက်တမ်းတိုးခြင်း လုပ်ငန်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW