သူတို့အိမ် အခန်း (၂၅၂)

ဆူးငှက်

ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာ
——————————————
ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာ အစီအစဉ်တွင် ဒေါ်သြဘာသောင်း၏ အမျိုးသမီး အခြေခံအက ပထမဆင့် ၂၅ကွက်နှင့် မြမန်းဂီရိ မဟာဂီတသီချင်း နန်းတွင်းယိမ်း၊ ဒုတိယအဆင့် ၂၅ကွက်ကို သြဘာသောင်း၏ ဘာဂီတင် သီချင်းနှင့် ကိုလိုနီခေတ် ယိမ်း၊ တတိယအဆင့် ၂၅ကွက်ဖြင့် သြဘာသောင်း အငြိမ့်ခန်းတွင် ခင်ဝင်းနွယ်က ပန်တျာတွင် သင်ရိုးတစ်ပုဒ်ဖြစ်သော ကဗျာညွန့် သီချင်းကို ယိမ်းအဖွဲ့နှင့် ဦးဆောင်ပြီး ကပြခဲ့သည်။ ထို့နောက် သြဘာသောင်း၏ အပျိုတော်မစွပ်စို သီချင်း၊ သြဘာသောင်းတင် ဘွဲ့ တေးထပ်၊ ပန်တျာသင်ရိုး နောက်တစ်ပုဒ်ဖြစ်သော စိန်ဗေဒါကြီး၏ အသက်ကလေးရယ် ရှည်စေလို သီချင်းဖြင့် ကပြသည့် ခေတ်ခန်းတပင်တိုင် အကဖြင့် ကပြခဲ့သည်။ ထို့နောက် ကဗျာလွတ် စတုတ္ထအဆင့် ၂၅ကွက်ဖြင့် မြို့မတူရိယာဘွဲ့ မြတ်မင်္ဂလာ တေးထပ် နှင့် ကဗျာလွတ် ပဉ္မမအဆင့် ၂၅ကွက်ဖြင့် ရှေးရိုးတပင်တိုင် အက တို့ဖြင့် ကပြခဲသည်။

 

 

မန္တလေးနှင့် မြေလတ်၊ မူ ၂မူ တေးထပ်
—————————————–
သည်နေရာတွင် တေးထပ်နှင့် ပတ်သက်၍ အငြိမ့်ခန်းမှာလည်း တေးထပ်နှင့် စတုတ္ထအဆင့် မှာလည်း တေးထပ်မို့ အတူတူပဲ မဟုတ်ဘူးလားဟု မေးစရာရှိပါသည်။ တကယ်တော့ တေးထပ်ဟူသည် မန္တလေးရတနာပုံခေတ်၏ အမှတ်အသား တေးကြီးဘွဲ့ကြီး ဖြစ်သည်။ မန္တလေးယဉ်ကျေးမှု၏ အဆီအနှစ်ဖြစ်သည်။ အဆို အတီး အက ၃မျိုးစလုံး၏ ပညာခန်း အညွန့်အဖူးလည်း ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်က ပညာရှင်များထံ ခေါင်းခွေ့ မေးမြန်းပြီး တေးထပ်ကို တခမ်းတနားထည့် ခဲ့သည်။ အငြိမ့်ခန်းတွင်ပါသော သြဘာသောင်းတင်ဘွဲ့ တေးထပ်ကို မြင်းခြံက အယူတော်စိန်မြင့်အောင်၏ သမီး အဆိုတော် အေးအေးမြင့်အောင်က သီဆိုပြီး စိန်တင့်လွင်၏ မြန်မာဆိုင်းဝိုင်းဖြင့် တီးမှုတ်သည်။ ထိုတေးထပ်တီးလုံးက ရွာစားကြီး စိန်ဗေဒါ၏ မန္တလေးမူ ဖြစ်သည်။ နောက် ကဗျာလွတ် စတုတ္ထအဆင့် မှာပါသည့် မြတ်မင်္ဂလာအစချီ မြိုမဘွဲ့ တေးထပ်ကို မြို့မ အဆိုတော် အေးသီတာ သီဆိုပြီး မြို့မက တီးမှုတ်သည်။ မြို့မတီးမှုတ်သော တေးထပ်မူက ပခုက္ကူရွာစားကြီး စိန်ဘညို၏ မြေလတ်မူ ဖြစ်သည်။ ထိုမူကို စောင်းဆရာကြီး ဦးဘသန်းက ပခုက္ကူတွင် စစ်ရောှင်ရင်း ချပေးခဲ့သည်ဟုလည်း ဆိုစမှတ်ရှိသည်။

 

 

ထိုမူအတိုင်း မန္တလေးပန်တျာ စန္ဒရားဆရာကြီး ဦးအုန်းမောင်က အဆိုတော် ထား နှင့် သီဆို တီးခတ်ထားသည့် သန်းယံလယ် မဟာဂီတသီချင်းကြီး၏ တေးထပ်အပိုဒ်ကို လက်စွမ်းပြထားသည်။ ထို့ကြောင့် ဆရာကြီးဦးအုန်းမောင် တီးခတ်ခဲ့သည်ကို ပြန်လည်ဖော်ထုတ်သည့် အနေနှင့် ဦးရွှန်းမြိုင်က မြို့မ၏ အနောက်တိုင်းတူရိယာများကို အနောက်တိုင်းဂီတသင်္ကေတများသုံးကာ လက်ကွက် စိပ်လှသည့် မြေလတ်မူ တေးထပ်ကြီးကို တီးမှုတ်စေခဲ့ခြင်း ဖြစ်သည်။ ထိုတေးထပ်ကြိးစတင် တီးလုံးတိုက်စဉ်က လေမှုတ်သမားတွေ၏ နှုတ်ခမ်းများဖူးယောင်ကုန်ကြသည်။ ထို့ကြောင့် ကျွန်တော်က ယခု အစီအစဉ်တွင် တေးထပ်ကို မန္တလေးမူရော မြေလတ်မူရော ပါဝင်စေခဲ့ခြင်း ဖြစ်သည်။ အက သန်လှသည့် မမခင်ဝင်းလည်း တေးထပ် ၂ပုဒ်မှာ မတူအောင် အစွမ်းပြပေရော့။

 

 

ရိုက်ကူးသည့် နေ့ မနက် ၉နာရီ အားလုံးစုံလင်သည်နှင့် အိုရီယမ်တယ်ဟောက်စ်၏ မင်္ဂလာခန်းမကြီးအတွင်း တီးဝိုင်း ၂ဝိုင်းစလုံးကို နေရာချပြီး အသံဖမ်းဆရာ ကိုချိုလေး(နွေငြိမ်း) က သီချင်းတိုင်းကို တစ်ပြိုင်နက် တစ်ဆက်တည်း တီးမှုတ်စေပြီး အသံသွင်းသည်။ အားလုံး တစ်မနက်နှင့် ပြီးစီးသည်။ ထို့နောက် စင်ပေါ် ဝိုင်းဆင်ပြီး တောက်လျှောက် ရိုက်ကူးသည်။ ကင်မရာအဖွဲ့က လှဂုဏ်ရည် ကိုကျော်ဝင်းဦးစီးပြီး တူဖြစ်သူ မောင်မောင်(သီတဂူ)၊ သားဖြစ်သူ ကျော်သူဝင်းတို့ အဖွဲ့က ကင်မရာ ၅လုံးဖြင့်ရိုက်ကူသည်။

 

ရည်ရွယ်ချက်တူ လူညီလျှင် ပျော်စရာကောင်းသည်
——————————————————
သည်နေရာတွင် ပြောကြားလိုသည်မှာ အငြိမ့်ခန်းအတွက် လူရွှင်တော်ကြီး ဦးထင်ပေါ်ကို အကူအညီ တောင်းသည်။ ကျွန်တော်က “လေးထင်ပေါ်၊ အငြိမ့်ခန်းကို အခံ့ပဲ ပြချင်တယ်ဗျ၊ ပြက်လုံကအစ သမားစဉ် အခံ့အညားလေးတွေပဲ ပါချင်တာ၊ အဓိက က ပန်တျာသမိုင်းနဲ့ ကဗျာလွတ်သမိုင်းကို ပေါ်ချင်တာပါဟုပဲ ပူဆာသည်။ လေးထင်ပေါ်က သမ္ဘာရင့် ဝါရင့်ပဲလေ၊ ချက်ချင်းသဘောပေါက်သည်။ ထို့ကြောင့် တွဲဖက် လူရွှင်တော် ဂျယ်လီ ဒါလေး တို့နှင့်အတူ အတိုင်အဖောက်ညီစွာ ကူညီခဲ့၏။ သူတို့ပြက်လုံးခွင်တွေကို စင်ပေါ် တကယ်ရိုက်မှပဲ သိရသည်။ သမိုင်းကျောင်းကအစ လေးထင်ပေါ်က သေချာ ပြောဆိုသွားသည့် ကျေနပ်ဖွယ် အငြိမ့်ခွင် ဖြစ်ပါသည်။

 

ထို့ပြင် ကျေးဇူးတင်ရမည့် နောက်တစ်ယောက်က အသံဖမ်းပညာရှင် ကိုချိုလေး ဖြစ်သည်။ ကျွန်တော်က ကိုချိုလေးရေ ဒါလေးလုပ်ကြရအောင် ဆိုတာနှင့် မငြီးမငြူ ပညာကုန် ပစ္စည်းကုန် ထုတ်သုံးကာ အစအဆုံး အကောင်းဆုံးကူညီသည်။ မြို့မ ပင်မဝိုင်းကြီးရော ထပ်တိုးတယောဝိုင်းရော စိန်တင့်လွင် ဆိုင်းအဖွဲ့ရောကို ဘယ်စတူရီယိုမှာမှ မဟုတ်ဘဲ မင်္ဂလာခန်းမအတွင်း သေချာနေရာချကာ တစ်ပြိုင်နက် တီးမှုတ်စေပြီး အသံသွင်းပေးခဲ့သည်။ အစီအစဉ်ကြီးတစ်ခုလုံးက တီးလုံးတွေ သီချင်းတွေအားလုံး တစ်မနက်ခင်းနှင့် ပြီးခဲ့သည်။ နေ့လယ် မွန်းမတည့်မီက စသည့် ရိုက်ကူးရေး အစီအစဉ်ကလည်း ဘာရီဟာဆယ်မှ မပါဘဲ တောက်လျှောက်ရိုက်လိုက်တာ ည၇နာရီမထိုးမီ ပြီးစီးခဲ့သည်။ မန္တလေးက စိတ်တူ ကိုယ်တူတွေ အတူ အလုပ်လုပ်ရလျှင် အလွန်ပျော်စရာ ကောင်းလှ သည်။ ဘယ်သူမှ ကြေးစကားမပြော။ အားလုံးပြီးစီးမှ ဘယ်လို ချီးမြှင့်ရမလဲဟု မေးမှ ကြည့်ပေးပါဗျာ၊ ပြောရမယ့် သူတွေမှ မဟုတ်တာဟုပဲ ပြောကြသည်။ ပျော်စရာလည်း ကောင်းလှပါ၏။

 

အစ်မကြိး ဒေါ်ခင်စောဦးကလည်း သူ့မိခင်၊ သူ့အဒေါ်များနှင့် အတူ သူ့ညီအစ်မများ သူ့မိသားစုများနှင့် ပွဲအပြီး ညစာတည်ခင်းပေးရင်း ပျော်ရွှင် ကျေနပ်ခဲ့ကြသည်။ ကဗျာလွတ် အဆင့်၅ဆင့် ကကွက်များကိုတော့ နောက်ရက်မှာ ကိုကျော်ဝင်း၏ လှဂုဏ်ရည် စတူရီယိုတွင် မမခင်ဝင်းနှင့် ရိုက်ကူးကြမည်။ ထိုကကွက်များ၏ ဒိုးဆစ်များကိုလည်း မမခင်ဝင်း က ပြသပေးပြီး ဒိုးဆရာ ကိုသန်းမောင်ဝင်း၏ တီးခတ်ထားမှုကိုလည်း ကိုချိုလေး ၏ နွေငြိမ်း စတူရီယိုတွင် အသံသွင်းထားပြီးပါပြီ။ ကိုင်း ရိုက်ကူးရေး အစီအစဉ်တွေ ပြီးစီးတာနှင့် လှဂုဏ်ရည်မှာပဲ တည်းဖြစ်ပြီး ဆင်ဆာတင်ရမည်ပေါ့။

 

အများပြည်သူအား ပြသရန် မသင့်လျော်သောကြောင့်
——————————————————-
“ဗုံလေးလုံးသံစဉ် ဂန္ထဝင် အကပဒေသာ” ဗီစီဒီကို ကိုကျော်ဝင်း(လှဂုဏ်ရည်) ကြီးကြပ်ပြီး ကျွန်တော်ကိုယ်တိုင် တည်းဖြတ် ပြီးသောအခါ ၂၀၁၀ခုနှစ် စက်တင်ဘာ ၁၄ရက်နေ့တွင် ဆင်ဆာအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက် တောင်းခံခဲ့၏။ ဆင်ဆာတွင် မကြာပါ။ စက်တင်ဘာ ၂၃ ရက်နေ့စွဲဖြင့် အကြောင်းကြားစာ ပြန်လည် ပေးပို့ခဲ့သည်။ ဆင်ဆာအဖွဲ့၏ ပြန်လည် ပေးပို့သည့် စာအရ ကျွန်တော်တို့မှာ ငိုအားထက် ရယ်အား သန်ရတော့သည်။ တိုတိုပဲ ပြောကြပါစို့၊ အတော်စိတ်ပျက်ဖွယ်ကောင်းသည့် အကြောင်းကြားစာပဲ ဖြစ်သည်။

 

ဗီဒီယို ဆင်ဆာအဖွဲ့၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ ၂၀၁၀ပြည့်နှစ် ၊ စက်တင်ဘာ ၂၃ရက်စွဲပါ စာအမှတ်၊ ၃/ဗီ- ဆင်ဆာ/ ၂၀၁၀ (၂၂၆၃-က) ဖြင့် အကြောင်းကြား လာသည်မှာ ယခုခွေပါ ကပြသည့် မင်းသမီးမှာ အသက်အရွယ် ကြီးရင့်နေသဖြင့် အရွယ်ငယ်သည့် မော်ဒယ် မင်းသမီးတစ်ယောက်နှင့် အစားထိုးရန်၊ ယခုခွေပါ သီချင်းများ တီးလုံးများ အားလုံးမှာ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကို အနောက်တိုင်းတူရိယာများနှင့် ပူးတွဲတီးမှုတ်ထားသဖြင့် ယဉ်ကျေးမှုကို ထိန်းသိမ်းသော အားဖြင့် မြန်မာဆိုင်းဝိုင်း ဖြင့်သာ ပြောင်းလဲ တီးမှုတ်ရန်၊ ရှေးရိုးတပင်တိုင်အက တီးလုံးတွင်လည်း ရှေးရိုး သမားစဉ် မူအတိုင်း ဟု ပြောဆိုထားသော်လည်း ဖျဉ်းချင်အပိုဒ်တွင် မြို့မက ခေတ်ပေါ်တီးလုံးများ တီးမှုတ်ထားသဖြင့် ပယ်ဖြုတ်ရန်၊ ယခု ကဗျာလွတ်အကများသည် နိုင်ငံတော်က အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်များ၊ ပန်တျာကျောင်း များတွင် ပြဋ္ဌာန်းထားသော သင်ရိုးများနှင့် မတူဘဲ ကွဲလွဲနေသဖြင့် အကျယ်အကျယ် အငြင်းပွားဖွယ် ဖြစ်နိုင်သောကြောင့် နိုင်ငံတော်မူအတိုင်း ပြန်လည် ကပြထည့်သွင်းရန် ဟူသော အကြောင်းပြချက်များနှင့် အဆုံးသတ်တွင် ဤခွေသည် အများပြည်သူအား ပြသရန် မသင့်လျော်သောကြောင့် ခွင့်မပြုသင့် တဲ့။

ကိုင်း.. မောင်ဆူးငှက်တို့ ဒို့မန္တလေး ဒို့မန္တလေး ဆိုပြီး လက်မတထောင်ထောင် လုပ်နေခဲ့ကြတာ ဘယ့်နှယ်ရှိစ။

 

 

ဒီမိုးဒီလေ ဒီလူတွေနှင့် လုပ်ချင်လိုက်ဦး ယဉ်ကျေးမှု
——————————————————-
ကျွန်တော်တို့မှာ ဒေါသဖြစ်ဖို့ပင် မတန်တော့၊ ဒီမိုးဒီလေ ဒီလူတွေနှင့် လုပ်ချင်လိုက်ဦး ယဉ်ကျေးမှု၊ လက်သီးလက်မောင်း တန်းလိုက်ပါဦး မန္တလေး အနုပညာ၊ ကိုင်း ထားလိုက်တော့။ မဖြန့်ရလဲ မဖြန့်ရုံပေါ့။ သမိုင်းဆိုတာ ဖျက်ပစ်လို့မှ မရတာလေ။ သရက်ကုန်းရပ်ကွက်မှာ မြေသိမ်းတာကမှ ကိုယ်ကြိုက်လို့ ကိုယ်သိမ်းတယ်ကွာ ဘာဖြစ်လဲ၊ မကျေနပ်ရင် တိုင်ချင်ရာတိုင် ဆိုသည်ကမှ လူမိုက်ပီပြင်သေးသည်။ ဘယ့်နှယ် အခုဟာက ပိတ်ပင်တားဆီးသည်ကိုက အဆင့်မရှိလိုက်ပုံ။ ပညာသားမပါလိုက်ပုံ ရယ်စရာ ကောင်းလှချည့်။ ကျွန်တော်တို့လည်း စိတ်ပျက်လက်ပျက်နှင့် သည်ကိစ္စ အကြောင်းလည်း မပြန်ဘဲ ပစ်ထားလိုက်ကြတော့သည်။

သည်လိုနှင့် ပစ်ထားလိုက်သည်မှာ ၂၀၁၁ခုနှစ်သို့ပင် တိုင်ပါပြီ။ ထိုစဉ်ကာလ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးဌာနမှ အဆင့်မြင့် တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ၂၀၁၀ ကာလ ကတည်းက မီဒီယာစာမျက်နှာများတွင် သတင်းအဖြစ် ပါရှိခဲ့သည့် ဗုံလေးလုံးသံစဉ်ခွေအကြောင်း သတိရလို့ထင်သည်။ ထိုခွေ ထွက်ပါပြီလား၊ ထွက်လျှင် ဝယ်ချင်လို့ပါဟု ကျွန်တော့်ထံ ဖုန်းဆက်မေးသည်။

 

စာရေးဆရာ အစစ်တွေက အင်တာဗျူးဖို့ မလိုပါဘူးဗျာ
———————————————————-
ထိုပုဂ္ဂိုလ်ကို ၂၀၀၈ခုနှစ်က ကျွန်တော် အမျိုးသားစာပေဆုယူရန် နေပြည်တော်ရောက်စဉ်က ရင်းနှီးခဲ့သည်။ သူက စာသမားဖြစ်ရုံမက စာတွေလည်းရေးသည်။ ပြန်ကြားရေးဝန်ကြီးဌာနက သူ့ရုံးခန်းမှာ ဆရာနေဝင်းမြင့်နှင့် ကျွန်တော့်ကို ခေါ်ယူဧည့်ခံပြီး စကားတွေ ပြောဖြစ်ကြသည်။ တီဗွီအစီအစဉ်များက ကျွန်တော်တို့ကို အင်တာဗျူးမည် စသည့် အစီအစဉ်များ ရှိသည်ကိုပင် သူက “အဲ့ဒီ ပရိုဂရမ်တွေက ကျွန်တော် ခိုင်းထားတာတွေပါ။ ဆရာတို့ စာရေးဆရာ အစစ်တွေက အင်တာဗျူးဖို့ မလိုပါဘူးဗျာ၊ စာရေးဆရာအတုတွေက လုပ်ကြပါ လိမ့်မယ်။ ထားခဲ့ပါ။ ကျွန်တော်တို့ ကြက်ဂွေးတောက် ကာလသားချက်နဲ့ ထမင်းသွားစားကြရအောင်” ဟု ဆိုကာ သူ့ကားကို ကိုယ်တိုင်မောင်းပြီး ထမင်းစားကြ၊ လက်ဖက်ရည် သောက်ကြ၊ စကားပြောဖြစ်ကြပြီး ခင်မင်သွားသည်။

 

ယခု ထိုပုဂ္ဂိုလ်က ဗုံလေးလုံးခွေ ထွက်ပြီလား၊ ဝယ်ချင်လို့ပါ ဆိုတော့ အခန့်သင့်ဖြစ်သွားပြီး တယ်လီဖုန်းထဲကပဲ ကြောင်းချင်းရာကို အတိုချုပ်ပြောပြလိုက်တော့ သူက အံ့အားသင့်သွားသည်။ သူမေးကြည့်ပါဦးမယ် သိရတဲ့ အကျိုးအကြောင်းကို ပြန်ပြောပါ့မယ် ဟုလည်း ဆိုသည်။ ဤသို့ဖြင့် ညနေရောက်တော့ ဖုန်းဆက်လာသည်။ နက်ဖြန် မနက်စောစော နေပြည်တော်ကို ကျွန်တော် ကိုယ်တိုင် လိုက်ခဲ့ပါတော့၊ ရောက်တာနှင့် ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဝန်ကြီးရုံးကို လာခဲ့ပါဟု အကြောင်းကြား ပါသည်။ ကိုင်း.. သွားရဦးမည် နေပြည်တော်ဆီ။

 

ဝန်ကြီး ၂ပါး ထသတ်ရမည့် ကိန်း
———————————–
ဗုံလေးလုံးသံစဉ် အစီမစဉ် ဆင်ဆာကိစ္စနှင့် နေပြည်တော်သွားရတော့ ပြန်ကြားရေးဝန်ကြီးရုံးမှာ ရုပ်ရှင်လုပ်ငန်းက ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ရသည်။ မတွေ့မီ ကျွန်တော့်ကို ကူညီသော ပြန်/ဆက်က အရာရှိကြီးနှင့် သူ့ရုံးခန်းမှာ တွေ့တော့ ကော်ဖီသောက်ကြရင်း အကျိုးအကြောင်း ပြောဖြစ်ကြသောအခါ သူက “ကျွန်တော်လည်း ဆရာဆူးက ဆင်ဆာက မကျဘူးလို့ ပြောမှ မေးကြည့်လိုက်တော့ ဆရာ့ခွေက ကျွန်တော်တို့ ဝန်ကြီး၂ပါး နပန်းလုံးကြရမယ့်ကိန်းပဲဗျ၊

 

ကျွန်တော်တို့ ပြန်ကြားရေးက ဘာမှ ကန့်ကွက်စရာမရှိဘူး ခွေကြည့်ပြီး သဘောတောင် ကျနေကြတာ၊ အဲ့ဒါကို ယဉ်ကျေးမှု ဝန်ကြီးဌာနက အသည်းအသန် ကန့်ကွက်နေတာ။ ကျွန်တော်တို့လည်း ဖြစ်စဉ်ကို မသိလို့ ဆရာဆူး ကို ခေါ်လိုက်ရတာပါ။ ရုပ်ရှင်လုပ်ငန်းက ညွှန်ချုပ်ကြီးနဲ့ တွေ့ရင် သေချာ ရှင်းပြလိုက်ပါ” ဟု ရယ်ကာမောကာ ပြောပြသည်။

 

၁၉၅၃ခုနှစ်ကတည်းက တီထွင်ခဲ့တဲ့ ကဗျာလွတ်
—————————————————-
တကယ်တမ်း ရုပ်ရှင်လုပ်ငန်း ညွှန်ချုပ်နှင့်လည်း ဆင်ဆာက ထောက်ပြသည့် အချက်များကိုပဲ တစ်ချက်ချင်း ရှင်းပြလိုက်သည်။ ယခုက ကပြသူမှာ ဒေါ်သြဘာသောင်း တပည့်ရင်း အကပညာရှင်ဖြစ်ကြောင်း၊ ဆရာမကြီး၏ ကဗျာလွတ်ကကွက် အဆင့်၅ဆင့် ကကွက် ၁၂၅ကွက်ကို ရယူထားသူဖြစ်ကြောင်း၊ ထိုကကွက်များအား တတ်မြောက် ထားသူ ပညာရှင်ကိုယ် ကပြထားခြင်းကို ယခုခွေက မှတ်တမ်းတင်ထားကြောင်း။ မြန်မာဆိုင်းနှင့် မြို့မကဲ့သို့ ခေတ်ပေါ်ဝိုင်း ပူးပေါင်းတီးခတ်ကြခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၈၀ကျော် စိန်ဗေဒါခေတ် ကတည်းက ရှိခဲ့ကြောင်း၊ အခုမှ အဆန်းထွင်တာ မဟုတ်ကြောင်း၊ ယိုးဒယား ကန်တော့ခန်း တီးလုံးထဲမှ ဖျဉ်းချင်အပိုဒ်တွင်ပါသည့် မြို့မက တီးသည့် အပိုဒ်တစ်ပိုဒ်မှာလည်း အသစ်မဟုတ်ကြောင်း စိန်ဗေဒါ၏ အဿဓိုရ်ဟူသော တီးလုံးဖြစ်ကြောင်း၊ ဖျဉ်းချင်အပိုဒ်ဟူသည် မင်းသမီး က နိုင်လျှင် ကနိုင်သလောက် သံချပ်ကအစ တီးလုံးပဒေသာ ထည့်ရကြောင်း၊ ယခု ယိုးဒယားကန်တော့ခန်း တီးလုံးမှာလည်း စိန်ဗေဒါကြီး မူအတိုင်း တီးမှုတ်ထားခြင်း ဖြစ်ကြောင်းကို သေချာရှင်းပြလိုက်သည်။

 

ထို့နောက် အမျိုးသမီး ကဗျာလွတ်အက ဟူသည် ၁၉၅၃ခုနှစ်ကတည်းက မန္တလေးပန်တျာတွင် ဒေါ်သြဘာသောင်းက စံနစ်တကျ အချိန်ယူ တီထွင်ခဲ့ပြီး ထိုစဉ်ကာလ ဝန်ကြီး ဗိုလ်ခင်မောင်ကလေး ကိုယ်တိုင် ကဗျာလွတ်အက ဟု အမည်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု နိုင်ငံတော်မူဟူသော ကဗျာလွတ် က ၁၉၈၀ဝန်းကျင်မှ ဟိုအကထဲက နည်းနည်း ဒီအကထဲကနည်း စုပေါင်းစပ်ပေါင်း လက်ပူတိုက်ပြီး လုပ်ခဲ့သည့် မူဖြစ်ကြောင်း၊ ယခုခွေက ဒေါ်သြဘာသောင်း၏ မူလ အရင်းခံ ကဗျာလွတ်ကိုပဲ မှတ်တမ်းတင်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်မူ ဟူသည်နှင့် တူစရာမလိုကြောင်း ထို့ကြောင့် ဆင်ဆာက ထောက်ပြသည့် အချက်များမှာ မှန်ကန်မှုမရှိသောကြောင့် မပြင်နိုင်ကြောင်း၊ အကယ်၍ ထုတ်ဝေခွင့် မပြုလျှင်လည်း မိမိတို့မှာ ပြည်တွင်းတွင် လုံးဝထုတ်ဝေခြင်းမပြုပဲ နိုင်ငံတကာရှိ တက္ကသိုလ်ကြီးများသို့ မြန်မာအကမှတ်တမ်းအဖြစ် ပေးပို့လှူဒါန်းသွားမှာ ဖြစ်ကြောင်း ရှင်းပြသည်။ ညွှန်ချုပ်ကြီးက သဘောပေါက်ပြီး အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးပါမယ်။ စောင့်ပါဦးဟု ပြောလိုက်ပါသည်။

 

ထိုနှစ် စက်တင်ဘာလထဲမှာပင် ရန်ကုန်ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်းက ကျွန်တော့်ကို လှမ်းခေါ်ပြန်သည်။ ထို့ကြောင့် ရန်ကုန်သို့ လိုအပ်သည့် စာရွက်စာတမ်းများ အထောက်အထား စာအုပ်များနှင့်အတူ ကျွန်တော်တို့ဘက်က လိုက်လျောနိုင်သည့် အချက်များ ဖြေလျော့ ပြင်ဆင်ထားသည့် အခွေကိုလည်း လိုရမယ်ရ ယူပြီး ပြင်ဆင်သွားခဲ့သည်။

 

မန္တလေးကဆိုရင် သတိထားရတယ်
—————————————-
ရန်ကုန်ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဆင်ဆာအဖွဲ့ရုံးသို့ သွားရောက်ပြီး ပြသ ညွှန်ကြားရေးမှူးနှင့် တွေ့ရ၏။ အသင့်စောင့်ကြိုနေကာ ဖော်ဖော်ရွေရွေရှိသည်။ အပေါ်ထပ်ရှိ ရုံးခန်းထဲမှာ ဝီရိယကောင်းစွာဖြင့် ဆင်ဆာတင် ထားကြသည့် သင်္ကြန်ခွေများကို ကြည့်နေကြသည်။ ညွှန်မှူးက သူ့အခန်းထဲတွင် ကျွန်တော့်ကို သီးခြားတွေ့ပြီး “ညွှန်ချုပ်ကြီးက ဆရာတို့ခွေကို အဆင်ပြေအောင် လုပ်ပေးလိုက်ပါလို့ ရန်ကုန်လာတုန်းက သေချာမှာသွားပါတယ်၊ ကျွန်တော်လည်း အတော်ခေါင်းစားနေပြီဗျာ၊ ဖြစ်စဉ်က ဒီလိုဗျ၊ ဆရာတို့အခွေ ဆင်ဆာမှာ ရောက်လာတော့ မန္တလေးကလည်း ဖြစ်တယ်၊ ထူးထူးဆန်းဆန်း အကြောင်းအရာလည်း ဖြစ်တယ်၊ ကျွန်တော်တို့ မကြးဖူးတဲ့ နံမည်တွေလည်း ဖြစ်တယ် ဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မကိုင်ရဲဘူးဗျ၊ ကျွန်တော်တို့မှာ မန္တလေးကဆိုရင် သတိထားရတယ်။

 

ဒါကြောင့် ဒီခွေကိုတော့ နားလည်သူတွေနဲ့ ကြည့်မှ ဖြစ်မယ်ဆိုပြီး စီစဉ်ရတာပါ။ ဒီတော့ ဘယ်သူတွေကို ကြည့်ခိုင်းရမလဲဆိုပြီး ယဉ်ကျေးမှု ဝန်ကြိးဌာနကို အကူအညီတောင်းရတယ်။ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ညှိပြီး ပြင်ပပညာရှင်ကို အကူအညီတောင်းရတယ်ဗျ၊ ဒါနဲ့ ယဉ်ကျေးမှု တက္ကသိုလ်က ဆရာတွေနဲ့ ပြင်ပပညာရှင်နဲ့ အဖွဲ့ဖွဲ့ပြီး ဆရာတို့ ခွေကို စစ်ကြတာပါ။ အခု ဆင်ဆာက ထုတ်တဲ့ စာက ဒီအဖွဲ့ရဲ့ အဆုံးအဖြတ်ပါ။ အခု ညွှန်ချုပ်ကြီးက ဆရာ့ခွေကို အဆင်ပြေအောင် လုပ်ပေးလိုက်ပါ ဆိုတော့ ကျွန်တော်တို့လည်း ဘာဆက်လုပ်ရမှန်းမသိလို့ ဆရာ့ကို လှမ်းခေါ် လိုက်ရတာပါ” ဟု ရှင်းပြသည်။

 

ပြင်ပပညာရှင်ဆိုသူက အခရာ
————————————
ကျွန်တော်က ထိုအဖွဲ့၏ ဆင်ဆာကတဆင့် ထောက်ပြသည့် အချက်များကို နေပြည်တော်တွင် ညွှန်ချုပ်ကြီးကို ရှင်းပြသကဲ့သို့ပင် ယခု ညွှန်မှူးကိုလည်း တိုတိုတုတ်တုတ် ရှင်းပြလိုက်သည်။ တစ်ခုပါပဲ၊ ဆရာတို့ ဖွဲ့တဲ့ အဖွဲ့ထဲက ယဉ်ကျေးမှု တက္ကသိုလ်က ဆရာတွေလည်း ပါတယ်ဆိုတော့ သူတို့က ဘယ်အရွယ်တွေလဲဗျ ဟု မေးလိုက်သည်။ “ဟာ.. ဆရာကလည်း အဲ့ဒီဆရာတွေက ရှိလှ အသက်၃၀ ကျော်တွေပါ” ဟု ညွှန်မှူးက ဖြေသည်။ ကျွန်တော်က “သြော် အသက်၃၀ကျော်တွေဆိုတော့ သူတို့တောင် မမွေးသေးတဲ့ အချိန်က ကိစ္စတွေကို ဘယ်သိရှာ ကြမလဲဗျာ၊

 

ဒီတော့ ပြင်ပ ပညာရှင်က အဖွဲ့မှာ အခရာပေါ့ဗျာ၊ သူပြောသမျှ ယဉ်ကျေးမှု တက္ကသိုလ်က ဆရာတွေ ခေါင်းညိတ်ရမှာကိုး” ဟု ပြောလိုက်သည်။ ညွှန်မှူးက ခေါင်းကုပ်ပြီး သူ့စာပွဲ အံဆွဲကို ဖွင့်သည်။ အံဆွဲထဲက ဖိုင်တွဲ တစ်တွဲကို ထုတ်သည်။ ထိုဖိုင်တွဲကို ကျွန်တော့်ရှေ့ တွန်းပို့သည်။ “ကိုင်းဗျာ၊ ဆရာရေ၊ ကျွန်တော်လည်း မပြောတတ်တော့ဘူးဗျာ၊ အဲ့ဒီ ဖိုင်သာ ဖွင့်ကြည့်ပါတော့ဟု ပြောလိုက်လေ၏။

 

နောက်ကွယ်က အကြောင်းတွေများရှိလားဗျ
————————————————–
ညွှန်ကြားရေးမှူးက ကျွန်တော့်ရှေ့ ထိုးပေးလိုက်သော ဖိုင်ကို ယူကြည့်လိုက်သည်။ ဖိုင်က အတော်ထူ၏။ သြော်.. ဒို့လုပ်လိုက်တဲ့ ခွေက အတော်ရေးကြီးခွင်ကျယ်ရှိပါလားဟုလည်း ကြံဖန် ဘဝင်မြင့်မိသည်။ ဖိုင်ထဲမှာ “ဗုံလေးလုံးသံစဉ် ဂန္ထဝင် အကပဒေသာ” ဗွီစီဒီခွေအား စိစစ်ရေး အဖွဲ့ဟူသော အမည်စာရင်းများတွေ့သည်။ အများစုက ယဉ်ကျေးမှု တက္ကသိုလ်က ဆရာမျာဖြစ်သည်။ အကဆရာ၊ ဂီတဆရာ၊ ပြဇာတ်ဆရာ၊ ပန်းချီဆရာသာမက ပန်းပုဆရာပင် ပါလိုက်သေးသည်။ စိန်အမည်ဖြင့် ဆိုင်းဆရာများပင် ပါလိုက်သေး၏။

 

စိစစ်ရေးအဖွဲ့ထဲက ပြင်ပပညာရှင်ဟူသော အမည်က ထိပ်မှာ ပြူးနေသည်။ ထိုနံမည်ကို မြင်လိုက်တော့ မထူးဆန်းပေမင့် သူက ဒီခွေကို မျတ်ချက်တွေ ပေးကန့်ကွက်သည် ဆိုသည်ကတော့ အံ့သြသည်။ သို့သော် စဉ်းစားကြည့်တော့ အံ့သြစရာ မလိုတော့ချေ။ ထို့ကြောင့် ကျွန်တော်က မချိပြုံး ပြုံးလိုက်မိသည်။ ထိုသို့ ပြုံးလိုက်သည်ကို ညွှန်ကြားရေးမှူးက မြင်လိုက်သည်။ သူက လက်ထဲရှိ ဘောလ်ပင်ကို ဖွင့်ချည်ပိတ်ချည်လုပ်ရင်း “ကျွန်တော်တို့ အဖွဲ့ဖွဲ့တော့ အတော်များများက သြဘာသောင်းဆိုတာ မကြားဖူးကြဘူးဗျ။ ဒီတော့ ဘယ်လို စီစစ်ရမယ်ဆိုတာ မစရှာမရ ကြဘူး။ ဒါနဲ့ ဒေါ်သြဘာသောင်း တပည့်တွေ ရန်ကုန်မှာ ရှိတယ်လို့ သိရတော့ စုံစမ်းပြီး ချဉ်းကပ်ကြတယ်။

 

သြော် တကယ့် နံမည်ကျော် ၂ယောက်ကိုးဗျ၊ တစ်ယောက်ကတော့ ရိပ်သာမှာပဲနေပြီး တရားစခန်းဝင်နေတယ်၊ အနုပညာအလုပ် တွေလည်း မလုပ်တော့ဘူးလို့ သိရတယ်။ ကျန်တစ်ယောက်ကတော့ လောလောဆယ်ကို ဒီလောကထဲမှာ ရှိနေတယ်၊ ရှပ်ရှင်အပါအဝင် အနုပညာအလုပ်တွေလည်း လုပ်နေတာမို့ အကူအညီတောင်းလိုက်ရတာပါ။ သူဦးစီးပြိး စီစစ်ကြတာပါ၊ ကျွန်တော်တို့ ကလည်း ကိုယ်နားမလည်တော့ နားလည်တဲ့သူကို လွှဲရတာပါ။ ဒါနဲ့ နေပါဦး ဆရာက ခုန စာရွက်ကို ကြည့်ပြီး ပြုံးလိုက်တာ မြင်လိုက်လု့ိပါ။ ကျွန်တော်တို့ မသိတဲ့ နောက်ကွယ်က အကြောင်းတွေများရှိလားဗျ၊ ဒီကန့်ကွက်တာကြီးက ထူးဆန်းနေလို့ပါ” ဟု စိတ်ဝင်တစား မေးသည်။

 

ပုဂ္ဂိုလ်ရေးကြောင့်ကိုး
————————-
ကျွန်တော်က လွယ်အိတ်ထဲမှာ အသင့်ပါသည့် စာအုပ်ကို ယူပြီး ညွှန်ကြားရေးမှူးရှေ့ ပြလိုက်သည်။ ညွှန်ကြားရေးမှူးက အံ့အားသင့်စွာ ယူကြည့်သည်။ “ဟာ.. ဒါက ၁၉၈၀ခုနှစ် ကတည်းက ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ခဲ့တာပဲဗျ၊ ကျွန်တော် မမြင်ဖူးဘူး၊ ဒေါ်သြဘာသောင်း၏ ကဗျာလွတ် ကကွက်များ (ပထမဆင့်) ဆိုပါလား၊ ဒါနဲ့ မျက်နှာဖုံးပုံ့..” ဟု မေးတော့ ကျွန်တော်က အဲ့ဒီပုံက အခု အခွေထဲက ဒေါ်ခင်ဝင်းနွယ်ကိုယ်တိုင်ပါပဲ၊ အဲ့ဒီတုန်းက အသက် ၁၆နှစ်ကျော်၊ အခု ခွေမှာက အသက် ၆၀ကျော်ပေါ့ဗျာ” ဟု ရှင်းပြရသည်။ ညွှန်ကြားရေးမှူးက စာအုပ်ကို စိတ်ဝင်စားစွာ လှန်လှောကြည့်ရင်း “ဟ.. အထဲမှာ ပြင်ထားတဲ့ မှင်နီတွေက တစ်အုပ်လုံးပါလားဗျ၊ မှင်နီအိုးထဲ နှစ်ထားတဲ့ အတိုင်းပါလား” ဟု အံံသြစကားဆိုတော့ ဟုတ်ပါ့ဗျာ၊ ဝန်ကြီးဌာနက ထုတ်ပြီး အမှာတွေချည်းမို့ ဗိုလ်ချုပ်ကြီးနေဝင်းအထိ တက်တိုင်ထားတဲ့ စာအုပ်ဗျ ဟု ရှင်းရပြန်သည်။

ကျွန်တော်က ခဏနော်ဟု ဆိုကာ စာအုပ်ကိုယူပြီး ရှေ့ပိုင်းက အမှာစကားတွင်ပါရှိသော အပိုဒ်တစ်ပိုဒ်ကို လက်ဖြင့် ထောက်၍ “ဗိုလ်မှူး ဒါလေး ဖတ်ကြည့်ပါ” ဟု ပြတော့ စာအုပ်ကို ပြန်ယူကာ ညွှန်ကြားရေးမှူးက သေချာဖတ်သည်။ ထို့နောက် မျက်မှန်ပေါ်မှ ကျော်ကာ ကျွန်တော့်ကိုကြည့်ပြီး “ ဟာ.. ဒါဆို အခုလို ကန့်ကွက်တာ ပုဂ္ဂိုလ်ရေးကြောင့်ကိုး၊ ကျွန်တော်က မူနဲ့ ပတ်သက်ပြီး ကန့်ကွက်တာမှတ်လို့၊ အိုကေ ဟုတ်ပြီ၊ မူကြောင့် မဟုတ်ဘူး ပုဂ္ဂိုလ်ရေးကြောင့်ဆိုရင် ကျွန်တော်လုပ်ရဲတယ်။ ခွင့်ပြုမယ်” ဟု အားတက်သရော ပြောသည်။

 

အရှုပ်ထုပ်ကြီး ရှင်းပြီ
————————–
ထို့နောက် ညွှန်ကြားရေးမှူးက အခန်းအပြင်ဘက်သို့ လှမ်းပြီး သူ့ရုံးအုပ် ဖြစ်ပုံရသည့် အမျိုးသမီးတစ်ယောက် နံမည်ကို ခေါ်ကာ “ ဒေါ်(…….)၊ ကျွန်တော်တို့ ခေါင်းစားနေတဲ့ အရှုပ်ထုပ်ကြီးက ရှင်းသွားပြီဗျ၊ ဘာမူနဲ့မှ ညိတာမဟုတ်ဘူး၊ ပုဂ္ဂိုလ်ရေးတွေဗျ၊ ရှင်းသွားပြီ။ ဆင်ဆာချပေးလို့ရပြီ၊ ကိုင်း လိုအပ်တာလေးတွေ လုပ်ရအောင် ဖိုင်အသစ်နဲ့ ဆင်ဆာခွင့်ပြုစာရွက်ပါ ယူခဲ့ဗျာ” ဟု လှမ်းပြောသည်။ အပြင်က ရုံးအုပ် အမျိုးသမီးကလည်း အသံပေး၍ ဖိုင်တွေ စာရွက်စာတမ်းတွေနှင့် ဝင်လားသည်။

 

“ဆရာရယ်၊ ကျွန်မတို့က ချပေးချင်နေတာ၊ ညွှန်ချုပ်ကြီးကလည်း အဆင်ပြေအောင်လုပ်ပေးလိုက်ပါလို့ ပြောလည်း ထားတာ၊ ဒါပေမယ့် ဒီကန့်ကွက်ချက်ကြီးက ရှိနေတော့ လုပ်ရကိုင်ရခက်နေကြတာရှင့်၊ အဆင်ပြေသွားလို့ ဝမ်းသာလိုက်တာ” ဟု ပြောသည်။ ညွှန်ကြားရေးမှူးက တစ်စုံတခုစဉ်းစားပြီး “ ဒီလိုတော့ ရှိတယ်ဆရာ၊ အပေးအယူတော့ရှိရဦးမှာဗျ၊ သူတို့ ကန့်ကွကိတာတွေ အကုန် ပယ်ဖျက်ပေမယ့် နိုင်ငံတော်အနေနဲ့ ကဗျာလွတ်ဆိုတာ သူတို့ မူပိုင်မို့လို့ ဆိုထားတော့ ဒီလိုလုပ်ဗျာ သူတို့ ကဗျာလွတ်မဟုတ်ပါဘူဆိုတာ သက်သေအနေနဲ့ ဆရာ့ခွေထဲက ကဗျာလွတ်ဆိုတဲ့ စာလုံးတွေ စကားတွေ ဖြုတ်ပေးလိုက်ပါ။ ဒါဆို ကိုယ်က သီးခြားဖြစ်သွားပြီ သူတို့မုနဲ့ မဆိုင်တော့ဘူးဗျာ ဟုတ်လား၊ မန္တလေးပြန်ပြီး အဲ့ဒီ ကဗျာလွတ်စာသားတွေ ဖြုတ်လိုက်ပြီး ပြန်တင်လိုက်ပါ။ ကမန်တော် တစ်ခါတည်း ချပေးလိုက်ပါ့မယ်’ ဟု စဉ်းစဉ်းစားစား ပြောပြန်သည်။

 

သားသမီးအရင်းကို မိဘက မပိုင်သည့် ဘဝ
———————————————–
အတော်တော့ ခက်သည်။ ကဗျာလွတ်ဟူသော စကားရပ်က ဆရာရွှေဒေါင်းညို၏ အမျိုးသားအကသင်ရိုး နှင့် သြဘာသောင်း၏ အမျိုးသမီးအက သင်ရိုးကြောင့် ၁၉၅၄ခုနှစ်လောက်က ပေါ်ပေါက် တွင်ကျယ်ခဲ့သည့် စကားရပ်ဖြစ်ခဲ့သည်။ အခု သူတို့ပိုင်မို့ သြဘာသောင်းသည်ပင်လျှင် အသုံးပြုခွင့် မရှိတဲ့။ ကျွန်တော်က ဒုတိယအကြိမ် ပြုံးလိုက်ပြန်သည်။ ကျွန်တော်သည် ရန်ကုန်ဆင်းရမယ်ဟု သိသည်နှင့် အကယ်၍ အဆင်မချောလျှင် ကျွန်တော်တို့က ကဗျာလွတ်မဟုတ်ပါဘူး၊ ဒေါ်သြဘာသောင်း၏ အမျိုးသမီးအခြေခံအက ပါ ဟု ပြောလို့ရအောင် ကဗျာလွတ်စာသားများ မပါသည့် ခွေတစ်ခွေလည်း အဆင်သင့်ယူခဲ့ပြီး ဖြစ်ပါသည်။

 

ထို့ကြောင့် လွယ်အိတ်ထဲကပဲ ထိုခွေကို ထုတ်ကာ “ ကျွန်တော် သည်လိုဖြစ်နိုင်မယ်ဆိုတာ ကြိုစဉ်းစားမိလို့ ဒေါ်သြဘာသောင်း၏ အမျိုးသမီးကဗျာလွတ်အက ဆိုတဲ့ စာသားတွေ အပြောတွေတိုင်းမှာ ဒေါ်သြဘာသောင်း၏ အခြေခံ မြန်မာအမျိုးသမီးအက လို့ အားလုံးပြင်ဆင်ထားတဲ့ ခွေပါ၊ ဗိုလ်မှူးတို့ တစ်ခါတည်း ဖွင့်ကြည့်လိုက်ပါ” ဟု ပြောပြီး ခွေအသစ်ကို ပေးလိုက်သည်။ ညွှန်ကြားရေးမှူးက ရုံးအုပ်ကြီးကို အခန်းတွင်းရှိ အပေါ်စက်အောက်စက်ကို ဖွင့်ခိုင်းပြီး ခွေကို ထိုးကာ ကြည့်သည်။

 

ကဗျာလွတ်စကားလုံးမပါကြေး
———————————-
ကျွန်တော်က ကဗျာလွတ်အက အဆင့်၅ဆင့်၏ အခန်းအဖွင့်တိုင်းက ပြင်ထားသော စာသားများနှင့် နရေတာ၏ အပြောမျာ ပြင်ထားသည်များအား ၅ဆင့်စလုံး ကျော်၍ ပြသလိုက်သည်။ ထိုအခါ “ကိုင်း.. အားလုံးလည်း ပြင်ဆင်ပြီးပြီပဲဗျာ၊ ကျွန်တော်လည်း ဒီအရှုပ်က မြန်မြန်လွတ်ချင်ပါပြီ။ ကိုင်း.. ဆင်ဆာလက်မှတ် တစ်ခါတည်း ထုတ်ပေးလိုက်ပါ့မယ်ဟု ပြော၍ ရုံးအုပ်ကြီးယူလာသော ဆင်ဆာလက်မှတ်ကို တံဆိပ်တုံး ဒုံးခနဲထုခိုင်းပြီး လက်မှတ်ထိုးကာ ထုတ်ပေးလိုက်တော့သည်။ ကျွန်တော်က ဆင်ဆာခွင့်ပြုလက်မှတ်ကိုယူ၍ ပြန်ရန်နှုတ်ဆက်တော့ ညွှန်ကြားရေးမှူးက “ကိုင်း.. ဆရာလည်း ကမန်တော်တို့ ဒုက္ခကို ကိုယ်တွေ့မြင်သွားပြီပေါ့၊ ဆရာတို့ခွေလို အဆီအနှစ်ကျ မမှားရအောင် အထပ်ထပ်စစ်ရတယ်။ ဒီလို ခွေကျ ချက်ချင်း ဆင်ဆာကျအောင် လုပ်ပေးရတာဗျ” ဟု ပြောရင်း ဆင်ဆာစစ်နေသော ခွေကို ဖွင့်ထားသည့် အပေါ်စက်ကိုပြသည်။ မူကြိုအရွယ် ကလေးများက ဖင်တွန့်ရင်တွန့်ပြီး မော်ဒယ်မင်းသားမင်းသမီးတွေလို သင်္ကြန်သီချင်းတွေနှင့် ကခုန်နေကြသည်။ ကျွန်တော်လည်း ညွှန်ကြားရေးမှူးကို ကျေးဇူးတင်စကားဆို၍ ပြန်ခဲ့ပါသည်။

 

သြော်..မေ့လို့ ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၁၉၈၃ခုနှစ်ကတည်းက ထုတ်ဝေခဲ့သည့် ဒေါ်သြဘာသောင်း၏ ကဗျာလွတ် ကကွက်များ (ပထမဆင့်) စာအုပ်ထဲက အမှာစာပါ စာသားအချို့ကို ညွှန်ကြားရေးမှူးက ဖတ်ကြည့်ပြီး “သြော်.. ပုဂ္ဂိုလ်ရေးတွေကိုး” ဟု ပြောခဲ့သည်ဆိုရာ အဆိုပါစာသားမှာ ရန်ကုန် ဂေါ်ဒွင်လမ်းရှိ ယဉ်ကျေးမှုရိပ်မြုံ အဆောက်အအုံတွင် ၁၉၇၀ ခုနှစ် ဇွန်လ မှ စ၍ ကဗျာလွတ်ပထမအဆင့်မှ ပဉ္စမအဆင့်အထိ ကကွက်ပေါင်း ၁၂၅ ကွက်ကို ပန်းချီကောက်ကြောင်း၊ ဓာတ်ပုံတို့ဖြင့် ဒေါ်သြဘာသောင်း၏ တပည့် မခင်ဝင်းနွယ်ကို မှတ်တမ်းတင်ရိုက်ကူးခဲ့ရာ စတုတ္ထအဆင့်နှင့် ပဉ္မမအဆင့်တို့အား သင်ယူခွင့် မရခဲ့သည့် ရန်ကုန်ရှိ ဒေါ်သြဘာသောင်း၏ တပည့်ကြီး ၃ဦးကိုလည်း ဆရာမကြီးရှေ့မှောက်တွင် မခင်ဝင်းနွယ်က ပြန်လည်သင်ကြားပေးခဲ့ရကြောင်း ဖော်ပြထားသည့် စာပိုဒ်ဖြစ်သည်။

 

အခု ဆင်ဆာတွင် ဦးဆောင်ကန့်ကွက်သူက ထိုတပည့် ၃ယောက်ထဲမှ လက်ရှိ အနုပညာလေယကတွင် ထင်ရှားစွာ ပါဝင်လှုပ်ရှားနေဆဲ နာမည်ကျော်ကြိး တစ်ဦးဖြစ်ပါ၏။ ထိုစဉ်က လူကြိးတွေ ခိုင်းလို့သာ ကိုယ့်ထက် ငယ်သည့် မလောက်လေး မလောက်စား ၁၆နှစ်အရွယ် ယောင်ပေစူးမလေးဆီက ပြန်သင်ရတာလေ။ ဘယ်ကျေနပ်ပါ့မလဲ၊ ဘယ်အခဲကျေပါ့မလဲ၊ ဟုတ်စ။

 

DVD ဖြန့်ချိခြင်း အထိမ်းအမှတ် အခမ်းအနား
———————————————-
ဗုံလေးလုံးသံစဉ်ခွေလေး ဆင်ဆာခွင့်ပြုချက်ရသည် ဆိုတော့ ကျွန်တော်တို့အားလုံး ပျော်ရွှင်ကြသည်။ အစစအရာရာ ငွေကြေးစိုက်ထုတ်ပြီး ဖြစ်မြောက်အောင်မြငိစေချင်လွန်းသူ အစ်မဒေါ်ခင်စောဦးက ပိုလို့ ပျော်ရွှင်နေသည်။ ထို့ကြောင့် အားလုံး ပြင်ဆင်ပြီးလျှင် ခွေကို စတင်ဖြန့်ချိသည့် အခမ်းအနားကိုပင် ကျင်းပဦးမည်ဟု ဒေါ်ခင်စောဦးက စီစဉ်သည်။ ဤသို့ဖြင့် ၂၀၁၁ခုနှစ် မေလ ၃၁ရက်နေ့တွင် ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကငဒေသာ DVD ဖြန့်ချိခြင်း အထိမ်းအမှတ် အခမ်းအနားဟူ၍ အိုရီယမ်တယ်လ်ဟောက်တွင် ကျင်းပခဲ့သည်။ မြို့မတူရိယာအဖွဲ့နှင့် မမခင်ဝင်း၏ အက အစီအစဉ် များနှင့် မြို့မိမြို့ဖများ စာနယ်ဇင်းများအားလုံးဖိတ်ကြား ကျင်းပသည့် ပွဲ ဖြစ်သည်။

 

တစ်အုံတူဆင်းများပမာ
—————————
ပွဲကျင်းပရန်ပြင်ဆင်ပြီး ထိုနေ့ မနက်ရောက်တော့ ကျွန်တော်လည်း ပြင်ဆင်ကာ အိုရီယမ်တယ်သို့ မနက်စောစောပဲ တိုက်ပုံလေး ဝတ်ပြီးသွားတော့ ခန်းမထဲမှာ ဒေါ်ခင်စောဦးက ကျွန်တော့်ကို စောင့်နေ၏။ သူက ကျွန်တော့် မြင်တော့ “ ကိုကျော်ဆန်းရေ…၊ စောစောကပဲ (…….) လာသွားတယ်” ဟု ပြောသည်။ ကျွန်တော်က “သြော်..၊ သူက ဘာတဲ့တုံး အစ်မ” ဟု မေးလိုက်သည်။ (…….) ဆိုသူက ဒေါ်သြဘာသောင်း ၏ မြေးဖြစ်သည်။ သူက တက္ကသိုလ်က ဆရာလည်း ဖြစ်သည်။ မမခင်ဝင်းနှင့်လည်း မောင်နှမကဲ့သို့ ခင်မင်ရင်းနှီးသည်။
ပြောကြစို့ဆိုလျှင် ဒေါ်သြဘာသောင်း၏ မိသားစုနှင့် မမခင်ဝင်းက တစ်အုံတူဆင်းများပမာ ရင်းနှီးချစ်ခင်သူများ ဖြစ်သည်။ တကယ်တော့ ဒေါ်သြဘာသောင်းက သားသမီးအရင်းမရှိပါ။ သူ့တူအရင်း ဦးလစ်ပတန်ကို သားအဖြစ် မွေးစားပြီး ၃၁လမ်း မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံ အရှေ့ဘက်တွင် အတူနေထိုင်သည်။ ဦးလက်ပတန်၏ ဇနီး ဒေါ်ခင်တင့်ကလည်း အနောက်တိုင်းသူ မျက်နှာပေါက်နှင့် ခံ့ခံ့ချောချောကြီး ဖြစ်ကာ ဒေါ်သြဘာသောင်းကိုလည်း မိခင်အရင်းပမာ စောင့်ရှောက်သည်။

 

သူတို့နေထိုင်သည်က တစ်ထပ်တိုက်လေးဖြစ်သော်လည်း အတွင်းမှာ ထပ်ခိုးပါသည်။ အိမ်ရှေ့မှာ ဝဏ္ဏကျော်ထင် ဒေါ်သြဘာသောင်း ဟူသော ကြေးစာလုံးနှင့် ဆိုင်းဘုတ်လေးရှိသည်။ ခေတ်ဆန်း အမည်နှင့်လည်း ဦးလစ်ပတန်က ဓာတ်ပုံတိုက် ဖွင့်ထားသည်။ အမှတ်မမှားဘူးဆိုလျှင် ဦးလစ်ပတန် နှင့် ဒေါ်ခင်တင့်က သားသမီး ၅ယောက်ထွန်းကားပြီး အငယ်ဆုံးက သမီးမိန်းကလေးဖြစ်သည်။ မမခင်ဝင်းကို ဒေါ်သြဘာသောင်းက သူ့အိမ်ကို ခေါ်ထားသောအခါ ထိုသားသမီးများနှင့် မမခင်ဝင်းကလည်း မောင်နှမရင်းချာတွေလို ဖြစ်သည်။ ဦးလစ်ပတန်၏ သားသမီး ၅ယောက်တွင် အကြီး ၃ယောက်က မမခင်ဝင်းထက် ကြီးပြီး သူတို့က မမခင်ဝင်းကိုလည်း နှမလေး တစ်ယောက်လို စောင့်ရှောက်ကြသည်။ အငယ်နှစ်ယောက်အနက် အကြီးက မမခင်ဝင်းနှင့် ရွယ်တူဖြစ်ပြီး သူက ယောက်ျားလေးပေမယ့် အကအခုန် ဝါသနာပါသည်။

 

ထို့ကြောင့် ဆရာမကြီးက မမခင်ဝင်းကို အကသင်ပေးတိုင်း သူကလည်း ယောက်ျားလေးတန်မဲ့ လိုက်ကပြီး အတော်အသင့် တတ်မြောက်နေသည်။ မမခင်ဝင်းနှင့် သူနဲ့က သူတို့မောင်နှမတတွေထဲ ရွယ်တူမို့ အရင်းနှီးဆုံးဖြစ်သည်။ အငယ်ဆုံး မိန်းကလေးကတော့ မိန်းကလေးပေမယ့် အကကို ဝါသနာပါပုံလည်းမရ၊ သူ့ဘာသာ အေးအေးဆေးဆေး နေသည်။ ကျွန်တော်တို့ခွေထုတ်တော့ ဒေါ်သြဘာသောင်း သာမက သူ့သား သူ့ချွေးမလည်း မရှိတော့။ မြေးတွေထဲကပင် အငယ်များဖြစ်သည့် ယခု လာသည့်သူနှင့် အငယ်ဆုံး မိန်းကလေးပဲရှိကြသည်။ သူကတော့ လူလွတ်၊ တစ်ယောက်တည်း သီးခြားခွဲနေသည်၊ နှမဖြစ်သူနှင့်လည်း အဆင်ပြေလှသည်တော့ မဟုတ်။ နှမငယ်က အိမ်ထောင်ကျကာ သူ့မိသားစုနှင့် အတူ အေးချမ်း အဆင်ပြေစွာ နေထိုင်သည်။ မမခင်ဝင်းက မန္တလေးရောက်လျှင် ထိုညီမအိမ်သို့လည်း ညအိပ်ညနေ သွားရောက် နေထိုင်ကာ ချစ်ခင်ကြသည်။

 

အခု မနက်စောစော အိုရီယမ်တယ်ကို လာသွားသူက မမခင်ဝင်းနှင့် တရင်းတနှီးနေသည့် သူဖြစ်သည်။ သူက အစ်မဒေါ်ခင်စောဦးနှင့်လည်း ရင်းနှီးသည်။ ကျွန်တော်နှင့်လည်း လက်ဖက်ရည်ဆိုင်ထိုင်ကာ အနုပညာအကြောင်းတွေ ပြောဆိုနေကျ ဖြစ်သည်။ အဲ့သလောက်ရင်းနှီးသူက အစ်မဒေါ်ခင်စောဦးထံ စောစောစီးစီးလာသွားသည့် ကိစ္စကို ဒေါ်ခင်စောဦးက စိတ်မကောင်းစွာ ပြောပြတော့ ကျွန်တော်လည်း အသက်ရှူမှားမတတ် အံ့အားသင့်သွားသည်။ အံ့အားသင့်မှုနှင့်အတူ ဒေါသလည်း ထွက်သွားသည်။

 

ဘာ့လို့ မျက်နှာချင်းမဆိုင်ချင်ကြပါလိမ့်
——————————————–
ကျွန်တော်တို့မှာ သူ့အဖွား ဒေါ်သြဘာသောင်း၏ ကဗျာလွတ်ကို မတရားသဖြင့် ပိတ်ပင်ပြီး သူ့အကတွေကိုလည်း ဖြုတ်ထုတ်သတ် လုပ်ရုံမက စုပေါင်းစပ်ပေါင်းလုပ်၍ နိုင်ငံတော်မူလုပ်ကာ သြဘာသောင်းကဏ္ဍ ဖျောက်ဖျက်ခံ့သည့်အပေါ် မခံနိုင်လွန်းလို့ ဒီခွေကို အခက်အခဲများထဲက ထုတ်ရသည်။ မမခင်ဝင်းဆိုတာ ဒီကဗျာလွတ် အတွက် စီးပွားအပျက်ခံပြီး တလျှောက်လုံး နှစ်အကြာကြီး ကျားကုပ်ကျားခဲ လုပ်ဆောင်ခဲ့ရသည်။ သူ့မှာ စီးပွားသာမက လူမုန်းများလိုက်သည်မှာလည်း သူ့နံမည် မကြားချင် မကြားရဲကြ သူတွေပင်ရှိလာသည်။ ကြုံတုန်း ပြောရလျှင် န.ဝ.တ ခေတ်က ဗိုလ်ချုပ်ခင်ညွန့် မန္တလေးပန်တျာသို့ လာရောက်စဉ် သတိတရနှင့် မန္တလေးမှာ ဒေါ်သြဘာသောင်း တပည့် ဒေါ်ခင်ဝင်းနွယ်ဆိုတာ ရှိတယ်လို့ ကြားဖူးတယ်၊ အခု သူဘယ်မှာလဲဗျ ဟု မေးတော့ ကျောင်းအုပ်က ဟုတ်အဘ၊ သူက တစ်ဖက်ပါတီအဖွဲ့အစည်းကပါဗျ ဟု ဖြေတော့ ဒါဖြင့် နေပါစေဗျာ ဟု ဗိုလ်ချုပ်ခင်ညွန့်က ပြန်ပြောသည်။

 

တစ်ခါ မကြာသေးသော ၂၀၁၀ လောက်ကလည်း မန္တလေးပန်တျာသို့ ညွှန်ကြားရေးမှူး တစ်ယောက် ရောက်လာစဉ် အနုပညာပုံရိပ်ပွဲတော်မျာ မမခင်ဝင်း တပင်တိုင်ကတာ မြင်ဖူးလိုက်လို့ ပန်တျာ၏ အခမ်းအနား တစ်ခုအတွက် မမခင်ဝင်းကို ဖိတ်ကြားကာ ကပြစေချင်လို့ မန္တလေးမှာ မမခင်ဝင်းတည်းနေသည့် အိမ်နေရာများ သိပါသလားဟု မေးတော့လည်း မသိပါဟု ဖြေသည်။ ထိုဖြေသူတွေက ကျွန်တော့်အိမ်သို့ ရေထွက်မတတ် ဝင်ထွက် နေကြသည့် မိတ်ဆွေတွေ ဖြစ်နေလို့လည်း အသည်းနာလှသည်။ တစ်ခါ ညွှန်မှူးက မမခင်ဝင်းကို မရမက ဆက်သွယ်ပြီး အခမ်းအနားအဖွင့်မှာ တပင်တိုင် ကမည့် အစီအစဉ်ထည့်သည်။ ရဟာဆယ်မှာ ကပြခဲ့ပြီး တကယ် ကပြရမည့် ရက်မှာ အိမ်ကစောင့်နေပါ လာခေါ်ပါ့မယ် ပြောပြီး မိတ်ကပ်တွေ ဆံထုံးတွေနှင့် အဝတ်အစားဝတ်ပြီး ကျွန်တော့်အိမ်က စောင့်နေသော မမခင်ဝင်းမှာ လာခေါ်ချိန် နောက်ကျနေလို့ ကားငှားပြီး အမျိုးသားကဇာတ်ရုံ ကို လိုက်သွားတော့ ဝန်ကြီးတက်မှာမို့ အစီအစဉ်ကို သတ်မှတ်ချိန်ထက် စောပြီး ကျင်းပလိုက်ရတာမို့ လာမခေါ်နိုင်တာပါတဲ့၊ မမခင်ဝင်းနေရာ အစားထိုး ကခိုင်းလိုက်ပါပြီတဲ့။ အဲ့သလောက် လုပ်ခဲ့ကြသည်။

 

အခု ဒီဗီယိုခွေမှာလည်း ဆင်ဆာအထိ နှောင့်ယှက်လိုက်ကြတာလည်း အားလုံး အသိဖြစ်သည်။ ဒေါ်ခင်စောဦးမှာ ငွေကြေးများစွာ အကုန်ခံပြီး ဒီခွေလေး ဖြစ်စေချင်လို့ စိတ်အနှောင့်အယှက်များစွာ ခံစားပြီး ကူညီခဲ့သည်။ အခု နောက်ဆုံးအဆင့် ဆင်ဆာအောင်လို့ ခွေဖြန့်ချိခြင်း အခမ်းအနားကို ပျော်ပျော်ပါးပါး ပြုလုပ်ဖို့ ပြင်ဆင်ခဲ့သည်။ မနေ့ညက စတိတ်စင် ဆင်တော့ သူကိုယ်တိုင် ညီမတတွေနှင့် ပြင်ဆင်ရင်း ပျော်နေသည်။ ဟော အခု ဒီမနက်စောစော လာသွားသူ (…..) က ဒေါ်ခင်စောဦးကို “အတွမ်း အခုပွဲက သတင်းထောက်တွေလာကြမှာမှုတ်လား၊ အေး.. သူတို့လာရင် ငါက ဒီမှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်၊ ဒီခွေကို ငါက ဖွားဖွား (ဒေါ်သြဘာသောင်း) မိသားစု အနေနဲ့ ကန့်ကွက်မယ်၊ အဲ့ဒါလာပြောတာ” ဟု တက်ထောင်မောင်းနင်း မိန်းမလို မိန်းမရနဲ့ လာပြောသွားတာ တဲ့။ အစ်မဒေါ်ခင်စောဦးက ထိုအကြောင်းကို ကျွန်တော့်အားပြန်ပြောတော့ ကျွန်တော်က ရှူးခနဲ ဒေါသဖြစ်သွားသော်လည်း အစ်မဒေါ်ခင်စောဦးက တည်ငြိမ်သည်။

 

အခဲမကျေနိုင်လွန်းသူ၏ စနက်တဲ့
—————————————–
ထိုနေ့က အခမ်းအနားကိုတော့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ကန့်ကွက်မည်ဟု လာပြောသူက အစ်မ ဒေါ်ခင်စောဦးနှင့်လည်း ရင်းနှီးသည်။ အစ်မက တည်တည်ငြိမ်ငြိမ်နှင့်ပင် “ကန့်ကွက်ရအောင်က ကျွန်မနဲ့ မခင်ဝင်းက တရားဝင် ဆင်ဆာတင် အလုပ်လုပ်ကြတာလေ။ ရှင် ကန့်ကွက်ချင်ရင် မီဒီယာတွေကို တခြားနေရာမှာ ခေါ်ပြီး လုပ်ပေါ့၊ ဒီနေရာက ကျွန်မနေရာလေ၊ ကျွန်မပွဲလေ” ဟု ပြောလိုက်လို့ ဆောင့်အောင့်ပြီး ပြန်သွားသည်။ တကယ်တော့ သူက သတ္တိရှိသူမဟုတ်။ တစ်ယောက်က မြှောက်ပေးလိုက်လို့ ဖြစ်သည်။ အံံသြစရာ ကောင်းသလို အံ့သြစရာ မကောင်းသည်က မြှောက်ပေးသူမှာ အခဲမကျေနိုင်လွန်းသူ ပြင်ပ ပညာရှင်ဆိုသူပဲ ဖြစ်နေသည်။

 

မမခင်ဝင်းနှင့်က မောင်နှမလို ရင်းနှီးသော်လည်း သည်လိုဖြစ်ရသည့် အကြောင်းရင်းကို ကျွန်တော်သိသည်။ ထိုစဉ်ကာလ ဝန်းကျင် သူတို့ ညီအစ်ကိုကြားမှာ အမွေမှုပေါ်ပေါက်ကာ တရားရုံးရောက်သည်။ ကွယ်လွန်သူ သူ့အစ်ကိုတစ်ယောက်၏ မျိုးဆက်နှင့်ဟု သိရသည်။ မမခင်ဝင်းက ကျွန်တော့်အိမ်မှာရောက်နေစဉ် သူကလည်း ကျွန်တော့်အိမ်အလည်လာခိုက် တွေ့သွားတော့ အားရဝမ်းသာ စကားပြောကြသည်။

 

သက်သေထွက်ပေးပါ၊ သိန်၂၀ပေးမယ်
——————————————–
ထိုသို့ပြောရင်း ဒေါ်သြဘာသောင်းရှိစဉ်ကာလ မမခင်ဝင်းက သူတို့အိမ်မှာ နှစ်ချီနေထိုင်တော့ သူတို့ မိသားစုကိစ္စတွေ အတော်သိသည်။ ထို့ပြင် အချို့သော ကိစ္စတွေကို ဒေါ်သြဘာသောင်းက ရင်ဖွင့်ချင်သော အခါ ထုံးစံအတိုင်း လက်ကတုံးတောင်ဝှေးဖြစ်သူ မမခင်ဝင်းကို တိုးတိုးတိတ်တိတ် ပြောမှာပေါ့။ သည်အချက်အလက်တွေ အချို့ မိသားစုက ပင် မသိခဲ့တာတွေ ပါသည်။ အခုတော့ ထိုအရာတွေက လျှို့ဝှက်စရာတွေ မဟုတ်တော့ဘဲ တချို့က ရယ်စရာ တချို့က သံဝေဂ ရစရာတွေ ဖြစ်ကုန်ပါပြီ။ သူတို့နှစ်ယောက် ရယ်ကာမောကာ ပြောကြရင်း ကွယ်လွန်သူ သူ့အစ်ကို၏ အိမ်ထောင်ရေးနှင့် ပတ်သက်သည့် ကိစ္စပြောကြတော့ အကြောင်းအရာတစ်ခုကို မမခင်ဝင်းက ပြောသည်။

ထိုအခါ သူက “ဟာ.. ခင်ဝင်း၊ အဲ့ဒါ ဒို့သတိမထားမိဘူး၊ ဖွားဖွားက အဲ့လိုပြောခဲ့တာလား၊ ဒါဆို နင်လည်း ဒို့အိမ်မှာ အကြာကြီးနေခဲ့တော့ မိသားစုလို့တောင် ပြောလို့ရတယ်၊ ဒါဆို လာမယ့် ရုံးချိန်းရောက်ရင် နင် ငါ့အတွက် အဲ့ဒီအတိုင်းပြောပြီး သက်သေလိုက်ထွက်ပေးပါလား၊ အမှုနိုင်ရင် နင့်ကို သိန်း၂၀ပေးပါ့မယ်” ဟု ပြောသည်။ ထိုအခါ မမခင်ဝင်းက ရှူးရှူးဒိုင်းဒိုင်း ဖြစ်သွားသည်။ စောစောက ရယ်ကာမောကာ ပြောနေရာမှ သူ့ကို ချက်ချင်း လက်ညှိုး ငေါက်ငေါက်ထိုးပြီး “ ဒီမယ်၊ အခုမှ လာပြီး ငါ့ကို ဘာမိသားစုဝင်အနေနဲ့ ဘာနဲ့ နင်လာမပြောနဲ့၊ ပြီးတော့ ငါ့ကိုများ ဒီလိုပြောရင် သိန်း၂၀ပေးပါ့မယ်၊ ဘာမယ်နဲ့ စော်ကားတဲ့ စကားတွေ လာပြောသေးတယ်။ ဟေ့ ရွှေပုံပေးဦး တစ်သက်လုံး မပြောဘူး၊ နင်တို့ အမွေကိစ္စမှာ အခုမှ ငါ့ကိုလာပြီး အသုံးမချနဲ့၊ သွား နင်လည်း ပြန်တော့” ဟု ငေါက်ထုတ်ဖူးသည်။ သည်ကတည်းက သူက ကန့်လန့်တိုက်တော့၏။

ကျွန်တော့်ကိုပင် တယ်လီဖုန်းဖြင့် သူ့အဖွားအကြောင်းတွေ သူ့ခွင့်ပြုချက်မရှိဘဲ မရေးပါနှင့် ဆိုတာမျိုး ပြောလာဖူးသည်။ ကိုင်း.. ထားပါတော့။ သို့သော် ကျွန်တော်ရင်ထဲ ခံစားလိုက်ရတာက မမခင်ဝင်းမှာ သည်ကဗျာလွတ်နှင့် ပတ်သက်ပြီး လုပ်ခဲ့လိုက်ရသည်ကလည်း စီးပွားပျက်၊ လူမှုရေးပျက်၊ ကံကလည်း ဆိုးလိုက်သည်မှာ လုပ်လိုက်တိုင်း အနှောက်အယှက်တွေနှင့်ချည်း ဖြစ်သည်။ အနှောက်အယှက်ကလည်း သေးသေးမွှားမွှားတွေမဟုတ်ကြ။ သူလုပ်တာကလည်း သူ့အကျိုးစီးပွား တစ်ပြားမှမပါ။ သူ့မေမေသောင်းကို ချစ်လွန်းလို့ ဖြစ်သည်။ အောင်မြင်မည်ကြံတိုင်း အဖျက်က ပေါ်လာသည်။ ဒါကို ခံစားလိုက်ရလို့ ဒေါသက တားဆီးမရ ဖြစ်ခဲ့သည်။

 

ကတတ်ရုံနဲ့ ပညာရှင်တဲ့လား
——————————
ထို့ကြောင့် ထိုနေ့ပွဲမှာ ကျွန်တော်က စင်ပေါ်က စကားပြောစဉ် ထိန်းမရဘဲ ခံစားရသလို အတိတ်ကိုလှန်ပြီး ဒေါသနှင့် ရင်ဖွင့်မိသည်။ “ကျွန်တော့် အစ်မ ၁၆နှစ်သမီး ကတည်းက ကံမကောင်းခဲ့တဲ့ ဒီကဗျာလွတ်က အခု အသက်၆၀ကျော် တဲ့အထိ မပြီးနိုင် မစီးနိုင် ရန်ညှိုးကြီးနေကြတာလားဗျာ၊ သူက ဒါနဲ့ စီးပွားရေးလုပ်နေတာ မဟုတ်ပါဘူး၊ သူက ဒီကဗျာလွတ်နဲ့ စီးပွားပျက် ဘဝနာနေတာပါဟု မျက်ရည်အရွှဲသားနှင့် ပြောခဲ့မိသည်။ မတတ်နိုင်တော့။ သူက မတတ်ဘဲနှင့် ကပ်ရပ်ဖော်လံဖား ဇွတ်နေရာ ဝင်ယူတာမဟုတ်၊ သူက မသိဘဲနှင့် သိဟန်ဆောင်ပြီး ကပ်ရပ်ဖော်လံဖား ဆရာဝင်လုပ်နေတာ မဟုတ်။ သည်နေရာတွင် သတိရလို့ ပြောရပါဦးမည်။ တစ်ခုသော တောင်လေးလုံးက စာပေပွဲလမ်းတစ်ခုတွင် ရန်ကုန်ကရောက်လာသည့် စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးက ကျွန်တော့်ကို မြင်တော့ မမခင်ဝင်း နေကောင်းလားမေးသည်။ ထို့နောက် သူ့ ကဗျာလွတ်စာအုပ်ကိစ္စကို မေးရင်း အကပညာရှင် ဟူသော အသုံးအနှုန်းပါသွားသည်။

 

ထိုအခါ အနားတွင်ရှိနေသော ကဗျာဆရာကြီး တစ်ဦးက ကဗျာလွတ်ကို သူပိုင်ငါပိုင် သူကတတ် ငါကတတ် ငြင်းခုန်နေတာနဲ့ အကပညာရှင် မဟုတ်ပါဘူးဗျ၊ အကတစ်ကွက်ချင်းကို သေချာ သစ်ဆစ်လုပ်နိုင်မှ အကပညာရှင်ပါ။ အခုဟာက ငါပဲကတတ်တယ်လို့ ငြင်းနေတာနဲ့ ပညာရှင်မဟုတ်ပါဘူးဟု ငေါက်ခနဲ ဝင်ပြောသည်။ ဆရာမကြီးက အံ့အားသင့်သွားသည်။ ကျွန်တော်က ဆရာကြီးကို လှမ်းကြည့်ပြီး ဝမ်းနည်းသွားသည်။ ကျွန်တော် ပြန်လှန် ပြောလိုက်ချင်ပါသည်။ ကိုယ့်အစ်မမို့ ကိုယ်က အမွှမ်းတင်တာမဟုတ်၊ သူက ကကွက်တစ်ကွက်ချင်းစီ၏ ဖြစ်တည်မှုနှင့် အလှကို ကကွက်၏ လာရာ လားရာအထိ အသေးစိတ်ပြောပြနိုင်သူ ဖြစ်သည်။ သူနှင့် အချိန်မရဘဲနှင့် အကအကြောင်း သွားမပြောမိစေနှင့် အကတစ်ကွက်ချင်းစီ၏ ဗျုပ္ပတ်ကို ပြောရင်း ကပြရင်း တစ်နေကုန်သွားနိုင်သည်။

 

သူ့ကို မင်းသမီးဟု သွားမခေါ်နှင့် ကျွန်တော်က မင်းသမီးမဟုတ်ဘူး ပညာရှင်ဟု ရန်တွေ့လိမ့်မည်။ မုံရွာမှာ အိမ်ထောင်ကျ မုံရွာမှာပဲနေလို့ မုံရွာသူဟု ကမ္ပည်းမထိုးလေနှင့်၊ ကျွန်တော်က မုံရွာသားနဲ့ရလို့ မုံရွာနေရတာ၊ မန္တလေးသူ စစ်စစ်ရှင့်ဟု ပြန်ပြောလိမ့်မည်။ အခု ကိုယ်လေးစားလှပြီး စာပေသာမက ဂီတသုခုမ အနုပညာတွင်ပါ ထက်မြက်သည့် ကိုယ့်ဆရာက သည်လိုပြောလိုက်တော့ ခံပြင်းရင်နာလှသည်။ ထိုသို့သော အဆက်ဆက် အကြောင်းကြောင်း ခံစားမှုများဖြင့် ကျွန်တော်လည်း စင်ပေါ်မှာ မမခင်ဝင်းအတွက် မျက်ရည်လည်ရွှဲနှင့် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပါ၏။ ကံကြမ္မာရယ် သူ့အပေါ် ရိုက်နှက်မှု တော်ပါတော့၊ ၁၆နှစ်သမီးက ရိုက်နှက်ခဲ့တာ၊ အခု အသက်၆၀ကျော်ပါပြီ အညှိုးပြေပါတော့ဟု ကျွန်တော် တိုင်တည်ခဲ့ပါသည်။

 

တကယ်တော့ ပြန်လှန် စဉ်းစားကြည့်သောအခါ မမခင်ဝင်းနှင့် ကဗျာလွတ်က ခွဲမရဟု ဆိုသော်ငြား “ခင်ဝင်းနွယ်” ဟူသော သူ့အမည်နှင့် ထို “ကဗျာလွတ်” ဟူသည့် စကားလုံးက ဓမ္မာသောက ကျပုံရသည်။ ကဗျာလွတ်ဟူသော စကားလုံးနှင့် အလုပ်ဟူသမျှ အဆင်မပြေခဲ့တာ သေချာသည်။ ထိုအကြောင်းအရာကိုပင် “ကဗျာလွတ်” စကားလုံး မသုံးဘဲ ဆောင်ရွက်ခဲ့သည်များကမှ အဆင်ပြေမှု ရှိခဲ့သေးသည်။

 

ကဗျာလွတ်အစား ဗုံလေးလုံးသံစဉ်များ
——————————————
၁၉၈၅ ဝန်းကျင်ကာလက မမခင်ဝင်း၏ ခင်ပွန်းဖြစ်သူ ဦးဇော်ဝင်း (ဖော်ပုလဲ) ပြုစုခဲ့ပြီး ဟံသာဝတီစနေစာပေဝိုင်းတွင် (၁၅.၁.၇၇) က ဖတ်ကြားခဲ့သည့် ကဗျာလွတ်အက စာတမ်းကို သမိုင်းပါမောက္ခ ဆရာဘကိးဒေါက်တာသန်းထွန်းက တွေ့ရှိပြီး သဘောကျသောကြောင့် အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သည်။ ထိုစာတမ်းကို ဒေါက်တာသန်းထွန်း၏ အင်္ဂလိပ်ဘာသာပြန်များ၊ ဓာတ်ပုံများနှင့်အတူ “ကဗျာလွတ်” အမည် မသုံးဘဲ၊ “ဗုံလေးလုံးသံစဉ် ဂန္ထဝင် အကဗေဒသစ် နှင့် သြဘာသောင်း” အမည်ဖြင့် ဦးမျိုးခင်(ထန်းရိပ်ညို) က ပိတောက်မင်းစာအုပ်တိုက်အနေနှင့် ၁၉၉၈ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုစဉ်က ထိုစာအုပ်မှာ စာပေစီစစ်ရေးတွင် ပြဿနာမရှိဘဲ ချောမွေ့စွာ ထုတ်ဝေနိုင်ခဲ့သည်။ (ယခု ထိုစာအုပ်မှာ ဈေးကွက်အတွင်း မရှိတော့ပါ)။ ထို့နောက် ယခု (၂၀၁၁) တွင် ဒေါ်ခင်စောဦးစီစဉ် ထုတ်လုပ်ခဲ့သည့် “ဗုံလေးလုံးသံစဉ် ဂန္ထဝင် အကပဒေသာ” အမည်ရှိ DVD ခွေကလည်း အခက်အခဲကြား အဆင်မပြေမှုကြားက တရားဝင် ထုတ်လုပ်နိုင်ခဲ့သည် ဟု ဆိုရမည်။

 

ထို့နောက် ၂၀၁၈ ခုနှစ်လောက်က မမခင်ဝင်းလည်း ယဉ်ကျေးမှု ဝန်ကြီးဌာနက စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ပြီး စာအုပ်အဖြစ် မထုတ်ဝေခဲ့ရုံမက လက်ခံမရှိတော့ဘဲ ဆုံးရှုံးခဲ့ရသည့် စာမူကို သတိရသလောက် ပြန်လည်ပြုစုခဲ့သည်။ ထို့နောက် ဒေါ်သြဘာသောင်း၏ အမျိုးသမီး ကဗျာလွတ် အက ပထမအဆင့် အမည်ဖြင့် ရန်ကုန်က သူ့မိတ်ဆွေ စာရေးဆရာ ဆရာမများ အကူအညီဖြင့် စာအုပ်ပြန်လည် ထုတ်ဝေဖို့ ကြိုးပမ်းပြန်သည်။ ထို့ကြောင့် စာမူကို သူတို့လက်ထဲ ထည့်လိုက်ပြန်သည်။ ထိုစာအုပ်မှာလည်း ယခုထိ ထုတ်ဝေနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ကျွန်တော်က ခင်ဝင်းနွယ်နှင့် ကဗျာလွတ်က ကံမစပ်ဟု ကောက်ချက်ချခြင်း ဖြစ်သည်။

 

ကျန်ကောင်း ကျန်ရာလေးတွေ
——————————-
အခုတော့ မမခင်ဝင်းလည်း အသက်၇၀ကျော်ပြီ။ ၁၆နှစ်သမီး ကတည်းက ကြိုးပမ်းခဲ့သည့် သူ့မေမေသောင်း၏ ကဗျာလွတ်အက ကိစ္စအထွေထွေလည်း နိဋ္ဌိတန်ပါပြီ။ သူလည်း ဇရာထောင်းပြီ။ ထို့ကြောင့် ရန်ကုန်က စာရေးဆရာများက တဆင့် ထုတ်ဝေဖို့ ကြိုးပမ်းခဲ့သည့် သူ့ ကဗျာလွတ်စာအုပ် စာမူလေးကိုပဲ စုံစမ်းပြီး ရအောင် ပြန်ယူပေးပါတော့။ ရာဇတောဝါဖြင့် မြင်းခြံတောရမှာ ရိပ်ကြီးခိုနေရသည့် သားအတွက် အမွေပေးပါရစီ ဟု ကျွန်တော့်ကို မုံရွာရှိ ကန့်သတ်ချိတ်ပိတ်ထားသည့် အိမ်ကနေ လှမ်းမှာ ရှာသည်။
လွန်ခဲ့သည့် ၆လလောက်က မန္တလေးကိုခွဲထားသည့် မျက်စေ့အတွက် ဆေးပြန်ပြရင်း ကျွန်တော့် အိမ်မှာ လေဖြန်းသလိုဖြစ်သွေးပေါင်တွေ ထိုးကျ ဆေးရုံတင်လိုက်ရသည်။ သို့သော် သူက ကံတက်ကုန်းဘုန်းကြီးကျောင်းမှာ တပည့်လေးတွေကို သင်လက်စ ကဗျာလွတ်တွေ သင်ပေးဦးမည်ဟု အားခဲနေသေးသည်။ သူအများကြီး အလုပ်လုပ်နိုင်တုန်းက လုပ်ခွင့်မသာ၊ လုပ်ခွင့်မရခဲ့။ သူအများကြီးပြောနိုင်သေးသည်။ မေးမည့်သူ မှတ်တမ်းတင်သူမရှိခဲ့။ တော်ပါသေးရဲ့။ “ဗုံလေးလုံးသံစဉ် ဂန္ထဝင် အကဗေဒသစ် နှင့် သြဘာသောင်း” အမည်ဖြင့် စာအုပ်လေးနဲ့ “ဗုံလေးလုံးသံစဉ် ဂန္ထဝင် အကပဒေသာ” အမည်ရှိ DVD ခွေလေး ထုတ်နိုင်ခဲ့လို့ ကျန်ကောင်း ကျန်ရာ ကျန်နေခြင်း ဖြစ်ပါ၏။

 

ဆူးငှက်

Related posts

✕
VOM News

FREE
VIEW