ဆူးငှက်
ရှေးဟောင်းရေကန် မြေဖို့ ဝင်းခတ်
————————————-
ရပ်ကွက်လေးကား မျက်နှာစာ ၂၆ဘီ လမ်းမပေါ်က “တပ်ပိုင်မြေ မကျူးကျော်ရ” ဟူသော ဆိုင်းဘုတ်များ၊ ရပ်ကွက် အတွင်း အလံနီများတလူလူနှင့် သူနှင့် မဆိုင်သလို ပုံမှန်လှုပ်ရှား စည်ကားနေဆဲ ဖြစ်သည်။ မြေ အရောင်းအဝယ် ကတော့ ရပ်တံ့သွားပြီ။ မြေလွတ်မှားမှာ အိမ် ဆောက်လက်စတွေ ကတော့ ဆက်ဆောက်နေကြဆဲ ဖြစ်၏။ ထိုအတောအတွင်းမှာပဲ ၂၆ဘီလမ်းထိပ် အောင်ပင်လယ် ကန်ဘောင်လမ်း အနောက်ဘက်ရှိ ကျွဲနွားရေသောက် ကန်ကြီးကို အမှိုက်များ မြေများဖို့ပြီး အိမ်ဝင်းအသစ် ဖော်သူက ဖော်နေသည်။ သည်ကန်နေရာက ပေ၁၀၀ကျော် ပတ်လည်လောက် ရှိမှာပေါ့။
တကယ်တော့ သည် ကျွဲ နွားရေသောက်ကန်ဆိုသည်မှာ ခပ်လွယ်လွယ် မှတ်သားထားကြခြင်းသာ ဖြစ်သည်။ အမှန်မှာ ဘိုးတော်ဘုရားခေတ်၊ မင်းတုန်းမင်းခေတ် များက အောင်ပင်လယ်ကန်ကို ပြန်လည် ပြုပြင် ဆည်ဖို့သောအခါ ပါဝင်လာသည့် ဆင်များ မြင်းများ ရေသောက်ရန် တူးဖော်ခဲ့သည့် ကန်များအနက် ကန်တစ်ကန် ဖြစ်သည်။ ရပ်ကွက်လေးမှာ ယခုအခါ ဖျက်သိမ်းရမည့် အခြေအနေက ကင်းလွတ်အောင် ကိုယ့်စရိတ် ကိုယ်စားပြီး ထောင်မကြောက် တန်းမကြောက် ရုန်းကန်လှုပ်ရှား ဆောင်ရွက်နေရသလို တဘက်မှာ ကိုယ်ကျိုးစီးပွားအတွက် ဘယ်သူသေသေ ငတေမာ ပြီးရော လုပ်စားနေသူတွေလည်း ရှိသည်။
ထိုအချိန် ရပ်ကွက်ထိပ်တွင် ဆိုင်းဘုတ်ထောင်၊ ရပ်ကွက်ထဲ အလံနီစိုက်ထားသော်လည်း တရားဝင် နို့တစ်စာ အကြောင်းကြားစာ ဆိုသည်တွေတော့ မလာသေးပေ။ အဲပင် ကောလာဟလ အနေနှင့်ကတော့ အမျိုးမျိုးကြားနေရသည်။ ကျူးကျော်ဟု သတ်မှတ်သည့် မြေက ၂၆ဘီလမ်းမ တကြော ယခု ဆင်လမ်းမ ထိပ်မှသည် အရှေ့ဘက် အောင်ပင်လယ်ကန်ဘောင်ထိတဲ့။ တောင်မြောက်က တောင်ဘက် ၂၆ဘီလမ်းမ မှသည် မြောက်ဘက် ပေ ၁၀၀၀တဲ့။ မြောက်ဘက်ထိပ် အလံနီက ဧရိယာ အဆုံးတဲ့ ဟူသော သတင်းကလည်း ထွက်လာပြန်၏။ ဒီလိုဆိုရင်ဖြင့် ကျွန်တော့် အိမ်က ကောင်းကောင်းလွတ်သည်။ ထိုအလံတိုင်က ကျွန်တော့်အိမ်တောင်ဘက် ေ၁၀၀ကျော်မှာ ရှိသည်။ မည်သို့ဆိုစေ၊ ဒီသတင်းကို အတည်ယူပြီး ငါမှ မပါတော့တာ အနေသာကြီးဟု ဥပက္ခာပြုလို့ မရပေ။ တရားဝင် စာရွက်စာတမ်း မထွက်သေးဘဲ ဘာကိုမှ အတည်ယူလို့ မရ။ သေချာတာက “တပ်ပိုင်မြေ၊ မကျူးကျော်ရ” ဆိုင်းဘုတ်နှင့် အလံနီများပဲ ဖြစ်သည်။
မိုးကာတဲထဲက သီလပွဲ
—————————–
ရပ်ကွက်အတွင်း လူငယ်များ ဦးစီးအကောင် အထည်ဖော်နေသည့် ဓမ္မာရုံက ရေထဲမှာ ခက်ခက်ခဲခဲ မြေဖို့ကြလို့ နေရာက ပီပြင်လာပြီ။ သို့သော် အဆောက်အအုံက အကောင်အထည် မပေါ်သေးပေ။ အလှူခံ ငွေစုနေကြဆဲ ဖြစ်သည်။ ထိုအခြေအနေတွင် သည်နှစ်ဝါတွင်းက စ၍ ဥပုသ် အပတ်စဉ် သီလပွဲ ဖြစ်ချင်နေကြသည်။ ထို့ကြောင့် ဓမ္မာရုံ အဆောက်အအုံ အကောင်အထည် မပေါ်မီ ကျွန်တာ့်အိမ်၏ အရှေ့ဘက် လမ်းလေးပေါ်တွင် ယာယီမိုးကာတဲ ထိုးပြီး သီလပွဲများ ကျင်းပကြဖို့ စီစဉ်ကြသည်။ ဝါတွင်း ဥပုသ် အပတ်စဉ် သီလပွဲ ကုသိုလ်ရှင်များ ဖိတ်ခေါ်လိုက်တော့ ဘယ်သူမှ မလိုချင်လို့ ကျန်နေသည့် တော်သလင်း လကွယ် ဥပုသ်နေ့ကို ကျွန်တော်ယူလိုက်သည်။ သီလပေး တရားဟော ဆရာတော်အဖြစ် ရွှေဆံနွယ်ဆရာတော်ကို ပင့်ထား၏။ ထိုစဉ်က ရွှေဆံနွယ်ဆရာတော်မှာ ဓမ္မကထိက ဆရာတော် တစ်ပါးအဖြစ် ထင်ရှားနေပါပြီ။ ကျွန်တော်တို့နှင့်က ညီအစ်ကိုပမာ ဖြစ်နေသည်။
ကျွန်တော့် သီလပွဲနေ့က မိုးတွေ စွေလို့၊ အိမ်ကနေ ဓမ္မာရုံယာယီမိုးကာတဲသို့ ဖိနပ်ချွတ်ကာ ရွှံ့ထဲ ရုန်းပြီး သွားရသည်။ ရွှေဆံနွယ်ဆရာတော်ကိုယ်တိုင် သီလပေး တရားဟောမည်ဆိုသည်ကို ရပ်ကွက်က မယုံချင်ကြ၊ သည်လို ကျူးကျော် ရပ်ကွက်လေးထဲ သည်လိုဆရာတော်က ကြွပါ့မလားဟု သံသယ ဝင်နေကြသည်။ ထိုဥပုသ်နေ့ မနက်မှာပင် ရွှေဆံနွယ်ဆရာတော် ကြွလာမယ်ဆိုတာ သေချာတယ်နော်၊ ကျွန်တော်တို့က အသံချဲ့စက်က ကြေညာရတော့မှာဟု လာမေးကြသည်။ ထို့ပြင် ကျွန်တော့်ကို သီလပွဲ ကုသိုလ်ရှင်အနေနှင့် တရားတောင်း လျှောက်ထား တတ်ပါရဲ့လား၊ မလျှောက်တတ်မှာ စိုးလို့ တရားတောင်းစာသား ရေးယူလာသူက ယူလာသည်။
မိုးထဲ ရေထဲ ရွှံ့ထဲဗွက်ထဲ ဆရာတော့် ဖိနပ်ကိုကျွန်တော်က ကိုင်ပြီး ယာယီ ဓမ္မာရုံ မိုးကာတဲထဲ ဆရာတော်က ယပ်ထမ်းပြီး ကြွလာမှ ယုံကြတော့သည်။ တရားဟောခုံတွင် ဆရာတော်သီတင်းသုံးပြီး ထူးဆန်းသော ရပ်ကွက်လေးကို အံ့အားသင့်နေ၏။ ပဉ္စင်းဒကာ တစ်ဦး၏ သီလပွဲက ကူးလာရလို့ နောက်ကျမျာစိုးရိမ်ကြောင်း၊ ဒကာဆူးငှက် ရပ်ကွက်မို့ မဖြစ်မနေ ကြွရကြောင်း ဆရာတော်က မိန့်ကြားပြီးတာနှင့် ကျွန်တော်က တရားတောင်းရသည်။
အလျှောက်ကောင်းတော့ တစ်သိန်းရ
—————————————–
ရင်ထဲ မွန်းကျပ်နေတာရော၊ အခြေအနေမှန်ကို ဆရာတော်နှင့်အတူ ရပ်ကွက်အတွင်း နောက်မှ ရောက်လာကာ အဆင်သင့် အခန့်သင့် မပူမပင်နေရသူတွေရော သိစေချင်သည်မို့ ရပ်ကွက်လေးရာဇဝင်နှင့် ကျွန်တော်တို့ ရုန်းကန် တိုက်ပွဲဝင်ရသည့် ဖြစ်စဉ်ကို ရင်နာနာနှင့် ပြောလိုက်တာ နာရီဝက်လောက် ကြာသွားသည်။ ရွာနေပြည်ထိုင် အကြောင်းသိတွေက စိတ်မကောင်း ဝမ်းနည်းကြလို့ မျက်ရည်ကျကြသည်။ ပခုံးပေါ်က တဘက်လေး မ ပြီး၊ အင်္ကျီလက် မပြီး မျက်ရည် သုတ်ကြသည်။ ကျွန်တော့် မြောက်ဘက်အိမ်က အန်တီစီက သိသိသာသာ ငိုတော့၏။
ထိုနေ့က သီလပွဲ ပြီးသောအခါ ရွှေဆံနွယ်ဆရာတော်က ကျွန်တော့် သီလပွဲအတွက် လှူထားသည့် အလှူငွေ ၅ထောင်ကို ပြန်စွန့်ခဲ့ရုံမက မလွန်ရပ်ကွက် ပဉ္စင်းဒကာ သီလပွဲက လှူလိုက်သည့် ဝတ္ထုငွေ တစ်သိန်းကိုလည်း သရက်ကုန်းရပ်ကွက် ဓမ္မာရုံ ဆောက်လုပ်ရေး အတွက် ပြန်လည် လှူဒါန်း သွားတော့သည်။ ဆရာတော်ကိုလည်း ထိုမှ စ၍ ကျွန်တော်က နှစ်စဉ် ဝါတွင်း တော်သလင်း လကွယ်နေ့တိုင်း သီလပေး တရားပင့်ခဲ့တော့၏။ ကျွန်တော်တို့မှာ ရပ်ကွက်လေးအတွက် လုပ်သင့် လုပ်ထိုက်တာမှန်သမျှ ပူပင်သောကနှင့် လုပ်နေရသည်။ ဓမ္မက အနိုင်ရစေချင်တာပေါ့။
ရုံးဆင်းချိန်မှ လာခဲ့ပါတဲ့
—————————
ထိုစဉ်ကာလ၌ တစ်ညနေသားတွင် ကျွန်တော်ရှိနေသော လူထုတိုက်သို့ တစ်ယောက်က လာပြီး ညနေ ရုံးဆင်းချိန်တွင် ဗိုလ်မှူး(……) က သူ့ရုံးခန်းသို့ လာခဲပါဦးတဲ့ဟု သတင်းပေးသည်။ ထိုဗိုလ်မှူးက ကျွန်တော်နှင့် ရင်းနှီးသည်။ စည်ပင်သာယာက ဌာနမှူးတစ်ဦးလည်း ဖြစ်သည်။ အထူးသဖြင့် သူ့ဇနီး ကျွန်တော့် ပရိသတ်ဖြစ်သည်။ သူ့ဇနီး၏ စာတမ်းတစ်စောင် အတွက်လည်း ကူညီဖူးသည်။ သူက ရုံးဆင်းချိန်မှ သူ့ရုံးခန်းသို့ လာခဲ့ပါ ဆိုတော့ အလွတ်သဘော အာလာပ သာလာပ စကားပြောချင်လို့ နေမှာပေါ့။ ထို့ကြောင့် ထိုနေ့ညနေ ၅နာရီလောက်တွင် လူထုတိုက်က စက်ဘီးလေးနှင့် အိမ်ပြန်ရင်း စည်ပင်သာယာရှိ သူ့ရုံးခန်းသို့ ဝင်လိုက်တော့သည်။
သူ့ရုံးခန်းထဲရောက်တော့ သူနှင့် ရုံးဝန်ထမ်း တစ်ဦးပဲ ရှိသည်။ အားလုံးက ရုံးဆင်းသွားကြပြီ။ ကျွန်တော့်ကို သူ့စာပွဲရှေ့က ခုံတွင် နေရာပေးပြီး “တစ်ခုခု စားပါဦး၊ ဒါမှမဟုတ် တစ်ခုခု သောက်ပါဦး” ဟု ဧည့်ဝတ်ပြုတော့ ကျွန်တော်က ငြင်းသည်။ နောက်တော့ သူ့ဝန်ထမ်းကို လွှတ်ပြီး မင်္ဂလာဈေး စိန်မောင်စားပွဲရုံက ခေါက်ဆွဲ တစ်ပွဲ ဝယ်ခိုင်းကာ “ကိုဆူး အချိန်ရတယ်မို့လား၊ အေးအေးဆေးဆေးပေါ့ဗျာ” ဟု ပြောသည်။ ထို့နောက် သူက သူ့စာပွဲ အံဆွဲထဲက ဖိုင်တချို့ကို ထုတ်၍ စာပွဲပေါ်တင်သည်။ ထိုဖိုင်များထဲက ဖိုင်တစ်ဖိုင်ကို ယူပြီး ကျွန်တော့်ရှေ့ချပြကာ “ကိုဆူးရေ၊ ဖတ်ကြည့် လိုက်ပါဦး” ဟု ပြော၏။ ကျွန်တော်က ဖိုင်ကို ယူပြီး အဖုံးပေါ်တွင် လက်ရေးနှင့် ထင်ရှားစွာ ရေးထားသော ခေါင်းစီး စာလုံးများကို ဖတ်ကြည့်လိုက်သည်။ သူက ကျွန်တော့်ကို အားနာအကြည့် ကြည့်နေတာ သတိထားမိပါ၏။
