စက်တင်ဘာ ၂၉ ၊ ၂၀၂၆
GG (VOM)
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူထပ်တိုးလာလို့ သေဆုံး ၄၉ ယောက် ၊ ဒဏ်ရာရ ၅၈ ယောက်အထိရှိလာတယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ တချို့လူတွေ က မီးလောင်ပြာကျသွားတဲ့အတွက် အလောင်းပကောက်ယူနိုင်တာ မရှိဘူးကြောင်း ၊ ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေရှိတာကြောင့် သေဆုံးအရေအတွက် ထပ်တိုးလာနိုင်တယ် လို့သိရပါတယ်။
” ထပ်တိုးအလာင်းတွေကြောင့် သေဆုံး ၄၉ ယောက်ရှိတယ်။ ဒဏ်ရာရ ၅၈ ယောက်ရှိတယ်။ အဲဒီထဲမှာ ၂၂ ယောက်က စိုးရိမ်ရတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မနေ့က စက်တင်ဘာ ၂၈ ရက် ၊ နေ့လယ် ၁၂ နာရီကျော်မှာ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။
ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး သေဆုံးသူ ၄၉ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၅၈ ယောက်အထိရှိကြောင်း ၊ အဲဒီအတွက် လက်တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ AA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
ရခိုင်ပြည်နယ်မှာ ကျောက်တော်ဖြစ်စဥ်အပါအဝင် ဒီလစက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်နေ့အထိ ၁၂ ရက်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၀ ကျော် ၊ ထိခိုက်ဒဏ်ရာရသူ ၈၀ ရှိခဲ့တယ်လို့ AA ထုတ်ပြန်မှုအရ သိရပါတယ်။
ဇွန် ၁၇ ရက်ကလည်း ကျောက်တော်မြို့နယ်မှာလေကြာင်းတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက်သေဆုံးကာ ငါးယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်းကလည်း ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ ၊ ည ၇ နာရီခွဲလောက်ကလည်း ကျောက်တော်မြို့နယ် ၊ချောင်းတူရွာ အနီးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၂၁ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၃၀ လောက် ရှိခဲ့တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ
