သူတို့အိမ် အခန်း (၂၆၃)

ဆူးငှက်

ကျွန်တော် တာဝန်မကျေခဲ့ပါ
———————————
ကျွန်တော်သည် ၂၀၁၅ခုနှစ် အစိုးရသစ် အပြောင်းအလဲတွင် တိုင်းဒေသကြီး အစိုးရ၌၎င်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့်၎င်း ယခင် အစိုးရ လက်ထက် စာလျှင် သိကျွမ်းသူ ပိုမိုခဲ့သော်လည်း ထိုပုဂ္ဂိုလ်များ တာဝန်ယူကြသောအခါ ထဲထဲဝင်ဝင်ရှိဖို့ အနေသာ အခါတိုင်းလို ကြုံဆုံနေကျ လက်ဖက်ရည်ဆိုင်လို နေရာများတွင်ပင် မတွေ့ဆုံဖြစ်ကြတော့ပေ။ သူတို့ တာဝန်ယူ ကြသောအခါ အလုပ်တာဝန်က ကြီးမား ဖိဆီးကြလို့ ဖြစ်လိမ့်သည်။ ထို့ကြောင့် အများထင်သလို ကျွန်တော်က ရင်းနှီးပတ်သက်ကာ ပြောခွင့် ဆိုခွင့်ရမည်ဆိုသည်မှာ မဟုတ်မှန်ခဲ့ကြောင်း ပြောလိုရင်း ဖြစ်သည်။

 

ကျွန်တော် ဖြစ်စေချင်သော ယဉ်ကျေးမှုကိစ္စတွေ၊ ဖျောက်ဖျက်ခံရသည့် ဂန္ထဝင်မြောက် လမ်းအမည်များ ပြန်လည် ဖော်ထုတ်ရေးတွေ၊ အာဇာနည်ဗိမာန် ထိန်းသိမ်းခွင့်ကို အရပ်ဖက် မြို့မိမြို့ဖအဖွဲ့အစည်းထံ လွှဲပြောင်းရေးတွေ၊ အမျိုးသားဇာတ်ရုံတွင် မန္တလေး ယဉ်ကျေးမှုဆိုင်ရာ ဟောပြောပွဲ ပြပွဲ ကပွဲတွေ ကျင်းပဖို့ အစီအစဉ်တွေ၊ မန္တလေးရှိ ရှေးဟောင်းဂန္ထဝင်မြောက် အဆောက်အအုံများ ထိန်းသိမ်းရေးအတွက် ဝန်ထမ်းမဟုတ်သော မန္တလေးသား ပညာရှင်များ နှင့် ဖွဲ့စည်းရေးတွေ၊ ယုတ်စွအဆုံး တမ္ပဝတီဦးဝင်းမောင် အဆိုပြုသည့် မြို့ဝင် တံခွန်တိုင် မုခ်ဦးပြာသာဒ် အသစ်ပြန်လည် တည်ဆောက်ရေးတွေ ဘာတစ်ခုမှ အကောင်အထည် မဖော်နိုင်ခဲ့ပေ။ ကျွန်တော်ကလည်း စာမျက်နှာထက်မှာသာ ရေးသားဖို့တတ်နိုင်ခဲ့သည်။ တရားဝင် ပြောနိုင်ဆိုနိုင်ဖို့က လူရာမဝင်ခဲ့ပေ။ သို့သော် မြို့တော်ဝန်ဦးဆောင်သော စည်ပင်သာယာရေး ကော်မတီတွင် အနည်းငယ် ဝင်ဆန့်ကာ ဖိတ်ခေါ် ဆွေးနွေးခွင့်ပေးသောကြောင့် သင်္ကြန်ကိစ္စတွင် ခပ်ရေးရေး ပါဝင်ခွင့် ရရှိခဲ့သည်။

 

ထိုနည်းတူ မထင်မှတ်ဘဲ ဟောပြောပွဲ တစ်ပွဲတွင် မြို့တော်ဝန်နှင့် ကော်မတီဝင်အချို့ တက်ရောက ်ကြရာမှ ကျွန်တော်ဟောပြောသည့် အကြောင်းအရာအနက် အချက်တစ်ချက်ကို မြို့တော်ဝန်က စိတ်ဝင်စားသဖြင့် ပွဲပြီးသည်နှင့် ချက်ချင်းမေးမြန်းသည်။ ထိုအကြောင်းအရာကို စိတ်ဝင်စားသည့်အပြင် နယ်မြေအရလည်း သက်ဆိုင်မှုရှိသည့် အခြားကော်မတီဝင် တစ်ဦးကလည်း အားကြိုးသနွဲ ပါဝင်ဆောင်ရွက်ပေးသဖြင့် အဖိုးတန် ရတနာတစ်ခုကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် ထိုရတနာကိုတော့ ထိုက်တန်သည့်နေရာကိုမူ အောင်မြင်စွာ မပေးနိုင်ခဲ့ပေ။

 

မြင်းခွာတစ်ချက်ပေါက်ရင်
————————
၁၃၀၀ ပြည့် အရေးတော်ပုံဟူသည် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲသမိုင်းတွင် နိုင်ငံရေးအရလည်း ကြီးကျယ် မြင့်မားသလို အလွှာပေါင်းစုံ ညီညွတ်ပေါင်းစည်းမှုမှာလည်း ထင်ရှားကြီးကျယ်ခဲ့ရုံမက ဖက်ဆစ်တော်လှန်ရေး အတွက်ရော၊ လွတ်လပ်ရေး တိုက်ပွဲလမ်းကြောင်းအတွက်ရော လမ်းညွှန်ရှေ့ဆောင် ဖြစ်ခဲ့သည် ဆိုလျှင် ဘယ်သူမှ မငြင်းနိုင်ပါပေ။
၁၉၃၆ ခုနှစ်တွင် ဒုတိယကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့အပြီး ၁၉၃၈ခု၊ ဇန်နဝါရီလတွင် ရေနံမြေ သပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလမှာပင် ရန်ကုန်ကျောင်းသားများ၏ သပိတ်တိုက်ပွဲတွင် ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသည်။ တိုင်းပြည်တွင် အထွေထွေအကျပ်အတည်းများနှင့်အတူ အုပ်စိုးသူ၏ မတရား ဖိနှိပ်မှုအပေါ်မှာ မခံနိုင်ကြသည့်အဆုံး ချောက်ရေနံမြေ အလုပ်သမားထုကြီးက အစိုးရရုံးစိုက်ရာ ရန်ကုန်အထိ ခြေကျင် ချီတက်ပြီး ဆန္ဒပြကြဖို့ စုစည်းညီညွတ်ခဲ့ကြသည်။ ထိုစုစည်းညီညွတ်မှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အုပ်စိုးသူ၏ ထုံးစံအတိုင်း လက်နက်နှင့်ပဲ ဖြေရှင်းဖို့ ကြိုးစားလာသည်။ ထိုအခါ ကျောင်းသားသမဂ္ဂခေါင်းဆောင် ရဲဘော်ဗဟိန်းက အလုပ်သမားသပိတ်တပ်ကြီး၏ တပ်ဦးနေရာမှ၊
“မနက်ဖြန် ထွက်ဖြစ်အောင် ထွက်ကြပါ။ အနှောက်အယှက် တွေ့ရင် အသေခံပါ။ ကျုပ်တို့ကို အခုဖမ်းနေပြီ။ ကိစ္စမရှိပါဘူး။ ကျုပ်ကို ဖမ်းတဲ့အတွက် နက်ဖြန် ဗမာတစ်ပြည်လုံး ဘာဖြစ်သွားမယ်ဆိုတာ သိရပါလိမ့်မယ်။ မြင်းခွာ တစ်ချက် ပေါက်ရင် မီးဟုန်းဟုန်း တောက်စေ့မယ်” ဟု ဟစ်ကြွေးလိုက်သည်။ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် မကွေးမြို့ မဲထီးကျောင်းတိုက် သပိတ်စခန်း၌ ရေနံမြေသပိတ်တပ်ကြီးအား ပြောလိုက်သည့် ရဲဘော်ဗဟိန်း၏ မိန့်ခွန်းက ဘဝဂ်တိုင် ညံသွားတော့သည်။

 

ထီးချက်စောင့်နတ်တစ်ပါး
————————–
ရဲဘော်ဗဟိန်း(ဝါ) သခင်ဗဟိန်းသည် ရာဇဝင်ပြောင်သော ၁၃၀၀ ပြည့် အရေးတော်ပုံကြီး၏ ထီးချက်စောင့် နတ်တစ်ပါး ဖြစ်သည်။ ရဲဘော်ဗဟိန်းကို အင်းဝမြို့တွင် ၁၂၇၉ ခု၊ ဝါဆိုလဆန်း ၉ ရက်(၂၇.၆.၁၇) ဗုဒ္ဓဟူးနေ့မှာ အဖပွဲစားကြီးဦးမှင်၊ အမိဒေါ်ဒေါ်ဦးတို့က မွေးဖွားခဲ့သည်။ မွေးချင်း ၇ ယောက်အနက် ဒုတိယအငယ်ဆုံးဖြစ်ပြီး မူလတန်းပညာကို အင်းဝမြို့မှာပဲ သင်ကြားခဲ့သည်။ ထို့နောက် မိသားစုက မန္တလေးကို ပြောင်းရွှေ့ နေထိုင်ကြပြီးနောက် ဗဟို အမျိုးသား အထက်တန်းကျောင်း မန္တလေးဥပစာကောလိပ်တို့တွင် ပညာဆက်သင်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် တွင် ဘီအေတန်း တက်ရောက်စဉ် ၁၉၃၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
ထိုနှစ်မှာပဲ ချောက်ရေနံမြေ အလုပ်သမားထုကြီး၏ ခရီးရှည်ချီတက်ပွဲကို အုပ်စိုးသူက မတရားတားဆီးသဖြင့် မကွေးမြို့ထိ သွားရောက်ကာ ရဲရဲတောက် တရားဟောခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ကျောင်းထွက်ပြီး သခင်အောင်ဆန်း၊ သခင်စိုး၊ ရဲဘော်ဂိုရှယ် တို့နှင့်အတူ ဗမာပြည် ကွန်မြူနစ်ပါတီ ကို လျှို့ဝှက် တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။ နိုင်ငံရေးကို ခြေစုံပစ်ဝင်ပြီး မြေအောက်တော်လှန်ရေးကို ဦးဆောင်ခဲ့သည်။ ထို့နောက် နိုင်ငံရေး ခံယူချက် တူသော မခင်ကြီးနှင့် မေတ္တာသက်ဝင်၍ လက်ထပ်ခဲ့၏။ ၁၉၄၁ ခုနှစ်မှာတော့ ဒို့ဗမာအစည်းအရုံးတွင် အမှုဆောင်လူကြီး တာဝန်ကို ယူခဲ့သည်။ ဂျပန်တော်လှန်ရေးကာလအတွင်း ပဲခူးရိုးမတွင် သခင်သန်းထွန်း၊ သခင်သန်းဖေ တို့နှင့် တဖက်ပြီး နိုင်ငံရေးမှူးတာဝန်နှင့် ပျောက်ကြားတပ်ကို ဦးဆောင်ကာ ရန်သူကို အများဆုံး ချေမှုန်းနိုင်ခဲ့သည်။

 

ဂျပန်တော်လှန်ရေး တစ်လျှောက်၊ ပင်ပန်း ဆင်းရဲမှုတွေကြောင့်
———————————————————-
ဂျပန်တော်လှန်ရေးအပြီး ဖ.ဆ.ပ.လကို ပြန်လည် ထူထောင်သူ တစ်ဦးအဖြစ် ဗဟိုဦးစီးအဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့သလို ဗမာပြည်ကွန်မြူနစ်ပါတီကိုလည်း စံနစ်တကျ ပြန်လည် စည်းရုံးဖွဲ့စည်းရာတွင် ပေါလစ်ဗြူရို လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် အလုပ်သမားသမဂ္ဂ တည်ထောင်ရေးကိုလည်း ကြိုးပမ်းခဲ့သည်။ နိုင်ငံရေး ခရီးကြမ်း တစ်လျှောက်၊ ဂျပန်တော်လှန်ရေး တစ်လျှောက်၊ ပင်ပန်းဆင်းရဲမှုများကြောင့် ကျန်းမာရေး ချို့ယွင်း လာသောကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီက ခွင့်ယူပြီး မန္တလေးရှိ မိဘများနေအိမ်သို့ ပြန်ကာ ယခု အထက ၉ (စိန့်ပီတာကျောင်း) တွင် ဖွင့်လှစ်ထားသည့် ဆေးရုံတွင် တက်ရောက် ဆေးကုသခဲ့သည်။
ထိုသို့ ကုသစဉ် ရောဂါက ပြင်းထန်သဖြင့် အစစအရာရာ စိတ်ထိခိုက်ဖွယ် သတင်းများကို လူမမာမသိအောင် ဆရာဝန်များက တားဆီး ပိတ်ပင် ထားခဲ့၏။ သို့သော် မထင်မှတ်ဘဲ ထွန်းလှဟော်တယ်က လူမမာမေးသည့် ပေါင်မုန့်ကို ထုပ်ထားသည့် သတင်းစာ စာရွက်တွင် ဖ.ဆ.ပ.လ အဖွဲ့ချုပ်မှ ဗမာပြည်ကွန်မြူနစ်ပါတွကို ထုတ်ပယ်လိုက်သည့် သတင်းအား ဖတ်ရှုမိသောအခါ ညီညွတ်ရေးအတွက် အသက်ကိုပင် ပဓာနမထားဘဲ မကျန်းမာသည့် ကြားက ဆောင်ရွက်နေသူအဖို့ အကြိးအကျယ် စိတ်ထိခိုက်ကာ ရောဂါက သည်းလာခဲ့သည်။
ဤသို့ဖြင့် ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၅ နာရီခွဲ အချိန်တွင် ရဲဘော်ဗဟိန်း ကွယ်လွန်ခဲ့သည်။ အသက် ၂၉ နှစ်အရွယ်နှင့် ကွယ်လွန်ခဲ့သော ရဲဘော်ဗဟိန်း(ဝါ) သခင်ဗဟိန်းကို မန္တလေး ရွာဟိုင်းသုဿန်မှာ အုတ်ဂူသွင်း သဂြုႋဟ်ခဲ့ပါသည်။ မန္တလေးရှိ ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ ရဟန်းပျိုအဖွဲ့တွေ၊ ကျောင်းသားတွေ၊ မိသားစုဝင်တွေက ရွာဟိုင်းသုဿန်ရောက်တိုင်း ရဲဘော်ဗဟိန်း အုတ်ဂူမှာ ဂါရဝပြုကြ၊ အလေးပြုကြ၊ အမျှအတန်း ဝေနေကျဖြစ်သည်။ ၁၉၉၀ခုနှစ်ကျော် ရွာဟိုင်းသုဿန် ဖျက်သိမ်းသောအခါ ကျောင်းသားနှင့် ရဟန်းပြည်သူတို့က ရဲဘော်ဗဟိန်း အုတ်ဂူကို မပျက်စီးအောင် ကာကွယ်နိုင်ခဲ့ကြသောကြောင့် ဘူဒိုဇာထိုးထားသည့် ကွက်လပ်ကြီးထဲတွင် ရဲဘော်ဗဟိန်း၏ အုတ်ဂူလေး ထီးတည်းကျန်ရစ် နေသေးသာ အမှတ်ရဖွယ် ဖြစ်သည်။

 

သမိုင်းဝင် အုတ်ဂူလေး
————————
ထို့နောက် ထီးတည်း ကျန်နေသော ရဲဘော်ဗဟိန်း အုတ်ဂူဝန်းကျင်သည် အသစ်အသစ်သော တည်ဆောက်ပြုပြင် တိုးချဲ့သည့် စီမံကိန်းများကြောင့် စီးပွားရေးအရ အကွက်အကွင်းကောင်းသည့် နေရာဖြစ်လာခဲ့၏။ ထို့ကြောင့် ရွာဟိုင်း သုဿန် နေရာတွင် ကျောက်မျက်ဈေး၊ အားကစားကွင်းနှင့် ဈေးဆိုင်တန်းများ တည်ဆောက် ပြီးသည့်နောက် ထိုသမိုင်းဝင် အုတ်ဂူလေးသည် ဆိုင်ကြိုဆိုင်ကြား ရောက်ပြီး ၂၀၀၉ခုနှစ်ဝန်းကျင် သတိထားမိသည့် အချိန်တွင် အုတ်ဂူလေးမှာ အစအနပင် မကျန်အောင် ပျက်စီး ပျောက်ဆုံးသွားခဲ့သည်။
အုတ်ဂူတည်ရှိခဲ့သည့် မူလနေရာ ကိုပင် မမှတ်မိလောက်အောင် အဆောက်အဦး ဈေးဆိုင်ခန်းများ တည်ဆောက် နေရာယူသွားတော့သည်။ ရဲဘော်ဗဟိန်း အုတ်ဂူ ဘယ်မှာလဲ။ ဘယ်ရောက် သွားလဲ။ ဘယ်သူတွေ ဖျက်ဆီးလိုက်တာလဲ။ အားလုံးသော အဖြေများ ပျောက်ဆုံး နေတော့၏။ ထိုအကြောင်းကို ကျွန်တော်သည် စိစစ်ရေး ကျပ်တည်းသော ကာလမှသည် နောက်ပိုင်းအထိ အခွင့်အရေး ရသလောက် နေရာက တဒီးဒီးရေးသားခဲ့သည်။

 

ရှိခဲ့ဖူးတဲ့ရဲဘော်ဗဟိန်းအုတ်ဂူအကြောင်း
—————————————-
ဖြစ်ချင်တော့ မန္တလေးတွင် ၂၀၁၅ခုနှစ် အစိုးရအသစ် တာဝန်ယူသည်နှင့်အတူ မြို့တော်ဝန်အသစ် ကော်မီတီဝင် အသစ်တွေလည်း ပြောင်းလဲကြ၏။ ထိုစဉ်ကာလ ၂၀၁၇ခုနှစ် မတ်လဆန်းမှာပဲ မဟာအောင်မြေမြို့နယ်ထဲရှိ ကျောက်မျက်ဈေးတွင် ပတ်ဝန်းကျင် အမှိုက်ကင်းစင်ရေးနှင့် ပတ်သက်ပြီးဟောပြောပွဲတစ်ပွဲ ကျင်းပသည်။ အဆိုပါ ပွဲသို့ မြို့တော်ဝန်နှင့်အတူ ကော်မီတီဝင်အသစ်များ တက်ရောက်ကြ၏။ ကော်မီတီဝင်များဖြစ်သော ဆရာကျော်ရင်မြင့်၊ ဒေါက်တာသစ်ဆင်း တို့နှင့်အတူ ကျွန်တော်လည်း ပါဝင်ဟောပြောခဲ့သည်။
ကျွန်တော့် ဟောပြောမှုတွင် ယခု ကျောက်မျက်ဈေး ဟူသည် ကနဦး မူလက ရွာဟိုင်းသုသာန်နေရာမို့ ကျောက်မျက်ဈေး၏ အရှေ့တောင်ဘက်မှာ ရှိခဲ့ဖူးသည့် သမိုင်းဝင် ရဲဘော်ဗဟိန်း အုတ်ဂူအကြောင်းကို သေချာပြောဖြစ်ခဲ့သည်။ ပွဲအပြီးတွင် မြို့တော်ဝန်ကလည်း စိတ်ဝင်တစားနှင့် သေချာပြန်မေးသလို တက်ရောက်သူ အားလုံးကလည်း ထိုအုတ်ဂူကိစ္စကို စိတ်ဝင်တစားဖြင့် သိရှိသမျှများ ပြောပြ သတင်းပေးကြ၏။

 

 

အုတ်ဂူနဲ့ ပတ်သက်တဲ့ သတင်း
——————————–
ထိုမှ နောက်ရက်မှာပင် ကျွန်တာ့်ထံသို့ လုပ်ဖော်ကိုင်ဖက် မီဒီယာ ရဲဘော်တစ်ယောက်က တဆင့် အုတ်ဂူနှင့် ပတ်သက်သော သတင်းတစ်ခု လာပေးသည်။ ထိုအချိန်က ရဲဘော်ဗဟိန်း ရာပြည့်ပွဲ ကျင်းပရန် ကော်မတီအသီးသီးဖွဲ့ပြီး လှုပ်ရှား ဆောင်ရွက် နေကြချိန်လည်း ဖြစ်တော့ အုတ်ဂူနှင့် ပတ်သက်သည့် သတင်းသည် တန်ဖိုးရှိခြင်းနှင့်အတူ အရေးလည်းကြီးသည်။ ထို့ကြောင့် ထိုသတင်းကို ရဲဘော်ဗဟိန်း ရာပြည့်ကျင်းပရေး ကော်မတီဝင်များ ထံ အသိပေးခြင်း နှင့်အတူ စည်ပင်သာယာရေး ကော်မီတီထံသို့လည်း တင်ပြခဲ့၏။
ထိုသတင်းက ကုန်လွန်ခဲ့သော ၁၀နှစ်ကျော် ကာလလောက် လူခြေတိတ်ချိန် ညသန်းခေါင် လောက်မှာ လူတစ်စုက အုတ်ဂူကို ဖြိုလှဲပြီး သစ်တုံးဒလိမ့်တွေနဲ့ မလှမ်းမကမ်းက သင်္ဂဇာချောင်းရေထဲ တွန်းချ ဖျောက်ဖျက် လိုက်တာ မျက်မြင်ကိုယ်တွေ့ပါ ဆိုသည့် သတင်းဖြစ်သည်။ အုတ်ဂူကို တွန်းချခဲ့သည့် သင်္ဂဇာချောင်းကမ်းစပ် နေရာကို အတိအကျ မှတ်မိပါတယ်ဟုလည်း ဆိုသည်။

 

သင်္ဂဇာချောင်းထဲက အုတ်ဂူကို
—————————–
စည်ပင်သာယာရေး ကော်မတီကလည်း လူထုကိုယ်စားလှယ်များ အားကောင်းသည့် ကော်မတီမို့ မြို့တော်ဝန် ဦးဆောင်ကာ သက်ဆိုင်ရာ မဟာအောင်မြေမြို့နယ် ကော်မီတီဝင် ကိုယ်တိုင် ကြီးကြပ်ပြီး စက်ယန္တယားများနှင့် သင်္ဂဇာချောင်းထဲက အုတ်ဂူကို ချက်ချင်း ရှာဖွေခဲ့သည်။ ၂၀၁၇ခုနှစ် မတ်လ၂ရက်နှင့် ၃ရက် ၂ရက် ဆက်တိုက် ရှာဖွေနေစဉ်မှာပဲ နောက်ထပ် သတင်းတစ်ခု ထပ်ရပြန်သည်။ တကယ်တော့ ပြည်သူလူထုဟာ နှစ်ပေါင်းများစွာ ကြောက်ရွံ့ စိုးရိမ်မှုတွေ အောက်မှာ လူလားမြောက်ခဲ့ရလေတော့ သိတဲ့၊ မြင်တဲ့၊ ကြားခဲ့တာတွေ ဘယ်သူ့ကိုမှ စိတ်ချ ယုံကြည်စွာ မပြောရဲခဲ့ကြ။ အမှန်ကို မဖွင်ဟရဲခဲ့ကြပေ။ နောက်ထပ် ရသော သတင်းက သင်္ဂဇာချောင်းထဲ အုတ်ဂူရှာနေကြသည်ကို လာရောက်ကြည့်ရှုသည့် ပရိသတ် တစ်ယောက်ဆီက သဲလွန်စရလိုက်သည့် သတင်းဖြစ်သည်။ ထိုသဲလွန်စကို ရသည်နှင့် သက်ဆိုင်ရာ ကော်မီတီဝင်က ချက်ချင်းပဲ သဲလွန်စပေးသူကို နှစ်ယောက်ချင်းတွေ့ စည်းရုံးပြီး သတင်းကို ဆွဲထုတ်ယူခဲ့ရာ ဆက်လက် ရရှိသည့်သတင်းက ပိုပြီး ခိုင်လုံရုံမက ကိုယ်တွေ့ မျက်မြင်သက်သေ စစ်စစ် ဖြစ်နေသည်။

 

ထိုအခါ သင်္ဂဇာချောင်းထဲမှာ အုတ်ဂူ ရှိတယ်ဆိုတာကတော့ မဟုတ်တော့တာ သေချာပြီ။ ထို့ကြောင့် စက်ယန္တယားများနှင့် ရှာဖွေခြင်းကို ရပ်ဆိုင်းလိုက်တော့၏။ ကော်မီတီဝင် ကိုယ်တိုင် နောက်ထပ် သတင်းပေးသူနဲ့ သိုသိုသိပ်သိပ် တွေ့ဆုံပြီး ပိုမို ခိုင်လုံအောင် စုံစမ်းသည်။ ထို့ပြင် သက်ဆိုင်ရာများသို့ ကိုယ်တိုင် သွားရောက် လေ့လာသည်။ သေချာသလောက်ရှိမှ ရဲဘော်ဗဟိန်း ရာပြည့်ကျင်းပရေး ကော်မတီ က ကိုယ်စားလှယ် နှစ်ယောက်နှင့် အတူ သက်ဆိုင်ရာ နေရာမှာ သတင်းပေး သူကိုပါ ခေါ်ယူပြီး သူ့ မျက်မြင်ကိုယ်တွေ့ အချက်အလက်တွေကို ပြောစေပါတယ်။ ပြီးတာနှင့် နောက်ထပ် အတည်ပြုမည့် သူတစ်ဦးကို ထပ်မံရှာဖွေ တွေ့ဆုံပြီး မေးမြန်း စုံစမ်းသောအခါ စောစောက သိရှိထားသည့် အချက်အလက်များနှင့် ဆက်စပ် မှန်ကန် နေပါတော့သည်။

 

သူတို့ချင်း ပြောသံ သဲသဲကွဲကွဲ ကြားလိုက်ရတာ
——————————————-
၂၀၀၃ခုနှစ်၏ စက်တင်ဘာ လလယ် ည ၉နာရီ ဝန်းကျင်လောက်မှာ လူသူကင်းမဲ့နေသည့် ရဟိုင်းသုသာန် ဟောင်းထဲက ကွင်းပြင်တွင် ထီးတည်းကျန်နေသည့် ရဲဘော်ဗဟိန်း အုတ်ဂူလေးအနီးသို့ ဒိုင်နာကဲ့သို့ ကားတစ်စီးနဲ့ လူရှစ်ယောက် လောက် တစ်စုံတစ်ရာ လှုပ်ရှား လုပ်ကိုင်နေတာ အနီးအနားက တိုက်တန်း ဆိုင်ခန်း ဆောက်လုပ်ရေးက ဝန်ထမ်းတစ်ဦးက မြင်လို့ သွားစပ်စု သတဲ့။ အုတ်ဂူကို ၁၀ပေါင်တူ တွေနဲ့ ဖျက်နေကြသတဲ့။ ဒါနဲ့ သမိုင်းကြောင်းကို မသိသော်ငြား ဂူပေါ်က ရဲဘော်ဗဟိန်းဆိုသည့် အင်္ဂတေစာလုံးကြောင့် မနက်လမ်းလျောက်တိုင်း ဂူနားရောက်လျှင် အမျှအတမ်း ဝေနေကျမို့ အခုလို အ ကာလ ညအခါ လူမသိအောင် လာရောက် ဖျက်ဆီးတာကို ဝန်ထမ်းလေးကပဲ မြင်တွေ့ပြီး အနားထိ သွား၍ မေးမြန်း စပ်စုတော့ ချိန်းခြောက် အော်ငေါက်ခံရသတဲ့။ ဒါပေမယ့် သူတို့ လှုပ်ရှားမှုကို အစအဆုံးတော့ မြင်လိုက်ရသတဲ့။

 

ကျိုးပဲ့သွားသည့် အုတ်ခဲနှင့် အင်္ဂတေ အစအနတွေကို ပါလာသည့် ဆာလာအိတ် တွေထဲ အစအန မကျန်အောင် ထည့်ကြသတဲ့။ ဂူအတွင်းပိုင်း နေရာရောက်တော့ မမြင်ရအောင် ပုဆိုးနဲ့ အုပ်ပြီးမှ အိတ်တွေထဲ ထည့်သတဲ့။ အမှောင်ထဲတွင် သိသိသာသာ မြင်လိုက်ရတာက သားရေပြားတွေ ပဲတဲ့။ ပြီးတော့ ထိုသားရေပြားများနှင့် အစအန အားလုံး အိတ်တွေထဲထည့်၊ ကားပေါ်တင်၊ မောင်းထွက်သွားသြတဲ့။ သူတို့ချင်း ပြောသံ သဲသဲကွဲကွဲ ကြားလိုက်ရတာ ကြာနီကန်သုသာန် ဆိုတာပဲ။ ဒါက ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရသူဆီက သတင်းဖြစ်သည်။ မိသားစုထဲက သိရှိရတာက ကွယ်လွန်ပြီး ဈာပနကိစ္စ အ၀၀ကို ပါတီနှင့် ရဲဘော်များကပဲ အစစ တာဝန်ယူ ချဆောင်ခဲ့ကြောင်းနှင့် လူမမာအိပ်ရာမှာ ကျောအနာများကြောင့် သားရေပြားတွေ ခင်းပေးခဲ့ရတယ် ဆိုသည်ကို သိရှိ အတည်ပြုခဲ့နိုင်သည်။

 

မှတ်မိနေတာကသခင်ဗဟိန်းဆိုတဲ့နာမည်
——————————————
ထို့ကြောင့် ၂၀၀၃ စက်တင်ဘာက ကြာနီကန်သုသာန် ဂူသွင်းစာရင်းတွင် အမည်မဲ့ ဂူတစ်လုံး နေရာကောင်းမှာ တရားဝင် တည်ခဲ့သည့် လက်ခံစာရင်းကိုလည်း ရှာတွေ့ခဲ့သည်။ သုသာန်တွင် ထိုအသစ်တည်ခဲ့သည့် ဂူနေရာလည်း မပျက်မစီး တွေ့ရသည်။ တစ်ဆက်တည်း ထိုစဉ် ကာလက သုသာန်တွင် လုပ်ကိုင်သည့် ပန်းရံလုပ်သားထဲက သက်ရှိ ထင်ရှား တစ်ယောက်ကိုလည်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ခဲ့သည်။

ထိုပန်းရံလုပ်သားက တွေ့ဆုံရစဉ် အသက်၆၀ ကျော်ပြီ။ သူ့ကို စုံစမ်း ခေါ်ယူပြီး ဂူကိုပြ၍ မေးမြန်းတော့ “ ဟုတ်တယ်၊ ဒီဂူကို တည်တာ သူပါတယ်။ အားလုံး ပန်းရံ ၃ယောက်ပါ။ အရွယ်ကောင်း သန်သန်မာမာ လူ၄ယောက်လောက်က ကားနဲ့လာပြီး ဆာလာအိတ်တွေနဲ့ အုတ်တို အစအနတွေ ကို ဂူတည်ပြီး သွင်းခိုင်းတော့၊ ထူးထူးခြားခြား ရုပ်ကလပ်မဟုတ်ဘဲ မှတ်မိနေတာက အိတ်တွေထဲမှာ အုတ် အင်္ဂတေ အစအနတွေ နှင့်အတူ သားရေပြားလိတ်တွေ ပါတယ်။ အုတ်ဂူကိုလည်း ဂူလာသွင်းသူတွေ လိုချင်တဲ့ ပုံစံအတိုင်း တည်ပေး ရတယ်။ ဂူတည်တာ အပြင် ကန်တော့ဖို့ နေရာ သမံတလင်းပါ ခင်းပေးခဲ့ရတယ်။ သူတို့ အချင်းချင်း ပြောသံကြောင့် ထူးထူးခြားခြား မှတ်မိနေတာက သခင်ဗဟိန်းဆိုတဲ့ နာမည်ပါပဲဟူသည့် အချက်အလက်များကို ပန်းရံဆရာဟောင်းကြီးက ပြောပြသည်။

 

ဒါက ၂၀၁၇ခုနှစ် မတ်လ ၄ရက်နေ့တွင် စည်ပင်သာယာရေး ကော်မီတီဝင် နှင့်အတူ ရဲဘော်ဗဟိန်းရာပြည့် ကျင်းပရေး ကော်မီတီဝင်တစ်ဦးနှင့် ကျွန်တော့်ကို အေးရိပ်ငြိမ်သုသာန် (ကြာနီကန်သုသာန်) အရှေ့ခြမ်း လမ်းမဘေးမှာ ရှိသည့် အမည်မဲ့ ကမ္ပည်းမဲ့ ဂူတစ်လုံးရှေ့တွင် ရဟိုင်းသုသာန်က ရဲဘော်ဗဟိန်း ဂူဖျက်သည်ကို မျက်မြင် တပ်အပ်မြင်ခဲ့သနှင့် အခုအေးရိပ်ငြိမ်သုသာန် (ကြာနီကန်သုသာန်) က ဂူကိုတည်ရာတွင် ပါဝင်ခဲ့သည့် ပန်းရံဆရာတို့က သူတို့ သိသမျှ ပြောပြခဲ့ကြခြင်း ဖြစ်သည်။

 

၁၃၀၀ပြည့် အရေးတော်ပုံကြီး အောင်မြင်ရေးအတွက် “မြင်းခွာ တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေ့မယ်” ဟူသည့် မိန့်ခွန်းနှင့် ရဲရဲတောက် ထိရောက်စွာ လှုံ့ဆော်ပြီး လွတ်လပ်ရေးအတွက် ကျန်းမာရေးနှင့် မိမိအသက်ကိုပင် ပဓာန မထားဘဲ တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်ဗဟိန်း(ဝါ) သခင်ဗဟိန်း၏ ရုပ်ကလပ် မူလ လဲလျောင်းရာ ရွာဟိုင်းသုသာန် မှသည် မန္တလေးမြောက်ဖျား အေးရိပ်ငြိမ်သုသာန်၏ အရှေ့ခြမ်း အစွန်အဖျား လမ်းဘေး ချုံကြားတွင် ကမ္ပည်းတင် အုတ်ဂူတွေအကြား အပစ်ပယ်ခံ အညတရ ကမ္ပည်းမဲ့ အုတ်ဂူလေးအဖြစ် လူမသိ သူမသိ မထင်မရှား ရှိနေရာက ထိုက်တန်သည့် နေရာသို့ ရောက်ရှိရေးကိုလည်း တာဝန်ကျေစွာ ကျွန်တော်တို့ မစွမ်းဆောင်နိုင်ခဲ့သည်ကိုလည်း ဝန်ခံရပါ၏။

 

ဆူးငှက်

Related posts

✕
VOM News

FREE
VIEW