ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစာငွေလွှဲတွေ ပုံမှန်ရရှိအောင် ထပ်မံ ကြပ်မတ်မယ်



ဧပြီ ၂၇ – ၂၀၂၄
SN (VOM)

ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်သူတွေရဲ့ မိသားစုထံ ငွေလွှဲပို့တာတွေ ပုံမှန်ရရှိဖို့အတွက် ထပ်မံကြပ်မတ် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစဉ် လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလွှဲပို့ဖို့ ညွှန်ကြားထားပြီး အမှန်တကယ်လိုက်နာဆောင်ရွက်အောင် ကြပ်မတ်ဖို့ စီစဉ်နေတာလို့ သိရပါတယ်။

လက်ရှိမှာ အေဂျင်စီနဲ့ အလုပ်သမား တရားဝင် စာချုပ်စာတမ်း ချုပ်ဆိုခိုင်းဖို့ ပြင်ဆင်နေပြီး စာချုပ်မူကြမ်းကို ရေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။

“သူတို့မှာ နိုင်ငံခြားဝင်ငွေ ရနိုင်တဲ့နည်းလမ်းတွေ မရှိတော့ဘူး။ အဲ့တော့ ဒါကိုပဲ တစိုက်မတ်မတ် ဆောင်ရွက်ချင်ကြတဲ့ သဘောပေါ့။ ပို့ကုန်ဝင်ငွေတွေကလည်း တစထက်တစ လျော့ကျလာနေတော့ ဒီနည်းလမ်းကပဲ သူတို့အတွက် နိုင်ငံခြားဝင်ငွေ ရနိုင်မယ့် အနေအထား ဖြစ်နေတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က သုံးသပ်ပါတယ်။

ဒီကိစ္စရပ်နဲ့ပတ်သက်လို့ မကြာခင်က ပြုလုပ်ခဲ့တဲ့ ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှာ သက်ဆိုင်ရာ အေဂျင်စီတွေကို အသိပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေရဲ့ လစာထဲက ၂ ရာခိုင်နှုန်း ဝင်ငွေခွန် ရရှိနိုင်ဖို့အတွက်ကိုလည်း သက်ဆိုင်ရာသံရုံးတွေက စာရင်းကောက်ယူမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ဂျပန်မှာလည်း ဂျပန်အစိုးရကို အခွန်ဆောင်ရတယ်။ ကိုယ်ရောက်နေတဲ့ နိုင်ငံတွေမှာ အခွန်ဆောင်ရသလို ဒီဘက်ကိုလည်း ထပ်ပေးရမယ်ဆို‌တော့ ဘယ်လိုမှ အဆင်မပြေဘူး။ သူတို့ဘာသာသူတို့ ဘယ်လိုပဲ ကြပ်မတ်ဖို့ ကြိုးစားနေနေ၊ သူတို့ ဘယ်လိုပဲ လုပ်လုပ်၊ စစ်တမ်းကောက်ယူပြီးတော့ပဲ ဖြတ်ဖြတ်၊ ကျွန်တော်တို့ဘက်ကမပေးရင် သူတို့မရဘူး” လို့ ဂျပန်ရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။

လက်ရှိ နစကလက်ထက်မှာ ပြင်ဆင်ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့ကစပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဝင်ငွေခွန် ပေးဆောင်ရမှာဖြစ်ပါတယ်။

ဒါဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကစပြီး ကင်းလွတ်ခွင့်ပေးထားတဲ့ ဝင်ငွေခွန်ကို နစက က ပြန်လည် ကောက်ခံတာ ဖြစ်ပါတယ်။

ဒါအပြင် ပြည်ပ နိုင်ငံအသီးသီးမှာ အလုပ်သွားလုပ်နေသူတွေ အနေနဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြနိုင်မှသာ နိုင်ငံကူးလက်မှတ် သက်တမ်း တိုးပေးမယ့်အကြောင်းကိုလည်း နစက က အသိပေးထားပါတယ်။

ဝင်ငွေခွန် ၂ ရာခိုင်နှုန်း လစဉ်ပေးဆောင်ခိုင်းတာနဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့ကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာအလုပ်သမားတွေ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW