MPT အင်တာနက်လိုင်း ပြန်လည် ကောင်းမွန်မယ့်ရက် အတိအကျ မသိရသေး

ဧပြီ ၂၇ – ၂၀၂၄
SN (VOM)
အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် MPT ရဲ့ အင်တာနက်ဝန်ဆောင်မှုတွေ နှေးကွေးခဲ့မှုကို အမြန်ဆုံး ပြုပြင်နေပြီး ပြန်လည် ကောင်းမွန်မယ့်ရက် အတိအကျကိုတော့ MPT Website ရဲ့ သတင်းထုတ်ပြန်ချက်များနေရာမှာ ထပ်မံ ကြေညာပေးသွားမှာ ဖြစ်တယ်လို့ MPT က အသိပေး ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်၊ ညသန်းခေါင် ၁၂ နာရီ၊ ၃၃ မိနစ်မှ စတင်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအတွက် အသုံးပြုလျက်ရှိတဲ့ SEA-ME-WE5 ရေအောက်ကေဘယ်လ် ဆက်ကြောင်းဟာ အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်မှာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့တဲ့အတွက် MPT မှ ပေးအပ်လျက်ရှိတဲ့ မိုဘိုင်း၊ FTTH နဲ့ ဆက်စပ် အင်တာနက် ဝန်ဆောင်မှုတွေဟာ အမြန်နှုန်း နှေးကွေးမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ချို့ယွင်းလျက်ရှိတဲ့ ပင်လယ်ရေအောက် ကေဘယ်လ်ကို အမြန်ဆုံး ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
“လိုင်းအတက်နှေး၊ လိုင်းကျ‌နေတာ ဖြစ်နေတာ တပတ်လောက်ရှိပြီ။ အခုမှ ထုတ်ပြန်တယ်။ သူတို့ဆီ ဖုန်းဆက်တော့လည်း ဘာဖြစ်နေပါတယ်ဆိုပြီး အမှန်မပြောဘူး။ အိမ်ကစက်ကိုတောင် အဖွင့်၊ အပိတ် လုပ်ခိုင်းလိုက်သေးတယ်” လို့ MPT အင်တာနက် သုံးစွဲသူတယောက်က ပြောပါတယ်။
MPT ဘက်ကတော့ ပြုပြင်နေစဉ် ကာလအတွင်း သုံးစွဲသူတွေ အဆင်ပြေစေဖို့အတွက် ဆက်ကြောင်းသစ်တွေ ထပ်မံတိုးချဲ့ ချိတ်ဆက်ပြီး အင်တာနက်မြန်နှုန်းတွေ မြှင့်တင်ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိတဲ့အပြင် တိုးတက်မှု အခြေအနေတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန် ကြေညာပေးသွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
“အော်ပရေတာဆီ ဖုန်းဆက်မေးတော့လည်း ဘာမှ ရေရေရာရာ ရှင်းမပြနိုင်ဘူး။ အခုလို လိုင်းမရတဲ့ ရက်တွေအတွက် လစဉ်ကြေးပြန်လျှော့ပေးမှာလား မေးတော့လည်း မဖြေနိုင်။ ဒီလို ရေအောက်ကေဘယ်လ်ကြိုး ချို့ယွင်းမှုမဖြစ်လည်း အစကတည်းကိုက လိုင်းက ခဏခဏကျနေတာ” လို့ နောက်ထပ် MPT အင်တာနက် သုံးစွဲသူတယောက်က ပြောပါတယ်။
MPT အနေနဲ့ လက်ရှိမှာ သုံးစွဲသူ ၂၁ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိတယ်လို့ သိရပြီး အခုလို MPT ရဲ့ အင်တာနက်ဝန်ဆောင်မှုတွေ နှေးကွေးနေတာနဲ့ပတ်သက်လို့ သုံးစွဲသူတွေကြား ဝေဖန်မှုတွေ များစွာ ထွက်ပေါ်လျက်ရှိကာ ကုမ္ပဏီရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းနဲ့ ပတ်သက်လို့ မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW