တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲ ခုနစ်ရက်ကြာ ကျင်းပမယ်

စက်တင်ဘာ ၁၇ – ၂၀၂၆
SS (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှာ နှစ်စဥ် ကျင်းပနေကျဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းမှာ ခုနစ်ရက်ကြာ ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းတာဝန်ရှိသူတယောက်က ပြောပါတယ်။
တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး နှစ်စဉ် ကျင်းပနေကျအတိုင်း နေ့လွှတ် အရုပ်ပြိုင်ပွဲ အရုပ်ခြေနှစ်ချောင်း၊ အရုပ်ခြေလေးချောင်း အရုပ်အုပ်စုတွေအပြင် ညလွှတ်ပြိုင်ပွဲမှာ ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံတို့ကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။
“လောလောဆယ် သတ်မှတ်ထားတာတော့ ခုနစ်ရက်ပေါ့။ ဒါပေမယ့်လည်း စာရင်းကောက်တဲ့အခါ မီးပုံးပျံ အလုံးရေ များလာတယ်ဆိုရင်လည်း ပွဲရက် အတိုး၊ အလျော့လေးတော့ ရှိမှာပါ” လို့ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ညလွှတ်မီးပုံးပျံ ညမီးကြီး၊ စိန်းနားပန်နဲ့ နေ့လွှတ် အရုပ်ခြေနှစ်ချောင်း အရုပ်ခြေလေးချောင်း အရုပ်အုပ်စု မီးပုံးပျံစာရင်းတွေကို ဒီကနေ့ စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်နေ့အထိ၊ မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ အဝေရာမီးပုံးပျံကွင်းမှာ စာရင်းလာရောက် ပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။
“ညမီးကြီး မီးပုံးပျံကတော့ ခေါင် ၂၅ ပေ ဖြစ်မယ်။ ညလွှတ် စိန်နားပန်တွေကတော့ ခေါင် ၂၀ ဖြစ်မယ်ပေါ့။ အကုန်လုံးက ခါတိုင်းလုပ်တဲ့ ပုံစံအတိုင်းပါပဲ။ အခု မီးပုံးပျံတွေ စပြီး လုပ်နေကြပြီ။ စာရင်းတွေလည်း စပြီး လက်ခံနေပြီ။ ဒီလ ၂၇ ရက်နေ့လောက်ဆို စာရင်းတွေ တော်တော်များများ သိရတော့မှာပါ” လို့ သူက ပြောပါတယ်။
ပွဲတော်ကျင်းပမယ့်ရက်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးမှာ သတ်မှတ်ခဲ့တာဖြစ်ပြီး ပွဲတော်မှာပါဝင်မယ့် လုပ်ငန်းတွေအတွက် လေလံခေါ်ယူမယ့် အစီအစဉ်တွေ၊ ထည့်သွင်းကျင်းပမယ့် ပွဲအစီအစဉ်တွေကို နောက်ထပ် ပြုလုပ်မယ့် အစည်းအဝေးတွေမှာ ဆက်လက် ဆွေးနွေးသွားဖို့ရှိတယ်လို့ သူက ပြောပါတယ်။
“အခု ပထမအကြိမ် အစည်းအဝေးပဲ ရှိသေးတယ်။ ဒုတိယအကြိမ်၊ တတိယအကြိမ်တွေ ကျန်သေးတယ်။ အဲဒီ အစည်းအဝေးတွေ ပြီးမှပဲ အကြောင်းစုံ သိရမယ်။ နှစ်စဉ်နှစ်တိုင်းကတော့ တန်ဆောင်တိုင်ပွဲက အစဉ်အလာမပျက် စည်ကားသိုက်မြိုက်ဆဲပါပဲ။ ဒီနှစ်ကတော့ ပိုပြီးတော့ စည်ကားပြီးတော့မှ မီးပုံးပျံကြီးတွေ အလုံးကြီးတွေ ပိုများလာမယ်။ ပွဲတော် လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့လည်း ပွဲကျင်းပတဲ့ အစိုးရကပဲ အကုန်လုံးဦးစီးပြီး ဆောင်ရွက်မှာပါ။ ကျွန်တော်တို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ပေါ်မြို့ကတော့ အေးချမ်း သာယာနေပြီးသားပါ” လို့ သူက ပြောပါတယ်။
ဒါအပြင် အခု ၂၀၂၆ ခုနှစ်မှာ ခေတ်ကာလအလျောက် မြင့်တက်လာတဲ့ ကုန်စျေးနှုန်း အခြေအနေကြောင့် မီးပုံးပျံ တလုံးအတွက် ရင်းနှီး ကုန်ကျစရိတ်တွေကတော့ အရင်နှစ်တွေကထက် တိုးလာနိုင်ခြေ ရှိနေတယ်လို့ သူက ပြောပါတယ်။
“မီးပုံးပျံ ညမီးကြီးဆိုရင် ဈေးက သိန်း ၄၀၀ နဲ့ ၅၀၀ ကြားမှာရှိတယ်။ စိန်နားပန် တလုံးဆိုလည်း သိန်း ၁၀၀ ပတ်ချာလည်မှာ ရှိနေတာပေါ့။ အရုပ်တွေဆိုရင်လည်း တလုံးကို ငါးသိန်း၊ ဆယ်သိန်း ပတ်ချာလည်မှာရှိတယ်။ အစိုးရ‌ကတော့ ထောက်ပံ့မယ်လို့တော့ ပြောထားပါတယ်။ ဒါပေမယ့် ပမာဏဘယ်လောက် ထောက်ပံ့မယ်ဆိုတာကတော့ မီးပုံးပျံစာရင်း ရလာမယ့်အချိန်လောက်မှပဲ တိတိကျကျ သိရမယ်။ အခုက စာရင်းတွေ ကောက်နေတုန်းပဲရှိသေးတယ်” လို့ သူက ပြောပါတယ်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ်၊ ခရစ်နှစ် ၁၉၅၀ ပြည့်နှစ်မှစတင်ကာ ပြိုင်ပွဲအဖြစ် ကျင်းပလာခြင်းဖြစ်ပြီး မီးပုံးပျံပွဲတော်မှာ နေ့မီးနဲ့ ညမီးဆိုပြီး နှစ်မျိုးခွဲကာ ပြိုင်ပွဲတွေ ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။
နေ့ပိုင်း အလှလွှတ် မီးပုံးပျံတွေဟာ များသောအားဖြင့် တိရစ္ဆာန် ရုပ်ပုံတွေဖြစ်ပြီး ညလွှတ် မီးပုံးပျံတွေမှာတော့ ညမီးကြီးနဲ့ စိန်နားပန် ဆိုပြီး နှစ်မျိုးရှိတယ်လို့ သိရပါတယ်။
ညမီးကြီးမှာ မီးပုံးပျံအောက်ဆွဲအတွင်း ယမ်းခွေပါဝင်ပြီး မီးပုံးပျံ ပျံတက်တဲ့အချိန်အတွင်း မီးရှူးမီးပန်းတွေ ပစ်လွှတ်ကာ ညမြင်ကွင်းကို အလှဆင်ကြတယ်လို့ သိရပါတယ်။
စိန်နားပန်ကတော့ မီးပုံးပျံအပြင် ကိုယ်ထည်ပေါ်နဲ့ အောက်ဆွဲမှာ မီးပုံးအရောင် အမျိုးမျိုးနဲ့ ရုပ်ပုံတွေသော်လည်းကောင်း၊ စာလုံးတွေသော်လည်းကောင်း ပုံဖော်ကာ လွှတ်တင်ကြတဲ့ မီးပုံးပျံအမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ မီးပုံးပျံပွဲတော်ကို ကိုဗစ် – ၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ကစပြီး သုံးနှစ်ကြာ ရပ်နားထားခဲ့ရာမှ ၂၀၂၃ ခုနှစ်မှာ ပြန်လည် ကျင်းပခဲ့တာဖြစ်ပြီး အခု ၂၀၂၆ ခုနှစ်မှာတော့ (၈၅) ကြိမ်မြောက် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရှမ်းပြည်နယ်အစိုးရဟာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်အပြင် အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကိုလည်း လာမယ့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ စတင်ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်း

Related posts

VOM News

FREE
VIEW