စက်တင်ဘာ ၁၇ – ၂၀၂၆
SN (VOM)
ရခိုင်ပြည်နယ်၊ စစ်တွေ – ပုဏ္ဏားကျွန်းအစပ်မှာ အစိုးရတပ်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က စတင်ကာ အစိုးရတပ်တွေက တိုက်ပွဲ ဖော်ဆောင်လာတာဖြစ်ပြီး AA ထိန်းချုပ်ရာ နေရာတွေကို ထိုးစစ်ဆင်မယ့်အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
“ဒီစစ်ဆင်ရေးကို ၄၉၂၆ စစ်ဆင်ရေး၊ တချို့ကလည်း ရန်နိုင်အောင် စစ်ဆင်ရေး ဆိုပြီး သတင်းတွေထွက်ပြီး ပြောနေကြတာရှိပေမယ့် အစိုးရဘက်က တရားဝင် ပြောဆိုထားတာ မရှိသေးဘူး။ ဒါပေမယ့် လက်ရှိ အခြေအနေအရ ခြုံပြီး သုံးသပ်ရမယ်ဆိုရင်တော့ ဒါက ကြီးမားတဲ့ စစ်ဆင်ရေးကြီးတခုလို့တော့ ပြောလို့ရတယ်။ အစိုးတပ်က ကြည်း၊ ရေ၊ လေ အကုန်ပေါင်းပြီး တိုက်ပွဲဖော်ဆောင်နေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဆုံးရှုံးထားတဲ့ နယ်မြေတွေနဲ့ မြို့နယ်တွေကို ပြန်လည်ရယူဖို့နဲ့ AA ရဲ့ ဖိအားကို ဟန့်တားနိုင်ဖို့ အစိုးရတပ်က စစ်တွေအခြေစိုက် တပ်ရင်းတွေကတဆင့် ခုခံစစ်နဲ့ ထိုးစစ်ကို ပေါင်းစပ် လုပ်ဆောင်နေပုံရတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ AA ဟာ အစိုးရတပ်ရဲ့ စစ်တွေမြို့အနီးအထိ ပြန်လည်ထိုးစစ်ဆင်မှုကို ကြားဖြတ်ဟန့်တားပြီး ပုဏ္ဏားကျွန်းအစပ် နေရာတွေမှာ အခိုင်အမာ ခုခံလျက်ရှိတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ မြေပြင်ထိုးစစ်ကိုလည်း အင်အားအများအပြား အသုံးပြုထားပြီး စစ်တွေမြို့နယ်ရှိ မင်းချောင်းတံတား၊ ဝါဘို၊ မင်းလှနဲ့ မြစ်နားကျေးရွာတွေ ဝန်းကျင်ကတဆင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်က ကွမ်းတောင်၊ ရဲရိုးပြင်၊ ခမောင်းတောနဲ့ အောင်ဇေယျကျေးရွာတွေကို ဦးတည် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ပုဏ္ဏားကျွန်းမြို့နယ်က စပါးထား၊ အိုင်ဒင်နဲ့ အောင်မြေကုန်း အစရှိတဲ့ ကျေးရွာတွေဘက်မှာလည်း တိုက်ပွဲတွေရှိနေပြီး AA က အင်အားအများအပြားနဲ့ တန်ပြန် ထိုးစစ်ဆင်နေတယ်လို့ သူက ပြောပါတယ်။
“တိုက်ပွဲအရှိန်မြင့်လေ နှစ်ဖက် အထိအခိုက်များလေပဲ။ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဆက်တိုက် တိုက်ခိုက်တာတွေလည်း ရှိတယ်။ ဒရုန်းတွေ အများကြီး သုံးလာကြတာ တွေ့ရတယ်။
AA ကလည်း စစ်တွေကို ထိန်းချုပ်ဖို့လုပ်နေတယ်။ ဆိုတော့ ဒီတိုက်ပွဲက နှစ်ဖက်စလုံးအတွက် အဆုံးအဖြတ်ပေးမယ့်သဘောလို ဖြစ်နေတာတွေ့ရတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကလည်း ဆက်တိုက်ပဲ” လို့ သူက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၇ ရက်၊ မနက် ၇ နာရီဝန်းကျင်နဲ့ မနက် ၉ နာရီ၊ မိနစ် ၅၀ ဝန်းကျင်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်ကျေးရွာတဝိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ သမိုင်းဝင် ဦးရာဇ်တောင်စေတီအနီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ နှစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အစိုးရတပ်တွေဟာ ပုဏ္ဏားကျွန်းကို ထိန်းချုပ်နိုင်ဖို့ အနည်းဆုံး စစ်ကြောင်း ငါးကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး စစ်တွေ – ရန်ကုန် ကားလမ်းမကြီးအတိုင်း မင်းချောင်းတံတားကနေ ကွမ်းတောင်ရွာထိုးစစ်ကို အဓိက အင်အားဖြည့် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်ရှိ ကွမ်းတောင်၊ စပါးထား၊ ဖက်ကျ၊ ဒီပါရုံ အစရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ ကျေးရွာတွေနဲ့ နီးစပ်ရာမြို့နယ်တွေ၊ တောတောင်တွေထဲကို အရေးပေါ် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒါအပြင် ကျောက်ဖြူမြို့နယ်မှာလည်း အစိုးရတပ်က တောင်မော်ဦး ရေတပ်စခန်းအနီး အဝတောင်ဘက်ကနေတဆင့် AA ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်နေပြီး လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို သိမ်းပိုက်ထားတဲ့ AA ဟာ လက်ကျန် အဆုံးအဖြတ် တိုက်ပွဲတွေကို အခု ၂၀၂၆ ခုနှစ်ကနေ လာမယ့် ၂၀၂၇ ခုနှစ် မကုန်မီကာလအတွင်း အကောင်အထည်ဖော်သွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က အသိပေး ပြောဆိုထားပါတယ်။
Photo – CJ
