ဆူးငှက်
သံဃာ့ဆေးရုံကြီး တစ်ရုံ ဆောက်လုပ်မည်
———————————————-
ကျွန်တော် သရက်ကုန်းရပ်ကွက်လေးသို့ ၁၉၉၉ – ၂၀၀၀ ခုနှစ်မှ စတင်ပြောင်းရွှေ့နေထိုင်ခဲ့ရာ ၂နှစ်ကျော် ၃နှစ်လောက်ပဲ စိတ်လက်ကြည်သာ ချမ်းမြရှိခဲ့သည်။ ဒါတောင် အိမ်ထဲ ရေဝင်လို့ဖို့ရ၊ လမ်းမှာ ကျောက်ပျက်ခင်းရ၊ လျှပ်စစ်မီးအတွက် ပူပန်ရနှင့် စိတ်မောခဲ့ရသည်။ ၂၀၀၃ခုနှစ် ဇူလိုင်လမှ စ၍ စိတ်လက်မချမ်းသာ ပင်ပန်း ဆင်းရဲ လိုက်သည်မှာ ၂၀၀၉ခုနှစ်တိုင်တော့သည်။
ဒါတောင် လွတ်ကင်းသွားလို့ စိတ်ဒုန်းဒုန်းချကာ ခေါင်းပြားအောင် အိပ်ရတာမဟုတ်။ ဖြစ်ပျက်သမျှ ခါးစည်းခံ တော့မယ်ဟု ရဲစိတ်မွေးလိုက်လို့ ဖြစ်သည်။ ထို့ကြောင့် သရက်ကုန်းကိစ္စ ခေါင်းထဲ မထားတော့ဘဲ အဆို အတီး အကအခုန်များနှင့် ပြောလိုက် ဟောလိုက် ပျော်ပျော်နေလိုက်တော့သည်။
အမှန်က မထူးဇာတ်ခင်းခြင်း ဖြစ်သည်။ ဒါတောင်မှ ၂၀၀၇ခု နှစ်ဦးပိုင်းလောက်က ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦး၏ လှူဒါန်းမှုဖြင့် မန္တလေးတွင် ဇီဝိတဒါန သံဃာ့ဆေးရုံကြီး တစ်ရုံ ဆောက်လုပ်မည် ဟူသော သတင်းနှင့်အတူ ထိုဆေးရုံအတွက် အတော်အတန်ကျယ်ဝန်းသော မြေနေရာရှာနေသည်ဟူသော သတင်းပါ ဆက်တိုက်ကြားရသည်။
လာပြန်ပြီ နိုင်ငံတော်စီမံကိန်းတဲ့
————————————
ထိုဆေးရုံအတွက် မြေနေရာများရှာဖွေရာတွင် သရက်ကုန်းကွက်သစ် ကွင်းအမှတ် ၄၉၂ ကလည်း လျာထားသည့် အထဲ ပါဝင်သည်။ လျာထားသော မြေကွက်များမှာ သရက်ကုန်းကွက်သစ် ကွင်းအမှတ် ၄၉၂ ပါသည်။ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေပါသည်။ ထို့နောက် ကန်တော်ကြီးဟု အမည်ပြောင်းလဲထားသည့် တက်သိမ်းအင်း ကန်လယ်လမ်းမ အနီးမြေကွက်ပါသည်။ ထိုမြေ၃ကွက်ကို လျာထားပြီး နိုင်ငံတော်အကြီးအကဲ လာလျှင် တင်ပြမည်။ နိုင်ငံတော် အကြီးအကဲက ထိုမြေ၃ကွက်ထဲက တစ်ကွက်ကို ရွေးချယ်မည်တဲ့။ ကိုင်း.. မဲမပေါက်ဖို့ကို ဆုတောင်း ကြရသည်။
နိုင်ငံတော် အကြီးအကဲကလည်း ထုံးစံအတိုင်း ပြင်ဦးလွင် စစ်တက္ကသိုလ် သင်တန်းဆင်းပွဲရှိသည့် ဒီဇင်ဘာလ ဝန်းကျင်တွင် ရောက်လာတတ်သည်လေ။ သည်တစ်ခါလာလျှင် ရတနာပုံတံတားကို စစ်မည်။ အထူးသဖြင့် ကမ်းနား မြို့ပတ်လမ်းကိုတော့ ရတနာပုံတံတားထိပ်အထိ စစ်မည်တဲ့။ ထိုခရီးစဉ်တွင် ဇီဝိတဒါန သံဃာ့ဆေးရုံ မြေနေရာကို ရွေးချယ် အတည်ပြုမည်တဲ့။ ဘုရားသာ တပေရော့။ ဒါမှ နိုင်ငံတော်စီမံကိန်းစစ်စစ်လေ။ ပြီးတော့ သံဃာ့ဆေးရုံတဲ့။ ငြင်းရဲ ငြင်းလေ။ နေရာရွေးမှာက နံပတ်ဝမ်း ၁၊ ဂဏန်း ၁။
ကိုင်း..၊ သည်လိုနှင့် ခရီးစဉ်စတင်လို့ နိုင်ငံတော်အကြီးအကဲ မန္တလေးရောက်လာပါပြီ။ ကမ်းနားရောက်တော့ ရွှေကြက်ယက်နှင့် ချော်ဆိပ်ကြား မြစ်ကမ်းနှင့် ဝန်းကျင် မြို့ပြစီမံကိန်းကြီး တစ်ခု အကောင်အထည်ဖော်မည့်ကိစ္စ လမ်းညွှန်မှာကြားသည်ဟု သိရသည်။ ထိုစီမံကိန်းက ဧရာဝတီမြစ်၏ မြေနုကျွန်း ဧက ၂၀၀၀ကျော်တွင် အကောင်အထည် ဖော်မည့် စီမံကိန်းကြီးဖြစ်သည်။ တစ်ဆက်တည်းကြားရသည်က ထိုစီမံကိန်းနှင့် ဆက်စပ်သော မန္တလေးကန်တော်ကြီး၏ ကန်ပတ်လမ်းတွင်လည်း ဇီဝိတဒါန သံဃာ့ဆေးရုံကြီးတည်ဆောက်မည်ဟူသော သတင်းဖြစ်သည်။ ထိုသတင်းကြောင့် ကျွန်တော့်မှာ ထခုန်လုမတတ် ဝမ်းသာသွားသည်။ အဘယ့်ကြောင့်ဆိုသော် သံဃာ့ဆေးရုံတည်ဆောက်မည့်နေရာမှ သရက်ကုန်းရပ်ကွက်က ကင်းလွတ်သွားသောကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ၂၀၁၀ခုနှစ် အစိုးရအပြောင်းအလဲတွင် လွှတ်တော်ကိုယ်စားလှယ်များထံ သရက်ကုန်းရပ်ကွက် မြေရာဇဝင်ကို ကျွန်တော် တင်ပြနိုင်ခဲ့ခြင်း ဖြစ်သည်။
ဝစ်သောက် ရပ်ကွက်
———————
ကိုင်း.. သည်လိုနှင့် သရက်ကုန်းက ဇာတ်လိုက်နေရာမှ တဖြည်းဖြည်းလျောကျပြီး သိမ်းလည်းမသိမ်း၊ ဂရန် ချထားပေးရန် ကိစ္စကိုလည်း မစဉ်းစားနှင့် အပယ်ခံဖြစ်နေခဲ့သည်။ နတ်တော်လတွင် ကျင်းပသည့် ရပ်ကွက် ဓမ္မာရုံ ဘုရားပွဲအတွက် ဇာတ်ပွဲထည့်သောအခါ ပွဲမိန့်သွားတောင်းလျှင် သည်ရပ်ကွက်က တရားဝင် ရပ်ကွက်မဟုတ်လို့ ပွဲမိန့်ကို လက်မှတ်ထိုး မပေး၊ ကိုယ့်တာဝန် ကိုယ်ယူပါ ဟု ဆိုသဖြင့် သရက်ကုန်းဘုန်းကြီးကျောင်းက သံဃာတော်များ အစောင့်အရှောက်ဖြင့် ပွဲခင်းခဲ့ရသည်။ ဧည့်စာရင်းတိုင်ခြင်း၊ ရပ်ကွက်တွင် အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံစာ တောင်းခြင်း ကိစ္စတို့တွင် သရက်ကုန်းကွက်သစ်ကဟု ဆိုလျှင် အတော်မျက်နှာငယ်ရသည်။ လက်မှတ် ထိုးမပေးကြ။ သည်လိုနှင့် ရပ်ကွက်က လူနေစိပ်လာပြီ၊ အဆောက်အအုံတွေများလာပြီ။ နာကြီးမျက်စေ့ကြီးတွေလည်း တိုက်ကြီး တာကြီး တွေနှင့် နေထိုင် လာကြပြီ။
သည်တော့ စောစောကပြောသလို ထောက်ခံစာကိစ္စ ပါမစ်ကိစ္စ ရုံးပြင်ကနားကိစ္စတွေမှာ သည်အတိုင်း ပစ်ထားလို့မရ။ ထိုအခါ ယခင်က အောင်မြေသာစံမြို့နယ် အနှိပ်တော် ရပ်ကွက်လက်အောက်ကလိုလို မရေမရာ ဖြစ်နေရာက အောင်မြေသာစံမြို့ မဟာဇေယျာဘုံရပ်ကွက် အပိုင်း ၂ အဖြစ် အသိအမှတ်ပြုကာ ရာအိမ်ခေါင်းလည်း ခန့်ထားနိုင်ခဲ့ပြီ။ ရပ်ကွက်ထဲမှာလည်း လူမှုရေးအသင်းဖွဲ့ပြီး ရပ်ကွက်လူမှုရေးသာမက အစိုးရ၏ အသင်းအဖွဲ့ဆိုင်ရာ တာဝန်ပေးခြင်းများလည်း ပါဝင်ဆောင်ရွက် လာနိုင်ခဲ့ပါပြီ။
ကျွန်တော်ကတော့ ရပ်ကွက်လူမှုရေးအသင်း၏ နာယက လိုလို၊ ဓမ္မာရုံဂေါပက၏ အကြံပေး လိုလိုနှင့် အဖွင့်စကားလေး ဘာလေး ပြောရသည့် တာဝန်၊ ကော်မတီတွေ အခင်းချင်း မတည့်ကြလို့် တစ်ဖက်စီက လာပြောကြလျှင် ၂ဖက်စလုံးရှေ့ ဟုတ်တာပေါ့ မှန်တာပေါ့ ဟု ခေါင်းညိတ်ရသော ရာထူးများရရှိခဲ့ပါ၏။
ရာထူးကြီးအတွက် ရပ်ကွက်က ကျွန်တော့်ကို ချီးမြှင့်ခြင်း
—————————————————————-
တစ်ခါတော့ ညဦးပိုင်း တစ်ချိန်တွင် ကျွန်တော့်အိမ်ရှေ့၌ ရပ်ကွက်ထဲကလူတွေ ၁၅ဦးလောက် စုရုံးစုရုံးနှင့် တွတ်ထိုးနေကြသည်။ ရပ်ကွက်ထဲက အပျိုခေါင်း အမျိုးသမီး အချို့လည်း ပါလာသည်။ ထို့နောက် လူစုံတက်စုံနှင့် အသံပေးပြီး ကျွန်တော့် အိမ်ထဲ ဝင်လာကြ၏။ ကျွန်တော်က ဘာများပြောစရာရှိလို့ပါလိမ့်၊ ဓမ္မာရုံကိစ္စလား၊ လူမှုရေးအသင်းကိစ္စလားဟု စဉ်းစားနေဆဲ သူတို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သူပြောနိုးငါပြောနိုး စောင့်နေကြတော့ ကျွန်တော်က ဘာထူးလို့လဲဗျဟု မေးလိုက်သည်။ ထိုအခါ တစ်ယောက်က “ဒီလိုပါဆရာ၊ ဆရာလည်းသိမှာပါ၊ ရပ်ကွက်ထဲ့ ရာအိမ်မှူးက ဆက်မလုပ်နိုင်တော့ဘူးတဲ့ဆရာ၊ သူက သူ့အမျိုးသမီး ကျန်းမာရေး အတွက်ရော သူကိုယ်တိုင်က ရပ်ကွက်ထဲက အိမ်ကို ရောင်းပြီး ကန်ကောက်ရွာသစ်ဘက် ပြောင်းမှာရောမို့ ရာအိမ်မှူးက နှုတ်ထွက် လိုက်ပြီ ဆရာ၊ အဲ့ဒါ..၊ အဲ့ဒါ..” နှင့် ရှေ့မဆက်ဘဲ အခင်းချင်းပြန်လှန်ကြည့် နေကြပြန်၏။
ထိုအခါ ရပ်ကွက်ထဲက လူမှုရေးအသင်းကို ဦးဆောင်နေသည့် စစ်ပြန်စစ်မှုထမ်းဟောင်းတစ်ဦးက ကြားဖြတ်၍ “ ဒီလိုဆရာရေ..၊ အဲ့ဒီရာအိမ်မှူးက နှုတ်ထွက်သွားတော့ တချို့က ကျွန်တော့်ကို ရာအိမ်မှူး တာဝန်ယူစေချင်ကြတာဆရာ၊ သည်တွင် ကျွန်တော်တို့က ရပ်ကွက်ထဲမှာ ဆရာ တစ်ယောက်လုံး ရှိနေတာ၊ ကျော်ပြီး မစဉ်းစားကြပါနဲ့၊ ဆရာက ရပ်ကွက်အကျိုး တလျှောက်လုံးလုပ်လာတာ၊ ရပ်ကွက် ရာအိမ်မှူးက ဆရာနဲ့ အသင့်တော်ဆုံးပါဆိုပြီး သဘောတူကြလို့ အခု ဆရာ့ဆီ လာကြတာပါ။ ဆရာလက်ခံရင် တစ်ရပ်ကွက်လုံးက ထောက်ခံကြမှာ ဆရာ၊ ကျွန်တော်တို့က ဆရာ့ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးအထိ ဖြစ်အောင်း ဝိုင်းထောက်ခံကြမှာဆရာ၊ အဲ့ဒါ ဆရာ ဝမ်းသာအောင် လူစုပြီး လာပြောကြ တာပါ” တဲ့။
ကျွန်တော်က အစက သူတို့ပြောနေတာကို ပြုံး၍ နားထောင်သည်။ ထို့နောက် မျက်မှောင်ကြုပ်သည်။ ထို့နောက် အံကြိတ်သည်။ ထို့နောက် လက်သီး ကျစ်ကျစ် ပါအောင် ဆုပ်သည်။ ထို့နောက် ဒေါသအမျက်ချောင်းချောင်းထွက်သည်။ ထို့နောက် “ ခင်ဗျားတို့က ကျွန်တော့်ကို ရာအိမ်ခေါင်းရာထူးလောက် မက်လို့ ရပ်ကွက်အလုပ်တွေ လုပ်ပေးနေတယ် ထင်လို့လား၊ ဒီမယ် ကျွန်တော်လုပ်ချင်ရင် လွှတ်တော်ကိုယ်စားလှယ်တောင် လုပ်လို့ရတယ်ဗျ၊ လွှတ်တော်ကိုယ်စားလှယ် မပြောနဲ့ သမ္မတရာထူးပေးတောင် စိတ်ကူးထဲ မထည့်ဘူးဗျ၊ ဘယ့်နှယ်ဗျာ ကျုပ်ကို ဆယ်အိမ်ခေါင်းရာထူးအတွက် ခင်ဗျားတို့မို့ လာပြောရက်ကြပေတယ်” ဟု အော်လိုက်ရသည်။ ကိုင်း ကျွန်တော်တို့ ရပ်ကွက်ဆိုတာ အဲ့သလို..။
တောဂရန်ရှိ လူနေတွေ ပထမဦးစားပေးပြီ
——————————————–
သရက်ကုန်းရပ်ကါက်လေးက လိမ့်လိမ့်လဲလဲ မဖြစ်တော့တာတော့ သေချာပါပြီ။ အောင်မြေသာစံမြို့နယ် မဟာဇေယျာဘုံ ရပ်ကွက် အပိုင်း၂ အဖြစ် တရားဝင်ရောက်ရှိပြီးနောက် ဂရန်များ ချထားပေးမည်ဟု သတင်းရပါပြီ။ သို့သော် ယခင်မူလက သတ်မှတ်ပေးသည့် အုပ်စု ၄ စုအတိုင်း အစဉ်လိုက် ချထားပေးမည်ဟု ဆိုသည်။ ပထမဆုံး ဦးစားပေးက တောဂရန်ရှိ လူနေများ ဖြစ်သည်။ သည်အစီအစဉ်အတိုင်းဆိုလျှင် ကျွန်တော်က တတိယဦးပေး “ဂရန်မရှိ လူနေ” ထဲပါလို့ အချိန်အတော်ကြာအောင် စောင့်ရဦးမည်။
ရပ်ကွက်ထဲမှာက အိမ်ခြေလည်း အတော်တိုးလာပြီ။ လူနေလည်း ထူထပ်လာပြီ။ လုပ်ငန်းတွေလည်း စုံလာကြပါပြီ။ သို့သော်လည်း ရပ်ကွက်လေး၏ မူလ ရွာနေပြည်ထိုင်များထဲကပဲ အစစအရာရာ ဦးဆောင်နိုင်ကြလို့ တော်ပေသေးသည်။ ယခင်လိမ့်လိမ့်လဲလဲ ဖြစ်လုကတည်းက ခေါင်းချင်းဆိုင်ခဲ့ကြသူများပဲ ဆက်လက် ခေါင်းချင်းဆိုင် တိုင်ပင်ကာ ရပ်ကွက်အကျိုး ဆောင်ရွက်ကြရသည်။ အထူးသဖြင့် ရပ်ကွက်ဓမ္မာရုံလေးက ဝါတွင်းကာလ ဥပုသ်သီလ ပွဲများကို နှစ်စဉ်မပျက် ကျင်းပနိုင်ခဲ့သည်။ ထိုသီလပွဲများတွင် ဥပုသ်နေ့တိုင်း မနက်စောစောတွင် ပလုတ်တုတ်ဗုံတောင် ကြေးမောင်း ကြေးစည်များဖြင့် ဆွမ်းကြီးခံအဖွဲ့ထွက်ကြလို့ နောက်ပေါက်လူငယ်လေးများကိုလည်း စုစည်းနိုင်ခဲ့သည်။
မြို့သစ်မှာ ဘကုန်း၃၊ နန်းရှေ့မှာ သရက်ကုန်း
—————————————————
တစ်ခါက ကျွန်တော့်အိမ်သို့ ရပ်ကွက်ထဲက လုပ်ဖော်ကိုင်ဖက် ၄ – ၅ဦး လူစုပြီး ရောက်လာကြသည်။ သူတို့က လာရင်းအကြောင်းကို ပြောကြရာ ရပ်ကွက်ထဲမှာ အငှားထားသည့် အဆောင်တွေ ပေါ်လာပုံကအစချီသည်။ လူတစ်ယောက်လျှင် ဘယ်လောက်ဟူ၍ လချင်းပေးနှင့် အဆောင်မှာ အငှားထားသည်။ ထိုလုပ်ငန်းက အဆင်ပြေတော့ ရပ်ကွက်ထဲမှာ တစ်ဆောင်လျှင် လူတစ်ရာနီးပါး ထားနိုင်သော အဆောင်တွေ ဆယ်ချီ ရှိလာသတဲ့။ ထိုအဆောင်များမှာ ထုံးစံအတိုင်း ကာလသားကြိုက်( လူကြီးလည်းကြိုက်) လုပ်ငန်းနှင့် အသက်မွေးကြသည့် မိန်မပျိုလေးတွေ အုပ်လိုက်ပါလာသည်။
ထိုအခါ သူတို့ လုပ်ငန်းခွင်က အကြောင်းကြောင်းသော အကြောင်းများကို အကြောင်းပြုပြီးသကာလ အပြင်က တည်းခိုခန်းအထိပင် မရောက်ကြတော့ဘဲ ဧည့်သည်၏ ကားပေါ်မှာ၊ အဆောင်ဘေးမှာ၊ အဆောင်နှင့် မျက်စောင်းထိုး အိမ်ရှေ့က ကွပ်ပျစ်မှာ စသည်ဖြင့် လုပ်ငန်းခွင် ဖြစ်ကုန်ကြရုံမက ထုံးစံအတိုင်း ဈေးဆစ်ကြ၊ လုပ်အားခ တန်သလောက် မရလို့ အော်ဟစ်ကြ၊ ကြိုတင်ညှိနှိုင်း သဘောတူ ဝန်ဆောင်မှု မပြည့်မီလို့ မရလို့ ငြင်းခုန်ကြ၊ ငှားရမ်းသုံးစွဲသူက တန်ကြေးမပေးဘဲ ဦးရေပို သုံးစွဲ အနိုင်ကျင့်လို့ ငိုယိုကြ ရန်တွေ့ကြ၊ ပြေလည်အဆင်ပြေသူတွေကလည်း လိုအပ် သည်ထက် ပိုမိုကာ လေးဖက်သံကြား အသံထွက် ဗော်လျူး တင်ကြ။ ထိုအခါ ဘေးအိမ်တွေမှာ ညတွင် ကောင်းကောင်း မအိပ်ရရုံမက မနက်လင်းတာနှင့် အိမ်ရှေ့က လူမြင် မကောင်းသည့် လုပ်ငန်းခွင်သုံး စွန့်ပစ် ပစ္စည်းတွေ ရှင်းလင်းရ။ မခံမရပ်နိုင်လို့ ပြောဆိုပြန်တော့ သူတို့ ကပ်စတန်မာတွေက ညရောက်လျှင် ပြောသည့်အိမ်ကို ခဲနှင့် အမိုးပေါ်ပစ်ပြီး ပညာပေးကြနှင့် အတော်ရုပ်ပျက်နေသတဲ့။ “ဆရာကသာ အနောက်ခြမ်းမှာနေလို့ ဘာမှ မသိတာ၊ ကျွန်တော်တို့ အရှေ့ခြမ်းမှာ ညည ဆို ကမ္ဘာပျက်နေတာ။ မြို့ထဲမှာ နံမည်တောင် ကြီးနေတာ၊ ဘာတဲ့ မြို့သစ်မှာ ဘကုန်း ၃၊ နန်းရှေ့မှာ သရက်ကုန်း တဲ့ဆရာ၊ အဲ့ဒါ ဆရာဦးဆောင်ပြီး သက်ဆိုင်ရာကို တိုင်ပေးပါတဲ့။
အလိုလေး၊ မလုပ်ပါရစေနဲ့ ရဲဘော်တို့၊ ရာအိမ်ခေါင်းတို့ အုပ်ကြီးတို့ တိုင်ပါလေ ဟုဆိုတော့ သူတို့ကကို ဆရာ့ကို ပြောပြီး ဝန်ကြီးချုပ်ဆီ တိုင်စာပို့ပါလို့ ပြောလို့တဲ့။ ဝန်ကြီးချုပ်ထိ မလုပ်ကြပါနဲ့ ရဲဘော်တို့ရာ၊ စာကြမ်းပဲ ရေးပေးပါ့မယ်၊ ကိုယ့်ဟာကိုယ်ပဲ ကြိုက်တဲ့ဆီ တိုင်ကြပါဟု ပြောလိုက်ရသည်။ အမလေး ဒို့ရပ်ကွက်ထဲ ဒီစာရေးဆရာလေးရှိလို့တော်သေး၊ တိုင်စာတဲ့ ဘာတဲ့ဆို အားကိုးရသား ဖြစ်ပါ၏။ သည်တိုင်စာက ထိရောက်သလား မရောက်သလားတော့မသိ၊ အရှိန်တန့်ရုံတော့ ရှိလောက်မည်။ သို့သော် ရပ်ကွက်ထဲမှာတော့ ကျွန်တော်တိုင်လို့ဟု သတင်းထွက်နေသည်။
လူမှုရေးအသင်း အမှုဆောင်သစ်ရွေးပွဲ
—————————————–
ရပ်ကွက်အတွင်း အခြားပြဿနာကတော့ ကြီးကြီးမားမားမရှိ၊ လူကြီးပိုင်းမှ တစ်ဦးစ နှစ်ဦးစကပဲ အဆင်မပြေ ရှိကြသောကြောင့် တစ်ယောက်ဖြူလျှင် တစ်ယောက်မည်း လေသောအခါ အလုပ်အကိုင် အဖုအထစ်လေး တွေ ရှိတတ်သည်။ ထိုအခါ ဓမ္မာရုံတွင် အစည်းအဝေးခေါ်ပြီး ညှိကြသည်။ ထိုပွဲမျိုးဆိုလျှင် ကျွန်တော့်ကို တကူးတကန့် ဖိတ်ကြားပြီး တိုင်ကြတောကြလို့ ကျွန်တော်က ဘုမသိဘမသိညှိရ ထိန်းရသည်။ တစ်ခါက လူမှုရေးအသင်းကို ဦးဆောင်သည့် သူက နှုတ်ထွက်လို့ အမှုဆောင်သစ်ဖွဲ့ကြမည်တဲ့။ ထိုအခါ အမှုဆောင်သစ်ဖွဲ့ဖို့ အစည်းအဝေး မခေါ်မီညတွင် ကျွန်တော့်ထံ ရောက်လာကြပြီး အကျိုးအကြောင်း ပြောပြသည်။ ယခင်ဥက္ကဋ္ဌဟောင်းလည်းပါလာသည်။ သူကိုယ်နှိုက်ကပင် လူငယ်တွေကို နေရာပေးချင်လို့ နှုတ်ထွက်တာ ဖြစ်ကြောင်း ပြေပြေလည်လည် ပြောပြသည်။ ထို့နောက် အသစ်ဖွဲ့မည့် အမှုဆောင်သစ် လျာထားစာရင်းကို ဥက္ကဋ္ဌ အတွင်းရေးမှူး ဘဏ္ဍာထိန်း စာရင်းစစ်ကအစ နံမည်များနှင့် အတိအကျ ပြကြသည်။
လာရင်းအကြောင်းက နက်ဖြန် အစည်းအဝေးတွင် တစ်ယောက်တစ်ပေါက်နှင့် အရာမရောက် ကြံ့ကြာနေမည် စိုးသောကြောင့် ကျွန်တော်က ထိုစာရင်းကို ဖတ်ပြပြီး ရပ်ကွက်လူထုထံက ထောက်ခံ သဘောထားယူပေးဖို့ တောင်းဆို တာပါဟု ပြောကြ၏။ ကျွန်တော်က လူစာရင်းဖတ်ကြည့်ပြီး သိပြီးသားတွေချည်းမို့ ပြောစရာမလိုသောကြောင့် အိုကေ လိုက်ပါ၏။ နောက်ရက်တွင် ဓမ္မာရုံ၌ ကျင်းပသော လူမှုရေးအသင်း အမှုဆောင်သစ်ရွေးပွဲက လူအတော်များများ တက်ကြသည်။ ထုံးစံအတိုင်း ပြောကြဆိုကြပြီး ကျွန်တော်ကလည်း ထုံးစံအတိုင်း အပရိဟာနိက တရားလာ ညီညွတ်ခြင်းအကြောင်း ပမာပြု၍ အနည်းအပါး ပြောပြီး အမှုဆောင်သစ်ရွေးချယ်ထားမှုကို တင်ပြကာ သဘောထားယူ လိုက်သည်။ ထိုသို့ သဘောထားယူလိုက်လျှင် ရာနှုန်းပြည့်နီးပါး သဘောတူကြမည်ဟု ကျွန်တော်က ထင်ခဲ့သည်။ သို့သော် ထိုသို့ မဟုတ်။ အမျိုးသမီးအုပ်စုတစ်စုက ဘာမပြောညာမပြောနှင့် ရုန်းခနဲ ထပြန်ကြသည်။ ထောက်ခံသည် လည်းမပြော ကန့်ကွက်သည်လည်း မပြော။
သြော်.. သည်လိုကိုး
————————
ပြီးတော့မှ အပြင်ရောက်သည်နှင့် ဆူညံပွက်လောရိုက်ကာ အမှုဆောင်သစ်က ဥက္ကဋ္ဌသစ်ကို မကြိုက်တာ ပြောကြ၏။ ထိုအသံပလံများက ဓမ္မာရုံအတွင်းထိ ရိုက်ခတ်ကာ အစည်းအဝေးတက်သည့် ကျန်သူများကလည်း ပွစိပွစိတွေ ဖြစ်လာကြသည်။ သည်တွင် ဥက္ကဋ္ဌသစ်အဖြစ် လျာထားခံရသူက သည်ရာထူးကို လက်မခံနိုင်ပါကြောင်း၊ ကျွန်တော်နှင့် မဖြစ်ပါကြောင်း၊ ကျွန်တော်ကလည်း အခြားရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်မှာမို့ ပယ်ဖျက်ပေးရန် တင်ပြပါကြောင်း ဖြစ်လာတော့သည်။ ထို့နောက် သူကိုယ်တိုင်ကပင် ယခင်ဥက္ကဋ္ဌဟောင်းကပဲ ဆက်လက်တာဝန်ယူပါရန် အဆိုပြုပြန်သည်။ ကျွန်တော်ကလည်း စာရွက်ကြီးကိုင်ပြီး ဘာဆက်ပြောရမှန်းမသိ။ ပရိသတ်ကလည်း ပြန်သူပြန် စကားတွေ အချင်းချင်း ပြောသူပြောကြပြီ ဆူလို့။ သည်တော့ ဥက္ကဋ္ဌဟောင်းက ကိုင်း အားလုံးက တောင်းဆိုတော့လည်း သူပဲ ဆက်တာဝန်ယူပါ့မယ် ဖြစ်တော့သည်။ စောစောက ရုန်းခနဲ ထပြန်ကြသည့် မိန်းမတွေက သူ့ အဖွဲ့တွေလေ။
သြော်.. ဒီလိုကိုး။ ဒီအကွက်ပဲ နင်းတာကိုး၊ ကျွန်တော်ကသာ ဘာမသိ ညာမသိ လက်ဝင်လျှိုတာကိုး။ သို့သော် ကျွန်တော် သည်ရပ်ကွက်ထဲမှာ သည်လူတွေနှင့် နေရတာ ပျော်ပါသည်။ သူတို့က ဘာပဲပြောပြော ရိုးသားကြသည်။ သည်အစုအဖွဲ့ ကပဲ ရပ်ကွက်အကျိုး ပြုလုပ်ကြ၊ တွေ့ဆုံကြ၊ ငြင်းခုန်ကြ၊ အခန့်မသင့်ကြ၊ ကျွန်တော့်ထံရောက်လာပြီး တိုင်ကြတောကြ၊ ပြန်တည့်ကြ။ သည်လိုနှင့် ရေရှားပါးသော ရပ်ကွက်လေးထဲ ရေပေးရေကို ရေစစ်ကန်ရေ စက်ရုံကတဆင့် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ရပ်ကွက်တွင်း ပဋ္ဌာန်းပွဲကျင်းပနိုင်ခဲ့ကြသည်။ ရပ်ကွက်ဓမ္မာရုံ ဗုဒ္ဓပူဇေနိယပွဲကို ဆိုင်းနှင့် ဇာတ်နှင့် ကျင်းပခဲ့ကြသည်။ သက်ကြီးပူဇော်ပွဲတဲ့။ ညောင်ရေသွန်းပွဲတဲ့။ ထမနဲပွဲတဲ့ အသံချဲ့စက် တကြော်ကြော်နှင့် ရပ်ကွက်လေး ဖြစ်ခဲ့ပါပြီ။
ဆူးငှက်
