မန္တလေး၊ စက်တင်ဘာ- ၁၅- ၂၀၂၆
(VOM)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရှေ့မှာ ရုံးဖွင့်ချိန် သက်တမ်းတိုးဆောင်ရွက်ဖို့ စောင့်ဆိုင်းတဲ့ မော်တော်ယာဥ်တွေကြောင့် လမ်းပိတ်ဆို့မှုဖြစ််တာလျော့ပါးဖို့ ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းမှာ ကားသေးတွေအတွက်ဝန်ဆောင်မှုကို ဒီနေ့စတင်ဆောင်ရွက်ပေးနေပါတယ်။
လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွှန်ချက်နဲ့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မိုးသက် က လိုအပ်တာတွေ အနီး ကပ်ဆောင်ရွက်ပေးနေကြောင်း မန္တလေးတိုင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအင်ဂျင်နီယာမှူးကြီး ဦးသန့်ဇင်ဦး က ဖြေကြားခဲ့သလို အမရပူရက ယာဥ်ပိုင်ရှင် ဦးယဥ်မင်းထွန်းကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီလိုဆောင်ရွက်ဖို့ အမရပူရမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးဇော်အောင်ထက် က “မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းမဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရုံးမှာ မော်တော်ယာဥ်သက်တမ်းတိုးခြင်းအတွက် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ၊ online မှ သက်တမ်းတိုး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ နေရာရောင်းစားသူများအား မည်ကဲ့သို့ အရေးယူဆောင်ရွက်မယ်ဆိုတာ သိရှိလိုသည့်ကိစ္စ” ကို တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ အခမ်းအနားအစီအစဥ်မှာ လွှတ်တော်က တဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့ရာကနေ ခုလို အကောင်အထည်ပေါ်လာတာဖြစ်ပါတယ်။
လတ်တလောအနေအထားအရတော့ သိပ္ပံလမ်း ကညနမှာ ကားတွေနည်း လမ်းပိတ်ဆို့မှု သိသိသာသာလျော့သွားတာ တွေ့ရပါတယ်။ ချမ်းမြသာစည်လေဆိပ်ဟောင်း ယာယီရုံးခွဲမှာတော့ ယာယီကွန်တိန်နာ ၆ လုံးနဲ့ ရုံးထိုင်ဆောင်ရွက်နေပေမယ့် ဝန်ထမ်းတွေနဲ့ ယာဥ်ပိုင်ရှင်တွေ အပေါ့ပါးသွားဖို့ အများသုံးအိမ်သာမရှိသေးသလို အမှိုက်စွန့်ပစ်ဖို့ အမှိုက်ပုံးမတွေ့ရသေးပါဘူး ဒါ့အပြင် ဝန်ထမ်းသက်သာဆိုင်လိုမျိုး စားသောက်ဆိုင်နဲ့ မိတ္တူဆိုင်တွေ မရှိသေးတာကိုသတိထားမိခဲ့ရပါတယ်။
