ဆူးငှက်
မြို့လယ်ခေါင်က ရုံးခန်းများ
—————————-
ထိုနေ့က စာတိုက်ကြီးကတဆင့် ပို့ရမည့်စာလည်း ပို့ပြီးပြီ။ ဦးတက်တိုး ပေးခဲ့သည့် လိပ်စာနှင့် စာများကို ထပ်မံပေးဖို့က ညမှာ ပို့မှ အဆင်ပြေမည် ဆိုသောကြောင့် တက္ကစီတစ်စီးနှင့် ည ၇နာရီလောက်မှာပဲ ပတ်ပို့ဖြစ်သည်။ လိပ်စာများ အရတော့ မြို့လယ်ခေါင် ဆူးလေဘုရားအနီး ဝန်းကျင်၊ တာမွေ အဝိုင်းအနီးနှင့် ကျွန်တော်မသိသော လူစည်ကားသည့် နေရာများမှာ ဖြစ်မည်။ အားလုံး ၅နေရာလောက် ဖြစ်မှာပေါ့။
ထူးခြားတာက စာပေးရမည့်နေရာတွေက လူနေအိမ်ခန်းတွေ မဟုတ်။ ဆိုင်ခန်းများ ဖြစ်သည်။ အများစုက ကွန်ပျူတာ စာစီစာရိုက် မိတ္တူဆိုင်များဆိုတာ မှတ်မနေ၏။ ထိုဆိုင်များရောက်လို့ စာပေးရမည့်သူနာမည်ပြောလိုက်တော့ အများစုက အပေါ်ထပ်သို့ချည်း ညွှန်သည်။ အပေါ်ထပ် တက်လိုက်သောအခါ အစိုးရရုံးတစ်ရုံးလို ပြင်ဆင်ထား၏။ ထိုအခန်းမှာ ရုံးထိုင်နေသူကို အကျိုးအကြောင်း ပြောကာ ပေးခဲ့ရသည်။ အများအားဖြင့် လူငယ်အရွယ်များ ဖြစ်ကြသည်။ အချို့က ဖြစ်စဉ်ကို သေချာမေးသည်။ ထိုသို့မေးပြီး လက်သည်ကို သူတို့သိသည်။ ထိုလက်သည်က အတော် လက်စွမ်းထက်ရုံမက အုပ်စုတစ်စုအသွင် ဖြစ်နေနေကြောင်း အရိပ်အမွတ်ပြောသည်။
တကယ်တော့ ဦးတက်တိုးက လွှတ်လိုက်လို့ ယုံကြည်စိတ်ချစွာ ပြောပုံရသည်။ ထိုအုပ်စုက နံပတ်ဝမ်းတစ် ဂဏန်းတစ် ဖြစ်တာကိုလည်း ပြောသည်။ ထိုညက ထိုသို့ စာတွေ လိုက်ပို့ရမှ ရန်ကုန်မြို့လယ်ခေါင်ရှိ လူသူ မရိပ်မိသော ရုံးခန်းများအကြောင်း သိရတော့သည့်။ ထိုအခါကျမှ ကျွန်တော်ကြားဖူးသော မန္တလေးက ရုံးခန်းတစ်ခန်း အကြောင်း သတိရတော့သည်။ မန္တလေးမှာ ရွှေဝတ်ရည်မဂ္ဂဇင်းထုတ်တော့ သူနှင့် မျက်စောင်းထိုး လောက်မှာ လူသူမသိသည့် ရုံခန်းတစ်ခန်းရှိသည်။ ထိုရုံးခန်းက အောက်ထပ်မှာ ခေါက်ဆွဲကြော်ဆိုင် ဖွင့်ထား၏။ ထို့ကြောင့် အားလုံးက ခေါက်ဆွဲကြော်ဆိုင်ဟုပဲ သိကြသည်။
အာဏာ၊ လုပ်ပိုင်ခွင့်နှင့် စောင့်ကြည့် ဖိုင်တွဲများ
————————————————–
ထိုည တည်းခိုသည့် ကျောင်း ပြန်ရောက်တော့ ကျွန်တော် နဖူးပေါ်လက်တင်ကာ တောင်တောင်အီအီ စဉ်းစားနေမိသည်။ အခု ကျွန်တော်လုပ်နေရသည့် အလုပ်က အတော် အန္တရာယ်ကြီးလှ၏။ တဖြည်းဖြည်းနှင့် သိလာရသည်မှာ သူတို့ အထက်အဖွဲ့အစည်းကြားမှာပင် အာဏာ လွန်ဆွဲနေကြသည်။ အရေးပါသူများက တစ်စု တစ်ဖွဲ့ဖြစ်ကာ ထိုအဖွဲ့ကို စောင့်ကြည့်သူတွေက တစ်ဖွဲ့ဖြစ်နေသည်။ တကယ်တော့ စောင့်ကြည့်အဖွဲ့က တစ်ဖက်အဖွဲ့၏ သြဇာကို မလွန်ဆန်နိုင်၊ သို့သော် တစ်ဖက်အဖွဲ့ကို မင်းတို့ ဒါတွေဒါတွေ လုပ်ထားတာ ငါတို့မှာ မှတ်တမ်းတွေ ရှိတယ်နော် ဟု ကိုင်ထားကာ စောင့်ကြည့်နေခြင်းဖြစ်သည်။ သည်ကြားထဲမှာ ကျွန်တော်တို့ မဖြစ်စလောက် မြေကွက်ကိစ္စက ကြားညပ်နေသည်။
တကယ်တော့ မြေကွက်ကိစ္စက နိုင်ငံတော်အစီအစဉ်မဟုတ်ဘဲ အာဏာရှိသူ တစ်ဦးတစ်ယောက်က သူ့ကိုယ်ကျိုး အတွက် လုပ်ကိုင်ထားကြောင်း ဦးတက်တိုးတို့က ထိုပုဂ္ဂိုလ်၏ အစဉ်အလာကြောင့် ဒက်ခနဲ သိသည်။ သူက ထိုစဉ်က တိုင်းမှူး၏ အထက်မှာလည်း ရှိနေသည်။ စားဖို့ ဝါးဖို့ပဲ အမြဲတမ်းပါးစပ်ကြီးဟ ထားတဲ့ ရေမြင်းကြီးလိုပါပဲကွာ ဟု ပြောသည်။ အခု ကိစ္စက နိုင်ငံတော် အစီအစဉ်ဆိုလျှင် ဘာစီမံကိန်းဆိုတာ ထုတ်ပြန်ပြီး မြေအစားပေးမည်။ နေစရာ အစားပေးမည်။ နိုင်ငံတော် စီမံကိန်းမဟုတ်ဘဲ သူ့အကျိုး စီးပွားမို့ ထိုစဉ်က လယ်ဝန် ခေါ် မြေစာရင်း တာဝန်ရှိသူ၏ ရွေးချယ်မှုဖြင့် ကျွန်တော်တို့နေရာကို မျက်စပစ်ကာ သူ့တပည့်နှင့် ဟိန်းဟောက်သည်။ ခင်ဗျားတို့လည်း အစွမ်းအစရှိကြမှပါ၊ သို့ ဗိုလ်ချုပ်ကြီး၊ သို့ ဗိုလ်ချုပ်မှူးကြီး လုပ်ကြပေါ့ ဟု အစည်းအဝေးမှာ ပြောခဲ့ခြင်း ဖြစ်သည်။ အညတြ တောသားများက ကြောက်လန့်ပြီး အိမ်ဖျက် ထွက်ကြမည်။ သည်အခါ သူက ဂရံရမည်။ သူပိုင်မည်။ ၂၅.၅၄ ဧကလေ၊ နည်းနည်းနောနောမဟုတ်။
နန်းမြို့ရိုးကြီး ခေါင်းနဲ့တိုက်ရတာ
———————————
ကျွန်တော်တို့ ရန်ကုန်ဆင်းဖို့ မြေကွက်ကျယ် ပိုင်ရှင်များထံ စရိတ်အတွက် အလှူခံသွားသောအခါ သူတို့ကလည်း နားကြီး မျက်စေ့ကျယ်များဆိုတော့ လက်သည်ကို သိသောအခါ စရိတ်ကုန်ရုံပဲရှိမှာ ထူးခြားမည် မဟုတ်သည့် အပြင် အန္တရာယ်ပင် ရှိနိုင်လို့ တံခါးပင် ဖွင့်မပေးဘဲ သရက်ကုန်းက မြေအတွက်ဆို တစ်ပြားမှ ထပ်အကုန်မခံနိုင်ဘူးဟု ပြောလိုက်ခြင်း ဖြစ်မည်။ ထိုစဉ်ထိုအခါ ထိုပုဂ္ဂိုလ်က ဆင်စာ ဆိတ်စာ ကြောင်စာ ကြွက်စာမကျန် သိမ်းကျုံး ဟိန်းဟောက် ယူဆောင်နေတာ သတင်းကြီးလျသောကြောင့် စောင့်ကြည့် အဖွဲ့က သူနှင့် ပတ်သက်သည့် အချက်အလက်တွေကို ပန်းထိမ်တွေ ရွှေဆိုင်တွေက ဘောင်ချာတွေကအစ ရသလောက် စုဆောင်း ဖိုင်ဖွင့်နေပုံရသည်။
ထို့ကြောင့် ထိုပုဂ္ဂိုလ်နှင့် အပေါင်းပါများ၏ လုပ်ရပ်များ ဖော်ထုတ်နိုင်ဖို့ ကျွန်တော်တို့ ကိစ္စက အစိပ်အပိုင်း ဖြစ်နေသည်။ ထိုအခါ ကျွန်တော်တို့စာတွေ လက်မှတ်တွေက သက်သေခံတွေပဲလေ။ အထူးသဖြင့် တင်သည့်စာက ကျွန်တော့်နံမည် ကျွန်တော့် မှတ်ပုံတင် ကျွန်တော့် လိပ်စာနှင့် မှတ်ပုံတင်ထားသည်။ သည်တော့ အခန့်မသင့်လျှင် သားရွှေအိုးထမ်းလာတာ မမြင်ရဘဲ မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်ချေမည်။ ကျွန်တော့်မှာ လူမမယ် ကလေး၂ယောက်နှင့် မိသားစုအပြင် အသက် ၉၀ကျော် မိခင်အိုကြီးက ရှိသေးသည်။ မြေဆုံးပြီး နေစရာမရှိလျှင်မှ ဘုန်းကြီးကျောင်း ကပ်နေလို့ ရဦးမည်။ အကယ်၍ ကျွန်တော် အိမ်မပြန်နိုင်ပါက ဘဝပျက်ချေမည်။ ချက်ချင်းလက်ငင်း အမေက ရင်ကွဲနာကျသေမည်။ ကျွန်တော့်မှာ တွေးရင်းနှင့် သက်ပြင်းအကြိမ်ကြိမ်ချကာ မိုးစင်စင် လင်းရပြန်သည်။
နောက်ရက်မှာတော့ ဦးတက်တိုးက တကူးတစ်ကန့် ဖိတ်ထားလို့ သူ့အိမ်ကို သွားကြသည်။ သူညွှန်သလို ဘတ်စ်ကား မစီးတတ်တော့ တက္ကစီပဲ ငှားလိုက်ကြ၏။ သွားရမည်က ရန်ကုန်၏ လူနေထူထပ်သော မြို့နယ်ဖြစ်သည်။ သူညွှန်းသလို ရုပ်ရှင်ရုံ၊ ရပ်ကွက် ရ.ဝ.တ ရုံးများကို တွေ့ပြီး ဆက်သွားတော့ သူညွှန်သော ကွမ်းယာဆိုင်ကို မေးလိုက်သည်နှင့် ထိုဆိုင်နှင့် မဝေးသောနေရာက သူ့အိမ်သို့ တည့်တည့်မတ်မတ်ရောက်ပါ၏။ အလိုလေး.. သူ့အိမ်တဲ့၊ ကျွန်တော်တို့က ဟုတ်မှ ဟုတ်ပါ့မလားဟု အံ့အားသင့်ကာ တွေဝေစွာ ရပ်ကြည့်နေမိသည်။ ကြည့်ပါဦး၊ ကျွန်တော်တို့ မန္တလေးက သင်္ဂဇာချောင်းကဲ့သို့ ရေအိုင်ကြီး ထဲမှာ သူ့အိမ်ရှိသည်။ ရေအိုင်အစပ်ကနေ အိမ်ဆီသို့ ပျဉ်ချပ်လေးများ ခင်းထားသည့် ၁၅ပေလောက်ရှည်သော တံတားလေးက လက်ရမ်းပင်မပါ။ သင်္ဘော ကုန်းဘောင် ထိုးထားသလို ဖြစ်သည်။
ရေထဲက အိမ်ကလေး
————————–
ရေထဲရှိ အိမ်က ၃ပင် ၂ခန်းပတ်လည် သွပ်မိုး ထရံကာ တစ်ထပ်အိမ်လေး။ တံတားထိပ်နေရာမှာ ဝရံတာလေး ရှိသည်။ အိမ်ထဲမှာက ဆက်တီတွေဘာတွေမရှိ၊ နောက်ခြမ်းမှာပဲ အိပ်ခန်းရှိကာ ရှေ့က ဧည့်ခန်းနေရာ ဖျာ အပြည့် ခင်းထား၏။ အိပ်ခန်းနံရံမှာတော့ မှန်ဗီရိုလေး တစ်လုံးထောင်ထားပြီး အတွင်းမှာ စာအုပ်အတော်များများနှင့် ဓာတ်ပုံလေးတွေကို ဘောင်နှင့် ထောင်ထားသည်။ ဓာတ်ပုံလေးတွေက ဦးတက်တိုး အမှုထမ်းစဉ်က ယူနီဖောင်းနှင့် ပုံပါသလို မိသားစုပုံအချို့ပါသည်။ ဂုဏ်ပြုလက်မှတ်အချို့ပါသည်။ စစ်ယူနီဖောင်းနှင့် ဥက္ကဋ္ဌကြီးဘေးမှာ ရပ်နေသည့် သတင်းဓာတ်ပုံအချို့ပါသည်။ ကျွန်တော်တို့ သူ့အိမ်ရှေ့တွင် နဝေတိမ်တောင် ဖြစ်နေတော့ ဦးတက်တိုးက သူ့အိမ်ထဲက မြင်ကာ လှမ်းခေါ်သောကြောင့် ညွတ်ပဲ့ပဲ့တံတားလေးပေါ်က ဝင်သွားသော အခါ သူက ဖျာပေါ်ထိုင်ရင်း ဖိုင်တွေထဲက စာရွက်တွေ ရှာနေသည်။
ကျွန်တော်တို့လည်း ဖျာပေါ် လွတ်နေသည့် နေရာမှာ ဝင်ထိုင်ရင်း အဘ အလုပ်ရှုပ် နေတာလားဟု မေးသောအခါ သူက အေးကွာ ဧရာဝတီတိုင်းက အသိမ်းခံထားရတဲ့ ဘုန်းကြီးကျောင်း မြေမှုတစ်ခု အကူအညီ တောင်းထားလို့ စာရွက်စာတမ်းတွေ ပြန်ရှာနေတာ၊ ဧရာဝတီတိုင်းကပဲ ကျောင်းဆရာမနဲ့ ပညာရေးမှူး ပြဿနာကလည်း ခဏနေရင် ဆရာမက လာဦးမှာ၊ ငါက ဆရာမ ရာထူးတိုးချင်ရင် ကျုပ်ဆီ မလာနဲ့ ပာရေးမှူးကတော် ဆီသွားလို့ ပြောထားတာ၊ ဒါပေမယ့် မဟုတ်ဘူးတဲ့၊ လူချင်းတွေ့ပါရစေတဲ့၊ သူ့ခမျာ မင်းတို့လိုပဲ အဝေးက လာရရှာတာ။ ဧရာဝတီတိုင်းဆိုလို့ ပြောရဦးမယ်၊ အစက မင်းတို့ဆီ ဌေးဦး ရောက်ဖို့ကွ၊ ငါ ဌေးဦး တွေ့တုန်းကတောင် မင်းမန္တလေး သွားရမှာလို့ ပြောလိုက်သေးတယ်။ ဌေးဦးဆိုရင် မင်းတို့ ဒီလောက် ဒုက္ခမများဘူးကွ။ မင်းတို့ မန္တလေးက ကျန်စာသင့်နေသလိုပဲ၊ တစ်ယောက်ပြီး တစ်ယောက် ဒုက္ခပေးကြတာ၊ ဟိုကောင် ကျော်သန်း ရောက်တုန်းကပဲ သက်သာမယ်ထင်တယ် ဟုလည်း ချောင်းတဟွတ်ဟွတ်ဆိုးရင်း ပြောသည်။
မကြာမီ နောက်ဘက်က သူ့အမျိုးသမီးဖြစ်ပုံရသည့် အသားညိုညို ဥပတိရုပ်ကောင်းကောင်းနှင် တစ်ယောက် ထွက်လာပြီး ထမ်းပြင်ပြီးပြီဟု လာပြော၏။ “အဲ့ဒါ မင်းတို့ အမျုးပါပဲကွာ၊ မန္တလေးသူကွ၊ မြောက်ပြင်က၊ ငါက မင်းတို့ ဒုက္ခပြောပြတော့ သူ့မန္တလေးသားတွေ ထမ်းကျွေးချင် လှချည်ရဲ့ဆိုလို့ စီစဉ်လိုက်ရတာ၊ ငါကလည်း မင်းတို့ကို ငါ့အိမ်မြင်စေချင်လို့ ခေါ်လိုက်တာ၊ ဘယ့်နှယ်လဲကွ၊ ဘယ်လောက်ခမ်းနားလိုက်သလဲ၊ ဒါတောင် ပင်စင်လေး ထုတ်ပြီး အိမ်လေးနဲ့ တံတားပြင်ထားတာ ပြင်ထားတာ လပိုင်း ရှိသေးတာ၊ လေလေးဝှေ့ရုံနဲ့ အိမ်က ယိမ်းထိုးနေလို့ ဘယ်သူမှ ကြာကြာ မထိုင်ရဲကြဘူး၊ မင်းတို့က ကံကောင်းသွားတာကွ ဟု ပြောသည်။
သူတို့ ရပ်ကွက်မှာလည်း အိမ်ရာစီမံကိန်းတဲ့
———————————————-
ထို့နောက် အိမ်ဘေးမှာ အဖီလေးထုတ်ထားသည့် မီးဖိုခန်းထဲက စာပွဲခုံဝိုင်းတွင် တင်ပလ္လင်ခွေထိုင်၍ အိမ်ရှင် ဦးတက်တိုးနှင့် ကျွန်တော်တို့ ၃ယောက်သား ထမင်းစားကြသည်။ မန္တလေးသူ လက်ရာ ဟင်းချက်ကလည်း ကောင်းလှသည်။ အိမ်ရှင်မကလည်း ဖော်ရွေ၏။ မန္တလေးက လာကြလို့ မန္တလေးအကြိုက် ဟင်းတွေ ချက်ထားတာတဲ့၊ ဟင်းတွေကလည်းစုံပါ့။ ဦးတက်တိုးက ထမင်းစားရင်း တစ်နေရာကို ညွှန်ပြသည်။ ရေအိုင်ကြီး၏ တစ်ဘက်ကမ်း ခပ်လှမ်းလှမ်းမှာ အထပ်မြင့် တိုက်ကြီးတွေ အစီအရီ မြင်နေရသည်၊ တချို့တိုက်တွေက ဆောက်နေဆဲ ဖြစ်ပုံရသည်။ အဲ့ဒါ အိမ်ရာစီမံကိန်းတဲ့ကွ၊ ငါတို့ဘက်လည်း ရပ်ကွက် ဖျက်ပြီး အဲ့လိုလုပ်ဖို့ လာတာ၊ ငါဦးဆောင်ပြီး ကန့်ကွက်လို့ မလုပ်ဖြစ်တာ။ ဘယ့်နှယ်ကွာ၊ မြေတွေသိမ်းပြီး သူတို့ လုပ်ချင်တာ လုပ်လို့ ဘယ်ရမလဲကွ၊ လုပ်ချင်ရင် ရပ်ကွက်နဲ့ ညှိလေ၊ ရပ်ကွက်က ကျေနပ်ရင်တောင် နောက်ထပ် ညှိနှိုင်းစရာတွေက အများကြီးကျန်သေးတာ ဟု ပြောပြသည်။
ထို့နောက် သူမန္တလေးမှာ တာဝန်ထမ်းစဉ်က ဥက္ကဋ္ဌကြီး လာလျှင် လူထုဦးလှနှင့် လူထုဒေါ်အမာတို့ကို နန်းတွင်းသို့ ခေါ်တွေ့ကြောင်းနှင့် မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံအနီးက အငြိမ့်မင်းသမီးကြီး ဆိုလျှင်လည်း ဥက္ကဋ္ဌကြီးက ခေါ်ခိုင်းလို့ သူကိုယ်တိုင်ကားနှင့် သွားခေါ်ပေးရကြောင်းတွေလည်း ပြောပြ၏။ ကျွန်တော်က အကနည်းပြဆရာမကြီး ဒေါ်သြဘာသောင်းဟု ပြောတော့ သူက ဟုတ်တယ်ကွ၊ တစ်ထပ်တိုက်လေးဟု မှတ်မှတ်ရရ ပြောသည်။ မင်းတို့ ညပိုင်းပို့ရမယ့် စာတွေက အဆင်ပြေရဲ့လားမေးပြီး “ဒို့မင်းသား လက်ထဲ စာရောက်မှ အဆင်ပြေမှာ၊ ဒါကြောင့် သူတို့လမ်းကြောင်းတွေကလည်း ပို့ခိုင်းရတာ၊ ငါနဲ့တွေ့ရင်တော့ စာပါပေးပြီး နှုတ်ကလည်း သေချာပြောပြမှာပါ” ဟု ပြောပြသည်။
သူက ဆက်ပြောသည်မှာ “မင်းသားက တစ်ပတ်မှာ တနင်္လာနေ့ ရုံးရောက်မှ ဝင်စာမှာရောက်နေတဲ့ စာအစောင် ၅၀ပဲ ဖတ်တာ၊ သည်ကြားထဲ ခရီးစဉ်မရှိရင် လာမယ့်တနင်္လာမှာ သူရုံးရောက်ရင် ဖတ်မယ့်စာထဲ မင်းတို့စာ ပါနိုင်တယ်။ တနင်္လာကျ ငါလည်း ရုံသွားပြီး စောင့်မယ်၊ သူ စာဖတ်ပြီးတာနဲ့ ဒီစာတွေ့လားဆိုပြီး သူနဲ့ တိုက်ရိုက် ပြောလိုက်မယ်ကွ၊ တနင်္လာမှာ သူခရီးစဉ်နဲ့ အရေးတကြီး ကိစ္စ မရှိဖို့ ဆုတောင်းရမှာပဲ” ဟု ပြောသည်။ ကျွန်တော်တို့လည်း ရင်တမမနှင့် တနင်္လာကို စောင့်ရမည်။ သို့သော် ဒီနေ့မှ ဗုဒ္ဓဟူးဆိုတော့ မသေချာသေးသည့် တနင်္လာထိ နေလို့ မဖြစ်။ မန္တလေးပြန်ကြမှ ဖြစ်မည်။ အမေ့ အခြေအနေလည်း စိုးရိမ်သည်။ ထို့ကြောင့် ထိုနေရာမှာပင် ၃ဦးသား ခေါင်းချင်းဆိုင်ပြီး ပြန်ဖို့စီစဉ်ကြပြီး နက်ဖြန် ညနေရထား နှင့် ပြန်ကြတော့မည့် အကြောင်း ပြောကာ နှုတ်ဆက်ခဲ့ကြတော့သည်။ ဦးတက်တိုးက အခြေအနေ ထူးတာနှင့် နန်းရှေ့ဆရာတော်ထံ အကြောင်းကြားလိုက်မယ်တဲ့။
ဆူးငှက်
