ဆူးငှက်
ခင်ဗျားတို့လည်း အစွမ်းအစ ရှိကြမှာပါ
—————————————–
ထူးထူးခြားခြား ဒီရက်ပိုင်းမှာမှ အမေက သီချင်းတအေးအေးနှင့် ပျော်နေသည်။ အရင်က မြို့သစ်က အစ်မတွေအိမ် ခဏသွားနေလိုက် သရက်ကုန်းအိမ်နေလိုက်နှင့် ကူးချည်သန်းချည် လုပ်နေရာက သရက်ကုန်းအိမ်မှာပဲ နေတော့မယ်၊ ငါဘယ်မှ မသွားတော့ဘူးနော်ဟုလည်း ပြောသေး၏။ အသက်ကလည်း ၉၀ကျော်လို့ ၂နှစ်စွန်းပြီ။ အမေ့မှာ ဘာရောဂါမှ ထွေထွေထူးထူး မရှိ။ သတိမေ့တတ်တာ၊ တစ်ခါတရံ နေ့နဲ့ည မှားတာလောက်ပဲရှိသည်။ မနက်လင်းတာနှင့် မျက်နှာသစ် ကိုယ်လက် သန့်စင်ပြီး သူကြိုက်သော ကော်ဖီနှင့် အီကြာကွေးတစ်ချောင်း စားပြီးသည်နှင့် အိမ်ရှေ့မှာ ထွက်ထိုင်က ပုတီးစိတ်ရင်း သူသတိရတာတွေ လှမ်းပြောချင်ပြော သီချင်းဆိုချင် ဆိုနေတတ်၏။ အိမ်ရှေ့ဖြတ်သွားရင်း အမေ့ကို မြင်လျှင် မြောက်ဘက်အိမ်က အန်တီစံက ရပ်စကားပြောလျှင် ပြောသည်။ စားစရာလေးတွေ ပေးချင်ပေးသည်။ ကျွန်တော်က ခ.ယ.က ရုံးခန်းထဲမှာ ဥက္ကဋ္ဌက ပြောင်းကြ ရွှေ့ကြ ဖျက်ကြ သိမ်းကြဟု အမိန့်ပေးနေချိန်တွင် အမေ့ကိုပဲ တစ်ချိန်လုံးသတိရနေတော့သည်။ အမေ့အတွက်ပဲ စိတ်မကောင်း ဝမ်းနည်းနေတော့သည်။
ခ.ယ.က ရုံး အစည်းအဝေးခန်းထဲမှာ ကျွန်တော်လည်း စိတ်ထဲရှိသမျှ သွန်ချလိုက်ပြီးနောက် ဥက္ကဋ္ဌ က လက်ပတ်နာရီကို မ ကြည့်ပြီး “ရတယ်လေ၊ ဒါက ခင်ဗျားတို့ အပိုင်းပဲ၊ ဒါပေမယ့် နက်ဖြန်က စပြီး ကိုယ့်အိမ်ဓာတ်ပုံနဲ့ ပိုင်ဆိုင်မှု အထောက်အထား မိတ္တူတွေကိုတော့ ရုံးကို ပို့ရပါမယ်၊ ခင်ဗျားတို့လည်း အစွမ်းအစ ရှိကြမှာပါ၊ သို့ ဗိုလ်ချုပ်ကြီး၊ သို့ ဗိုလ်ချုပ်မှူးကြီး ဆိုပြီး လုပ်ပိုင်ခွင့် ရှိကြတာပဲ၊ လုပ်ကြပါ၊ ဟုတ်ပြီလား” ဟု ပြောကာ ထွက်သွားသည်။ သူ့နောက်သို့ ဖိုင်ကိုင် မှတ်တမ်းလိုက်သည့် ဝန်ထမ်းက လိုက်သွားပြီး ကျန် ၂ယောက်က ဓာတ်ပုံနှင့် စာရွက်စာတမ်းမိတ္တူတွေကို သူတို့ထံ လာပေးဖို့ ပြောဆိုနေကြ၏။ ကျွန်တော်တို့လည်း အချင်းချင် တစ်ယောက်တစ်ပေါက် ပြောကာ ရုံးအပြင် ထွက်လာရင်း တစ်ယောက်က ရုံးအရှေ့ဘက် ၆၈လမ်းပေါ်က လက်ဖက်ရည်ဆိုင်လေးမှာ စုကြရအောင်ဟု အကြံပေးလို့ ထိုဆိုင်လေးမှာပဲ စုကာ ခေါင်းချင်း ဆိုင်ကြရသည်။
လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြရင်း သူတို့မှာသည့် စာရွက်စာတမ်းတွေ ဓာတ်ပုံတွေတော့ ပေးထားမည်၊ သို့သော် သက်ဆိုင်ရာသို့ မြေနေရာ အစားပေးဖို့ တောင်းခံမည် ဟု ပြောဖြစ်ကြ၏။ တချို့က မြေအစားပေးဖို့ တောင်းခံစရာမလို သူတို့တောင်းသည့် စာရွက်စာတမ်းတွေ ဓာတ်ပုံတွေလည်း ပေးစရာမလို၊ နန်းတွင်းဝင်ပြီး တိုင်းမှူးထံ ဝင်တွေ့မည် ဟုလည်း ပြောသူကပြောသည်။ နောက်ဆုံးတော့ သူတို့တောင်းသည့် ဓာတ်ပုံတွေ စာရွက်စာတမ်းတွေလည်း ပေးမည်၊ လူကြီးတွေထံလည်း စာတင်မည်၊ စာတင်သည့်အခါ အစည်းအဝေးခန်းမှာ ကျွန်တော်ပြောသည့်အတိုင်း စာစီ၍ တင်မည်ဟု သဘောတူကြ၏။
ထို့ကြောင့် ကျွန်တော်က စာအကြမ်းရေးပြီး နက်ဖြန်ကျ အချောစီကာ အားလုံးက လက်မှတ်ထိုးပြီး တိုင်းမှူးထံ တင်ကြမည်ဟု ပြောဆိုပြီး အိမ်သို့ ဒေါသကြောင့် ပင်ပန်း စိတ်ပျက်စွာ ပြန်ကြတော့သည်။ ကျွန်တော်က ရပ်ကွက်ခံ လူကြီးတချို့နှင့် ထိုင်ရစ်ပြီး စာကို ဘယ်လမ်းကြောင်းနှင့် ဘယ်လိုပို့မလဲ ဆိုတာ ဆက်လက် တိုင်ပင်ကြရ၏။ ထို့ကြောင့် မွန်မွန်စန်းကို သူ့မိတ်ဆွေ ဓာတ်ပုံဆရာကို ခေါ်ပြီး သူ့အိမ်နှင့် ကျွန်တော့် အိမ်တွေကို ဓာတ်ပုံရိုက်ထားနှင့်ဖို့ အိမ်သို့ ပြန်နှင့်စေပြီး လောလောဆယ် အိမ်ကလူကြီးတွေ မသိပါစေနှင့်ဦးဟု မှာရသည်။
သပြေပင်လေးတွေ ရေမလောင်းဖြစ်တော့
——————————————
အိမ်ရောက်တော့ ခင်သော်ဇင့်ကိုပဲ တိုးတိုးတိတ်တိတ် ပြောပြလိုက်သည်။ ထိုနေ့က သပြေပင်လေးတွေ သရက်ပင်ပေါက်လေးတွေပင် ရေမလောင်းဖြစ်။ ငါတို့အပင်တွေ မဟုတ်နိုင်တော့၊ သူ့အရိပ်တွေမှာ ငါတို့ မခိုနိုင်တော့၊ သူတို့လည်း ဆက်လက်ရှင်သန်နိုင်မှာ မဟုတ်တော့။ ထိုညက အိပ်လို့လည်း မပျော်။ အမေက အိပ်ရာထဲမှနေ၍ ရွာမှာတုန်းက ဝါခေါင်လ တောင်ကျောင်း အုတ်တိုက် ရေစက်ချပွဲတွင် သူက မင်းသားလို က ခဲ့ရသည့်အကြောင်း ပြောရင်း ဆိုခဲ့ရသည့် သီချင်းကိုပင် ဆိုပြနေသည်။ ကျွန်တော်က အလိုက်အထိုက် ပြန်ဖြေ ပြန်ပြောနေရသည်။ စိတ်က မကောင်း။ ခဏနေမှ အမေ အိပ်ပျော်သွားသည်။ ကျွန်တော်က အိပ်ရာထဲတွင် ဝင်ခွေနေရသော်လည်း အတွေးတွေ ပြန့်ရင်း အိပ်မပျော်နိုင်တော့။ ထို့ကြောင့် အိပ်ရာက အသာထကာ သည်နေရာလေးနှင့် ဆက်စပ် ပတ်သက်ခဲ့သည့် ရက်စွဲတွေကို ဟိုစာအုပ် သည်စာအုပ်လှန်ရင်း မှတ်စုထုတ်နေမိသည်။ ဤသို့ဖြင့် ရေးရင်း မှတ်ရင်း၊ တွေးရင်း တောရင်း မိုးစင်စင်လင်းခဲ့သည်။
ကျွန်တော် အခု ဒီနေရာလေး၏ ရက်စွဲသမိုင်းကို ချရေးကြည့်သည်။ မိတ်ဆွေတို့ ဖတ်ကြည့်ပြီး ထင်မြင် သုံးသပ်ချက် ပေးကြပါကုန်။ ဒိုင်ယာယီလေးက အရည်မရ အဖတ်မရ အလဟဿတော့ မဟုတ်တန်ဟု ထင်ပါ၏။
– (သက္ကရာဇ် ၅၁၇ ခုနှစ်) – မန္တလေးမြို့မတည်မှီ ပုဂံခေတ် မင်းရှင်စောလက်ထက် ကတည်းက အောင်ပင်လယ်ကန် ရေသောက် လမိုင်းလယ်များ စိုက်ပျိုးလုပ်ကိုင်ကြသည့် ရွာများအနက် တစ်ရွာဖြစ်သည်။
– (သက္ကရာဇ် ၁၁၅၀ပြည့်နှစ်) – ဘိုးတော်ဘုရားက အောင်ပင်လယ်ကန်ကို ပြန်လည်ဆည်ဖို့ပြီး လမိုင်းလယ်လုပ် ကျေးရွာများကို ချီးမြှင့်မြှောက်စားကာ လယ်ယာမဲ့များကို လယ်မြေများချထား ပေးသနားခဲ့သည်။
– (သက္ကရာဇ် ၁၁၅၀ပြည့်နှစ်) – အောင်ပင်လယ်ကန်နယ်နိမိတ်နှင့် လမိုင်းလယ်များထိန်းသိမ်းမှု ဘေးမဲ့ပေးမှုနှင့် ပတ်သက်သည့် ကျောက်စာများ ရေးထိုးစိုက်ထူရာ သရက်ကုန်းရွာဦးတွင် ကျောက်စာတစ်ချပ် စိုက်ထူခဲ့သည်။ (ယခု မြို့ပတ်ကားလမ်းဘေး နန်းဦးလွင်၌ရှိ)
– (သက္ကရာဇ် ၁၁၅၃ပြည့်နှစ်) – ဘိုးတော်ဘုရားက အောင်ပင်လယ်ကန်ကို ၃နှစ်ကြာပြုပြင်ရာတွင် ဘုရင့်ဆင်နှင့် မြင်းများ သောက်သုံးရန် အတွက် ရေကန်ငယ်များကို အောင်ပင်လယ်ကန်ဘောင်ပတ်လည်၌ တူးဖော်ခဲ့ရာ ထိုစဉ်ကတည်းက တည်ရှိခဲ့သည့် သရက်ကုန်းဘုန်းတော်ကြီးကျောင်း၏ တောင်ဘက် ယွန်းယွန်းတွင် တစ်ကန် ပါဝင်ခဲ့သည်။ ထိုကန်ကို မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်တိုင် လယ်ထွန်မင်္ဂလာအချိန်၌ ဆင်တော် မြင်းတော် နွားရှဉ်းတော်များ သောက်ရေအတွက် အသုံးပြုခဲ့ပြီး ကျန်အချိန်များတွင် လမိုင်းလယ်သားများ၏ ကျွဲနွားများ သောက်ရေကန်အဖြစ် အသုံးပြုခဲ့သည်။ (ယခုအခါ ပုဂ္ဂလိကအိမ်ဝင်းခြံဖြစ်နေပါသည်)
– (သက္ကရာဇ် ၁၁၈၁ ခုနှစ်) – ဘကြီးတော်မင်းကလည်း သရက်ကုန်းရွာအနီးရှိ မင်္ဂလာလယ်တော်၌ တပ်အင်္ဂါ အခင်းအကျင်းနှင့် လယ်ထွန်မင်္ဂလာဆင်းခဲ့သည်။
– (သက္ကရာဇ် ၁၂၂၇-၂၈-၃၀ခုနှစ်) – ရတနာပုံမန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်းကလည်း သက္ကရာဇ် ၁၂၂၇ တွင်တစ်ကြိမ်၊ သက္ကရာဇ် ၁၂၂၈ တွင်တစ်ကြိမ်၊ သက္ကရာဇ်၁၂၃၀ပြည့်တွင်တစ်ကြိမ်၊ သရက်ကုန်းရွာအနီးရှိ မင်္ဂလာလယ်တော်၌ လယ်ထွန်မင်္ဂလာ ဆင်းခဲ့ရာ ရွာထိပ်ရှိယာယီနန်တော်၌ စံမြန်းသည်။ (မင်္ဂလာလယ်တော်များမှာ သရက်ကုန်းဘုန်းကြီးကျောင်းအနီး ယခု ငါးစခန်းဝင်းအတွင်းရှိခဲ့ သည်။ )
– (သက္ကရာဇ် ၁၂၂၇ မှ ၄၇ ခုနှစ်) – မင်းတုန်းမင်း လယ်ထွန်မင်္ဂလာဆင်းသောအခါ၌ လည်းကောင်း၊ သားတော်သီပေါမင်း ဝါခင်းကုန်းဘုရား ဖူးစဉ်အခါ၌လည်းကောင်း ရွှေမြို့တော်၏ အရှေ့ဦးထိပ်တံခါးမှထွက်၍ တပ်အင်္ဂါ အခင်းအကျင်းနှင့် ချီရာလမ်းမှာ ဆင်လမ်းဟုအမည်တွင်ပြီး ယခုသရက်ကုန်း ကွက်သစ် ၏ ၅၇လမ်း အမည်ပေါက်လမ်းဖြစ်သည်။
– ( ခရစ်နှစ် ၁၈၉၀ ခုနှစ်) – အင်္ဂလိပ်ခေတ်တွင် မင်္ဂလာရှိသော ဤနေရာများကို နာမ်နှိမ်၍ မြေပုပ်မြေဆိုးအသွင် ပြောင်းလဲ၍ သမိုင်းမြှုပ်ခဲ့ သည်။
– (၁၉၉၁ခုနှစ်) – ၁၉၉၁ခုနှစ်တွင် ဇွန်လ (၁၁) ရက်နေ့စွဲပါ စာအမှတ် ၂၂၁/မအ-၁(၂၀/၉၀-၉၁)ဖြင့် လယ်မြေ ၂၅.၅၇ ဧကကို လန ၃၈(၁) ထုတ်ပေးခဲ့သည်။
– (၁၉၉၃-၉၄ ခုနှစ်) – ၁၉၉၃-၉၄တွင် လန၃၈(၁)ကျပြီး ကွင်းအမှတ် ၄၉၂ကို အောင်မြေသာစံမြို့နယ်၊ သရက်ကုန်း ကွက်သစ် အဖြစ် အမှတ်(၁)မြေတိုင်းအဖွဲ့က မြေပုံထုတ်ကာ မူလပိုင်ရှင်များ၊ ဝန်ထမ်း အရာထမ်းများကို နေရာချထားပြီး လတ်တလော နေထိုင်သူများကို ဂရန်ချထားပေးသည်။
– (၁၉၉၉ခုနှစ်) – ၁၉၉၉ခုနှစ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးအဖွဲ့ကမြေကြီးမြေပုံမှန်ကန်ရေးနှင့် မူလမြေပုံအတည်ပြု နိုင်ရေး အတွက် ကွင်းဆင်းတိုင်းထွာခဲ့သည်။
ဒီကိစ္စတွေ အမေသိလို့ မဖြစ်လို့ပါ
————————————–
မနက်လင်းတော့ ရပ်ကွက်လေးက သိသိသာသာ ဆိတ်ငြိမ်နေသလိုပါပဲလေ။ သည့်နေ့က ဇူလိုင် ၁၉ရက် အာဇာနည်နေ့မို့ တိတ်ဆိတ်နေသလား အောင့်မေ့ရသော်လည်း ထိုအကြောင်းပြချက်က မခိုင်လုံလှချေ။ ကျွန်တော်က ဓာတ်ပုံရလျှင် သည်မြေလေး ဝယ်စဉ်က စာချုပ်ကိုမိတ္တူဆွဲဖို့နှင့် ရုံးသဘောအရ ထိုစာရွက်စာတမ်းမိတ္တူနှင့် ဓာတ်ပုံကို ပေးပို့ကြောင်း အပေါ်စာကို ရေးထားလိုက်သည်။ တစ်ဆက်တည်းပဲ မနေ့က အစည်းအဝေးခန်းထဲမှာ ပြောခဲ့သည့် စကားများကို ရုံးစာ အရေးအသားမျိုးနှင့် အကြမ်းရေးနေသည်။ အမေကတော့ မနေ့ညက အိပ်ရာဝင် နောက်ကျလို့ မနိုးသေး။ ထိုစဉ်မှာပဲ အိမ်ရှေ့မှာ လူသံသူသံကြားလို့ ထွက်ကြည့်တော့ ရပ်ကွက်ထဲက ယောက်ျားမိန်မ အယောက်၂၀လောက်က ဝင်းပေါက်မှာ ရောက်လာကြကာ မနေ့က ကိစ္စကို တစ်ယောက်တစ်ပေါက် ပြောနေကြ၏။
ကျွန်တော်က ခြံတံခါးလေး ဖွင့်ပေးပြီး အိမ်ရှေ့ သကြားပင်အောက်က ခုံလေးမှာ ထိုင်ခိုင်းပြီး “ တိုးတိုး ပြောကြပါဗျ၊ အိမ်ထဲမှာ ကျွန်တော့်အမေက အသက်၉၀ ကျော်နေပါပြီ။ ဒီကိစ္စတွေ အမေသိလို့ မဖြစ်လို့ပါ”ဟု တားလိုက်ရသည်။ သူတို့ကလည်း သည်တော့မှ ချက်ချင်း အသံတိတ်ကာ အားနာသွားကြပြီး တိုးတိုးတိုးတိုး ပြောကြ မေးကြသည်။ အဓိက က ဘာဆက်လုပ်ကြမလဲ ဆိုတာ ဖြစ်၏။ သူတို့ ဘယ်လောက် အသံတိုးပါစေ၊ နောက်ကျသွားပါပြီ၊ အိမ်ထဲမှာ ထမင်းချက်နေသော ခင်သော်ဇင်က “ကိုကျော်ဆန်း၊ ကိုကျော်ဆန်း လာဦး လာဦး အမေကြီး ခုတင်ပေါ်က လိမ့်ကျလို့” ဟု လှမ်းအော်သည်။ ကျွန်တော်က အိမ်ထဲ ပြေးဝင်ကာ အမေ့အခန်းထဲ ဝင်ကြည့်တော့ အမေက စောင်တွေ ဗလုံမထွေးနှင့် ခြင်ထောင်ကလည်း တစ်ဖက်ပြုတ်ကာ ခုတင်အောက် လိမ့်ကျနေသည်။ နှုတ်မှလည်း “ဒို့အိမ်တွေ ဒို့မြေတွေ သိမ်းလို့ဆို၊ သိမ်းလို့ဆို” ဟုလည်း အော်နေသည်။
ကျွန်တော်က ခင်သော်ဇင်ရော သား၂ယောက်ရော ခေါ်ပြီး အမေ့ကို စောင်ထဲမှ ဆွဲထုတ်လိုက်သည်။ ဆိုးဆိုးရွားရွား ထိခိုက်မှု မရှိသော်လည်း အမေ့ခေါင်းက ခုတင်စွနု်းနှင့် ထိခိုက်မိပုံရ၏။ နောက်စေ့စွန်းမှာ သွေးလေး စို့နေသည်။ ထို့နောက် အမေက မောနေသည်။ ကျွန်တော်က မဟုတ်ပါဘူး အမေရဲ့၊ ဘယ်သူကမှ မသိမ်းပါဘူး ဟု ပြောရင်း ခုတင်ပေါ် ပွေ့တင်လိုက်သည်။ အမေက ငါစောစောက ပြောလိုက်သံ ကြားပါတယ် ဟု ဆိုသည်၊ ကျွန်တော်က အမေ့ကို ပွေ့ထားရင်း ယဉ်ပျံဘက်က ဈေးသည်တွေ လမ်းပေါ်မှာ ပြောသွားကြတာနေမှာမှာ၊ ကျွန်တော်ဖြင့် မကြားလိုက်ပါဘူး” အမေ့ကို ပြောထားရသည်။ အမေက အသံတွေ တုန် အသားတွေပါ တုန်နေလို့ ဆေးတိုက်ပြီး စောင်အသစ် ပြန်ခြုံပေး၍ အိပ်ရာထဲပဲ နေစေ၏။
ကျွန်တော် အိမ်ရှေ့ပြန်ထွက်တော့ ရပ်ကွက်၏ အရှေ့တောင်ဘက်ခြမ်းတွေ နေထိုင်သော ဦးတင်အေး ရောက်နေသည်။ သူက သစ်အရောင်းအဝယ် လုပ်ငန်းလည်း လုပ်ကိုင်ကာ ကျွန်တော့်မိတ်ဆွေ ပွဲစား ကိုချစ်ဖေနှင့်လည်း ရင်းနှီးသည်။ သူ့သမီးကြီးကလည်း နန်းရှေ့ရှိ ဘ.က ကျောင်းတစ်ကျောင်းက ဆရာမ ဖြစ်သည်။ ထိုကျောင်းရှိ ဆရာတော်က ကျွန်တော်တို့ကို ကျောင်းလာခဲ့ဖို့ မိန့်သတဲ့။ ထို့ကြောင့် ကျွန်တော်လည်း ဦးတင်အေး နှင့်အတူ ကိုယ်နှင့် ညီအစ်ကိုလို ရင်းချာသော ကိုလင်းကိုပါ ခေါ်ပြီး ကျောင်းသို့သွားကြသည်။ ဆရာတော် က ဘာများမိန့်ချင်လို့ပါလိမ့်။
