သူတို့အိမ် အခန်း (၂၂၃)

 

ဆူးငှက်

 

 

 

ကျောင်း၏ ဂေါစရဂဏ်လည်း ဖြစ်သည့် ရပ်ကွက်လေး
——————————————————-
နန်းရှေ့က ဘုန်းကြီးကျောင်းရောက်တော့ ဆရာတော် ဆွမ်းဘုန်းပေးနေသောကြောင့် ခဏစောင့်ရသည်။ ဆွမ်းဘုန်းပေး ပြီးတာနှင့် ဆရာတော်က ကျွန်တော်တို့ကို ခေါ်တွေ့သည်။ ဆရာတော်၏ သက်တော်မှာ မကြီးလှသေး။ ဟိတ်ဟန်လည်း မရှိလှ။ ရယ်ရယ်မောမောနှင့် စကားပြောဆိုသည်။ ကျွန်တော်နှင့်ကတော့ ၁၉၉၇ ဝန်းကျင်လောက်က တစ်ကြိမ် တွေ့ဖူး သည်။ ထိုစဉ်က မန္တလေးမြို့ခံလူငယ်များဦးစီးပြီး ၃၁လမ်းနှင့် ၈၄လမ်းထောင့်က ဓမ္မသာလာတွင် စာပေဟောပြောပွဲ ကျင်းပရန် စီစဉ်သည်။ ဆရာမကြီး ခင်ဆွေဦး၊ ဆရာမောင်စွမ်းရည်၊ ဆရာခင်မောင်ညို(ဘောဂဗေဒ) နှင့် ကျွန်တော်တို့ ဖြစ်သည်။ ဟောပြောပွဲကျင်းပမည့်ည မရောက်မီ နံနက်ပိုင်းတွင် ဆရာတော်က နံနက်စာကျွေးမွေးပြီး တွေ့ဆုံကြသည်။ သို့သော်ထိုဟောပြောပွဲက ညနေစောင်းတာနှင့် ခွင့်ပြုမိန့်မရသောကြောင့် မကျင်းပဖြစ်တော့ပေ။ အခု ကျွန်တော့်ကို တွေ့တော့ ဆရာတော်က ထိုစဉ်က အကြောင်းများကို မှတ်မှတ်ရရ ပြန်ပြောနေသည်။

 

 

ထို့နောက် ယခုလာသူများနှင့် မိတ်ဆက်ပေးတော့ ဦးတင်အေးကိုလည်း ဆရာတော်က သူ့ကျောင်းမှာ ဝင်ထွက်နေလို့ သိပြီးဖြစ်သည်။ ကျွန်တော်နှင့်လည်း သိပြီးဖြစ်သည်။ ကိုလင်း ကိုပဲ မိတ်ဆက်ပေးရသည်။ ကိုလင်း ဆိုသည်က အရပ်က ထောင်ထောင် မောင်းမောင်း၊ အသားကဖြူဖြူ၊ ဥပတိရုပ်လည်း ကောင်းသည်။ အထူးသဖြင့် သူ့လက်မောင်းများက တက်တူးအရုပ်များက တက်တူးခေတ်မစားသေးသော ကာလတွင် သိသာထင်ရှားနေသည်။ ဆရာတော်က ကိုလင်း ကို မြင်သည်နှင့် “ဆရာဆူးတို့ ရပ်ကွက်က အခုလို ယာကူစာဂိုဏ်းချုပ်ကြီး ရှိနေတာ အညံ့မခံကြနဲ့ဗျ” ဟု စပြောင်လို့ ရယ်မော ပေါ့ပါး သွားကြသည်။ နောက်ပိုင်း ဆရာတော်က ကိုလင်း ကို ယာကူဆာ ဟုပဲ ခေါ်တော့၏။

 

 

ဆရာတော်က ရပ်ကွက်ကိစ္စနှင့် ပတ်သက်ပြီး ဆက်လက် မေးမြန်းသည်။ သတင်းကို စတင်ကြားစဉ် ကတည်းက စိတ်မကောင်းကြောင်း၊ ရပ်ကွက်မှာ ကျောင်း၏ ဂေါစရဂဏ်လည်း ဖြစ်သည့်ပြင် မိမိကျောင်းသား ကျောင်းသူလေးများ၏ ရပ်ကွက်ဖြစ်ကြောင်း၊ အခု ဖြစ်စဉ်ကိုပါ အသေးစိတ် သိရှိရသောအခါ မိမိလည်း အတတ်နိုင်ဆုံး ပါဝင်ကူညီပါ့မယ်ဟု မိန့်ကြားသည်။ ထို့နောက် ဘာတွေ ဆောင်ရွက်ထားပြီးပြီလဲဟု မေးမြန်းပြီး ရန်ကုန်က အစိုးရ လူကြီးများထံ စာတင်ကြမည့် အကြောင်းကို ကျွန်တော်တို့က လျှောက်ထားကြသည်။
ထိုအခါ ဆရာတော်ကလည်း ရန်ကုန်ရှိ အစိုးရလူကြီးတွေဆီ စာတင်ကြရမယ်။ ဖြစ်နိုင်ရင် လူချင်းတွေ့ခွင့်ရအောင် ကြိုးစားပြီး ကျွန်တော်ကိုယ်တိုင် အစည်းအဝေးမှာ ပြောသလို ကျစ်ကျစ်လျစ်လျစ် ထိထိမိမိ တိုတိုတုတ်တုတ် ပြောရမယ်။ တင်မယ့်စာမှာလည်း ရပ်ကွက်နဲ့ ပတ်သက်တဲ့ အထောက်အထား မြေရာဇဝင်တွေလည်း ပါပါစေ၊ လူကြီးတွေနဲ့ လူကိုယ်တိုင်တွေ့ဖို့အထိ ပြင်ဆင်သွားပါ ဟု ဆရာတော်က မိန့်သည်။ ထို့နောက် ဆရာတော်က ဒီမတရားမှုအတွက် သူတတ်နိုင်တာ ကူညီပါ့မယ်။ ဒါကြောင့် ကျွန်တော်တို့ ရန်ကုန်သွားရမည့်ကိစ္စ တည်းခိုဖို့ ကိစ္စ စာတင်ရမည့် ကိစ္စများအတွက် အကြံဉာဏ်များပေးကာ အားပေး စကားလည်း မိန့်ကြားလိုက်သည်။

 

 

လုပ်တဲ့သူက လက်ကြီးလောက်တယ်
—————————————-
သည်လိုနှင့် ကျောင်းကပြန်လာကြပြီး နောက် ၂နာရီလောက်အကြာတွင် ဆရာတော်က သူ့ညီကို ကားနှင့်လှွှတ်၍ ကျွန်တော့်ကို တစ်ယောက်တည်း လာခေါ်သည်။ ထို့နောက် ဒီကအထွက်ကိုပင် အုတ်အောင် သောင်းတင်း မဖြစ်စေဘဲ လူမသိအောင် သွားကြဖို့နှင့် ရန်ကုန်ရောက်လျှင် တည်းရမည့်နေရာ တွေ့ရမည့် သူကိုပါ သေချာမိန့်ကြားသည်။ ရန်ကုန်ရောက်လျှင်လည်း တည်းရမည့်နေရာကလွဲ၍ ဘယ်မိတ်ဆွေ ဘယ် အပေါင်းအသင်း ထံမှ မလည်ပတ်ဘဲ မထင်မှတ်ဘဲ တွေ့လျှင်မှပင် သည်ကိစ္စကြောင့် လာကြောင်း မပြောမိဖို့ မှာကြား၏။

 

 

ဆရာတော်က ဆက်မိန့်သည်မှာ လုပ်တဲ့သူက လက်ကြီးလောက်တယ်၊ ပြန်လှန် ပြောဆိုရမှာ အန္တရာယ်ကြီးတယ်၊ လွယ်လွယ်နဲ့တော့ မရလောက်ဘူး၊ ဒါပေမယ့် ကျုပ်တို့ရပ်ကွက်လေးအတွက် ကိုယ်နိုင်သလောက် ကြိုးစားကြတာပေါ့ဗျာဟုလည်း အားပေးသည်။ တကယ်တော့ အခုကိစ္စက ဆရာတော်မိန့်သလိုပါပဲ၊ တယ်တော့မလွယ်လှ၊ လုပ်တဲ့သူက လက်ကြီးလို့ပဲ ခ.ယ.က က “ခင်ဗျားတို့လည်း အစွမ်းအစ ရှိကြမှာပါ၊ သို့ ဗိုလ်ချုပ်ကြီး၊ သို့ ဗိုလ်ချုပ်မှူးကြီး ဆိုပြီး လုပ်ပိုင်ခွင့် ရှိကြတာပဲ၊ လုပ်ကြပါ၊ ဟုတ်ပြီလား” ဟု စိမ်ခေါ်လိုက်ခြင်း ဖြစ်သည်။

 

 

ရန်ကုန်သွားဖို့ စရိတ်ရှာကြတော့
———————————
အိမ်ရောက်တော့ စာတင်ဖို့ကိစ္စအတွက် ခေါင်းချင်းဆိုင်ကြရပြန်သည်။ ဦးမျိုးခင်ကလည်း သရက်ကုန်းက သူ့ခြံကို မနက်လင်း သည်နှင့် ရောက်လာတာမို့ သူ့ခြံမှာပဲ တွေ့ကြသည်။ အစီအစဉ်က ကျွန်တော်ဦးဆောင်ပြီး ရန်ကုန်ဆင်းမည်။ ကျွန်တော်နှင့်အတူ ကိုလင်း လိုက်ပါမည်။ ကိုလင်း ဆိုသည်မှာ ဟေမာဇလရပ်ကွက်မှာကတည်းက တစ်ရပ်ကွက်တည်း နေထိုင်သူဖြစ်ကာ သရက်ကုန်းသို့ ကျွန်တော်တို့ပြောင်းပြီး တစ်နှစ်ခန့်အကြာ မြေကလေးဝယ်ပြီး သူလည်း ပြောင်းလာသည်။ ထို့ပြင် ကွင်းအရှေ့ခြမ်းတွင် ကျွန်တော်တို့ထက် စော၍ ရောက်ရှိနေထိုင်သူ ကိုခင်မောင်သိန်း လည်း လိုက်မည်။ သူက တိရစ္ဆာန်ဆေးကု ဆရာဝန်ဖြစ်သည်။ ဆရာတော်မှာကြားသည့် အတိုင်း ဆရာတော်စီစဉ်သော ကျောင်းမှာပင် တည်းရမည်။ ထိုကျောင်းမှာပဲ စာတင်ဖို့ကိစ္စ အတွက် ကူညီမည့်သူက ကျွန်တော် တို့ကို လာတွေ့ မေးမြန်း ကူညီမည်။

 

 

သွားဖို့ လာဖို့ လမ်းစရိတ်အတွက် ဦးမျိုးခင်က မတည်ပေးသည်။ သို့သော် တစ်ရပ်ကွက်လုံးနှင့် သက်ဆိုင်သည့် ကိစ္စမို့ ရပ်ကွက်အတွင်းလည်း အလှူခံကြရ၏။ အလှူခံတာကတော့ ရန်ကုန်ဆင်းဖို့ဟု အကြောင်းပြ လို့မရ၊ စာတင်ဖို့ကိစ္စ၊ စာရွက်စာတမ်းတွေ မိတ္တူကူးဖို့ ကိစ္စနှင့် လိုအပ်မှသာ ရန်ကုန်သို့ လူလွှတ်ပြီး စာတင်မည်ဟုပဲ ပြောထားရသည်။ တကယ်တမ်း ရပ်ကွက်အတွင်း အလှူခံတော့ ထင်သလောက် အဆင်မပြေ၊ အငြိမ်းစားနှင့် လက်လုပ်လက်စားများ ရပ်ကွက်မို့ တတ်နိုင်သူ အချို့ထံက ၁ထောင်မျိုး ၅ရာမျိုးပဲရသည်။ သည်တော့ ရပ်ကွက်ထဲမှာ လူမနေသေးဘဲ ခြံကျယ်ကြီးများကို ပိုင်ဆိုင်ထားသည့် သူများ၏ လိပ်စာကို ရှာဖွေပြီး အကျိုးအကြောင်း ပြောကာ သွားရောက် အလှူခံတော့ တိုက်ထဲသို့ပင် အဝင်မခံကြဘဲ “သရက်ကုန်းခြံနဲ့ ပတ်သက်ပြီး ကျွန်မတို့က လှည့်လည်း မကြည့်ဖြစ်ဘူး၊ လူလည်း မနေဘူး၊ ဒါကြောင့် နောက်ထပ် တစ်ပြားမှ အကုန်မခံနိုင်ပါဘူး” ဟု ပြောလွှတ်တာများသည်။ တစ်ဦးနှစ်ဦးလောက်ကပဲ အလှူငွေထည့်သည်။ (အခု သူတို့မြေကွက်တွေက သောင်းကြီးဂဏန်း တန်နေပါပြီ)။

 

ရန်ကုန်သို့ တိုးတိုးတိတ်တိတ် ဆင်းကြရပြီ
——————————————-
မည်သို့ပင်ဆိုစေ၊ ရပ်ကွက်အတွင်း နေထိုင်သူများထံက လက်မှတ်ထိုးများရယူကာ ရန်ကုန်ကို ညနေရထားနှင့် ဆင်းကြရတော့မည်။ အမေက ခုတင်ပေါ်က လိမ့်ကျသည့် ဒဏ်ကြောင့် မကျိုးမပဲ့သော်လည်း အခြေပျက်သွားပြီ။ အထူးသဖြင့် ညတိုင် အိပ်မပျော်တော့ဘဲ သတိက ချို့ယွင်းသွားသည်။ အစားအသောက်ကိုလည်း စားချင်မှစားသည်။ သန်းခေါင်သန်နွှဲရောက်မှ ထတောင်းချင်လည်း တောင်းသည်။ အမေ့ကို စိတ်မချသော်လည်း ရန်ကုန်ဆင်းရမည်။

 

ထို့ကြောင့် တစ်ရပ်ကွက်လုံး၏ စာချုပ်စာတမ်းတွေ ဂရံတွေ မိတ္တူယူကာ တင်ပြစာကိုတော့ ကျွန်တော်ကပဲ ရေးကာ သည်က စာစီလျှင် သတင်းပေါက်ကြားမှာစိုးလို့ ရန်ကုန်မှပဲ စာစီမည်။ ရထားဆင်းခါနီးတော့ မြောက်ဘက်အိမ်က မွန်မွန်စန်းက ရောက်လာပြီး သူဘုရားတင်ဆုတောင်းထားသည့် သပြေခက်လေးကို ကျွန်တော့် အင်္ကျီအိတ်ထဲ လာထည့်ပေးပြီး အမေ့ကိုရော အိမ်ကိုရော စိတ်ချဖို့တတွတ်တွတ်ပြောရှာသည်။ ထို့နောက် ကျွန်တော့်ကို မျက်ရည် အဝိုင်းသားနှင့် မော့ကြည့်ကာ လက်ထဲသို့ ပိုက်ဆံအခေါက်လေးတွေ စရိတ်အဖြစ် ထည့်ပေးရှာ၏။

 

ထို့နောက် ရန်ကုန်မှာ စရိတ်စက လိုအပ်လျှင် သွားရောက် အကူအညီတောင်းနိုင်သည့် သူ့ဦးလေး လိပ်စာ စာရွက်လေးလည်း ထည့်ပေးလိုက်သည်။ မွန်မွန်စန်းက ကျွန်တော့်အခြေအနေကို အကြောင်းသိမို့ စရိတ်လေး မလောက်မငနှင့် တစ်ရပ်ကွက်လုံးအတွက် ရန်ကုန်အထိ သွားရောက်ရမည်ကို စိတ်မကောင်းသလို မင်းစိုးရာဇာ ကိစ္စမို့လည်း စိတ်ပူနေသည်။ ဤသို့ဖြင့် ထိုညနေရထားနှင့်ပင် ရန်ကုန်သို့သွားရန် ရပ်ကွက်အတွင်းက တစ်ယောက်စီ လူခွဲ အချိန်ခွဲ ၍ ၃ဦးသား ဘူတာမှ ဆုံကြကာ တိုးတိုးတိတ်တိတ် သွား ကြရတော့သည်။

 

ဆူးငှက်

Related posts

VOM News

FREE
VIEW