အခန်း (၂၅၁)

 

ဆူးငှက်

 

အမူးပြေတော့ ထန်းပင်မော့ကြည့်ကြသူများ
————————————————
အနုပညာပုံရိပ်ပွဲတော် ပြီးသည့်နောက် ထိုပွဲမှ အတွေ့အကြုံများနှင့် ဆန္ဒများက ပူနွေးနေဆဲဖြစ်သည်။ မင်္ဂလာဆောင် အခမ်းအနားရှိလို့ အိုရီယမ်တယ်ဟောက်စ်သို့ ရောက်တိုင်း အစ်မကြီးဒေါ်ခင်စောဦးနှင့် တွေ့သောအခါ ထိုအကြောင်းတွေ ပြန်လှန်ကာ တသသ ပြောဖြစ်ကြသည်။ ဒေါ်ခင်စောဦးက မိဘဘိုးဘွားသွေးပါတော့ မန္တလေးနှင့် မန္တလေး အနုပညာ ချစ်စိတ်က ခိုင်မာလှသည်။ ထို့ပြင် ဟိတ်ဟန်မရှိခြင်းနှင့် တတ်နိုင်သည့်ဘက်က ရိုးသားစွာ ကူညီဆောင်ရွက်ခြင်းက ပိုသေးသည်။

 

တခြားမကြည့်ပါနှင့် အနုပညာပုံရိပ်ပွဲတော်ကို အမျိုးသားဇာတ်ရုံတွင် ဇာတ်တိုက်နေစဉ်က ၂၆ဘီလမ်း ပေါ်တွင် အသစ်ဖွင့်လှစ်သည့် မြန်မာထမင်းဆိုင်တစ်ဆိုင်က ကျွန်တော်တို့ ကော်မတီ ၅ဦးခန့်ကို ဖိတ်ကြားပြိး ထမင်းကျွေးသည်။ ထမင်းကျွေးပြီး ဆိုင်ရှင်ဖြစ်သူတောင်းဆိုတာက ပွဲရက်တွင် သူ့ဆိုင်ကြော်ငြာဗီနိုင်းကို ဇာတ်စင်၏ တစ်ဖက်တစ်ချက်တွင် ချိတ်ဆွဲပေးရမည်တဲ့။ သြော် သည်အခွင့်အရေးအတွက် ကော်မတီ၅ယောက်ကို ထမင်းကျွေး တာကိုး ဟု သိရသည်။ မတတ်နိုင် ထမင်းကစားပြီးပြီ၊ ကျွန်တော်တို့က သူ့ကမ်းလှမ်းချက်ကို လက်မခံခဲ့ကြပေ။

 

ထိုရက်များမှာပဲ ဒေါ်ခင်စောဦးက အဆင်သင့် ချက်ပြုတ်လာသည့် ထမင်းဟင်းများကို ဒန်အိုးကြီးများနှင့် ထည့်၊ ပန်းကန်ခွက်ယောက် အစုံကို တောင်းကြီးတောင်းငယ်နှင့် သယ်၍ ဇာတ်ရုံ နောက်ပေါက် ကားဖင်ထိုးပြီး ပါဝင်သူ လူ၂၀၀ကျော်ကို သူကိုယ်တိုင် စေတနာပါပါ ခူးခပ်ထည့်ပြီး ကျွေးမွေးသည်။ တစ်ရက်လည်း မဟုတ် တီးလုံးတိုက်သည့် ၃ရက်စလုံး ကျွေးမွေးသည်။ ကြော်ငြာချိတ်ခိုင်းဖို့ဝေးစွ၊ ပွဲအတွက် မေတ္တာလက်မှတ်ပင်မယူ၊ တစ်မိသားစုလုံးစာ လက်မှတ် ဝယ်ယူ အားပေး ကြည့်ရှုသည်။ အဲ့လို ဒေါ်ခင်စောဦးပါပေ။

 

ကဗျာလွတ်အက များကို ဗီဒီယို မှတ်တမ်းတင် ထားချင်သည်
—————————————————————
တစ်နေ့သား အိုရီယမ်တယ်လ်ဟောက်စ်တွင် ဒေါ်ခင်စောဦး၊ လှဂုဏ်ရည် ကိုကျော်ဝင်း နှင့် အတူ ကျွန်တော်တို့ ၃ဦးသား အမှတ်မထင် တွေ့ဆုံကြရင်း မန္တလေးအလွမ်းသယ်မိကြသည်။ ထိုအခါ ဒေါ်ခင်စောဦးက မမခင်ဝင်း အရွယ်ရှိတုန်း ကျန်းမာတုန်း အမေဒေါ်သြဘာသောင်း ထံက အမွေရခဲ့သည့် ကဗျာလွတ်အက များကို ဗီဒီယို မှတ်တမ်းတင် ထားချင်သည်ဟု ပြောသည်။ ထိုအစီအစဉ်အတွက် ကိုကျော်ဝင်း(လှဂုဏ်ရည်) က ရိုက်ကူးပေးပါ၊ မမခင်ဝင်းနှင့် ကျွန်တော်က စီစဉ်ပေးပါ၊ စရိတ်စက အားလုံး သူက တာဝန်ယူပါမည် ဟု ဆက်၍ ပြောသည်။ သည်တွင် ကျွန်တော်က “ အစ်မရေ၊ သိပ်ကောင်းတဲ့ အစီအစဉ်ပါ။ သို့သော် ကဗျာလွတ်တွေချည်း ရိုက်ထားပြီး ပြန်ကြည့်ရရင် ပညာပေးမှတ်တမ်းပဲ ဖြစ်နေပါလိမ့်မယ်။ အားလုံး ကြည့်ရှုခံစားနိုင်တဲ့ အစီအစဉ်လေးဆို ပိုမကောင်းဘူးလား” ဟုဆိုတော့ အစ်မဒေါ်ခင်စောဦးက ကိုကျော်ဝင်းတို့ ကိုကျော်ဆန်းတို့ ကောင်းသလို လုပ်ကြပါ။ လိုအပ်တာမှန်သမျှ ခန်းမကအစ စရိတ်စကတွေ အားလုံးအတွက်လည်း မပူပါနဲ့ ဟု ထပ်မံ တာဝန်ယူသည်။

 

ထိုအခါ ကျွန်တော်က ဒေါ်သြဘာသောင်း ကဗျာလွတ်တွေက စံနစ်ကျတာ အစ်မဒေါ်ခင်စောဦး ကိုယ်တိုင် ဆရာမကြီးဆီ အကသင်ဖူးလို့ သိပြီးသားပါ။ ဒီတော့ ကဗျာလွတ် ပထမအဆင့် တတ်မြောက်ရင် ဘယ်လို အကတွေ ကနိုင်မယ်။ ဥပမာ ကျောင်းကပွဲက ယိမ်းလိုမျိုး ကနိုင်မယ်။ ဒီလိုပဲ ဒုတိယအဆင့်ဆို ဘယ်လို အကတွေ ကနိုင်မယ်။ တတိယအဆင့် ဆို အငြိမ့်မင်းသမီးအဆင့် ထိ ကနိုင်မယ်။ ပန်တျာ သင်ရိုးက တတိယ အဆင့်ထိကိုး၊ ဒါကြောင့် ကျောင်းက ဆင်းရင် အငြိမ့်စင်ပေါ် တက်လို့ရပြီပေါ.။ ဆရာမကြီးထပ်ထွင်တဲ့ စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့်တွေ တတ်မြောက်ရင် တေးထပ်လို ဟန်ကြီးခင်းပြီး ကရမယ့် အကတွေ၊ ရှေးရိုးတပင်တိုင်လို ခက်ခဲတဲ့ အကတွေပါ ကနိုင်ပါတယ်ဆိုတာတွေ ထိ ရိုက်ပြရမှာ” ဟု ပြောဖြစ်သည်။ ထိုအခါ ကိုကျော်ဝင်း(လှဂုဏ်ရည်) ကရော ဝင်ရောက်ဆွေးနွေး အကြံပေးသည်။ ဒေါ်ခင်စောဦး ကတော့ ကောင်းမယ်ထင်တာ ကြိုက်ပါလုပ်ပါ၊ သူ့ဖက်က ကူညီဖို့ အဆင်သင့်ဟု ဆိုလေတော့ ကျွန်တော်တို့ နောက်ထပ် ပွဲတစ်ပွဲ ဆင်နွှဲကြဦးမည်။

 

ပညာပေးအပေါ် အခြေခံကာ ဖျော်ဖြေရေး နှင့် တွဲဖက်မှာမို့
————————————————————-
ရိုက်ကူးတင်ဆက်မည့် အစီအစဉ်အသေးစိတ်အတွက် ကျွန်တော့်ကို တာဝန်ပေးသည်။ ကျွန်တော်က ဖြစ်ချင်တာတွေ မမခင်ဝင်းနှင့် ညှိသောအခါ မမကလည်း “အတွမ်းက လုပ်မှာဆိုတော့ ဒို့က ဘာငြင်းစရာ လိုလဲ၊ နင်လည်း ဒီသဘောတွေ နားလည်နေတာပဲ၊ ရိုက်မှာကလည်း ကျော်ဝင်းဆိုတော့ ငါက ဘာမှပြောစရာမလိုပါဘူး၊ ဝင် က လိုက်ရုံပေါ့” ဟု အားတက်သရောပြောလို့ ဝမ်းသာရသည်။ ကျွန်တော်က သည်လို စိတ်ကူးသည်။ ဝိုင်းအနေနှင့်က မြို့မပါမည်။ မြန်မာဆိုင်းအနေနှင့် စိန်တင့်လွင်ကို အကူအညီတောင်းမည်။ အဘယ့်ကြောင့်ဆိုသော စိန်တင့်လွင်နှင့်က ဒီလို အစီအစဉ်မျိုး အရင်က စိတ်ကူးယဉ်ခဲ့ဖူးသည်။ စိန်တင့်လွင်နှင့် မမခင်ဝင်းကလည်း ပန်တျာမှာ တစ်နှစ်ထဲ တက်ခဲ့ကြသူများ ဖြစ်သည်။ သည်အစီအစဉ်ကို ကျွန်တော်က ဖျော်ဖြေရေးသက်သက်မဟုတ်ဘဲ ဒေါ်သြဘာသောင်း ကဗျာလွတ်၏ ကကြိုးကကွက် ကို ပညာရပ်အနေနှင့် မှတ်တမ်းတင် ထိန်းသိမ်းသော ပညာရေးအစီအစဉ်လည်း ဖြစ်ချင်သည်။ သည် ပညာပေးအပေါ် အခြေခံကာ ဖျော်ဖြေရေး နှင့် တွဲဖက်မှာမို့ Edutainment ပဲ ဖြစ်မည်။ ဒီအစီအစဉ်ကို ဘယ်လို နံမည်ပေးမလဲ။

 

ဒီကိစ္စက အတော်ချင့်ချိန်ရသည်။ အားလုံးလွတ်လွတ်ကင်းကင်း ဖြစ်ချင်သည်။ ဘယ်သူ့ကိုမှ အောက်မကြို့ချင်၊ ဘယ်ဌာနနှင့်မှ အညိအစွန်း မဖြစ်ချင်။ မေ့ပျောက်ချင်သည်များကို ရူးချင်ယောင်ဆောင်က ဖျောက်ဖျက်ခဲ့ကြသော်လည်း မမေ့ချင်သည့် အရာက အချိန်မရွေး ပြန်လည် ရှင်သန်နိုင်သည်။ လုပ်ပိုင်ခွင့် က သူတို့လက်ထဲရှိသည်လေ။ ၁၉၈၁ခုနှစ်က သူတို့ စာချုပ်စာတမ်းနှင့် ဝယ်ယူခဲ့သည့် မမခင်ဝင်းတို့ ကဗျာလွတ်အက စာမူကို မထုတ်ဝေဘဲ အမေ့ဖျောက်ခဲ့ငြား ထိုစာအုပ်အတွက် စာချုပ်ခဲ့ရာတွင် ကဗျာလွတ်ဟူသော စကားလုံးသည် နိုင်ငံတော်ပိုင် ဖြစ်သဖြင့် နောက်နောင် မသုံးစွဲပါ ဟု မမခင်ဝင်းတို့က လက်မှတ်ထိုးခဲ့ရသည်။ ဒါကိုကျ သူတို့က မေ့မှာမဟုတ်။

 

 

ဗုံလေးလုံးသံစဉ် ဂန္ထဝင် အကပဒေသာ
—————————————–
ထို့ကြောင့် ကျွန်တော်တို့ ရိုက်ကူးမည့် အစီအစဉ်တွင် လွတ်လွတ်ကင်းကင်း ဖြစ်စေချင်သည်။ ထို့ကြောင့် အစီအစဉ်ကို “ဗုံလေးလုံးသံစဉ် ဂန္ထဝင် အကပဒေသာ” ဟု အမည်ပေးတော့ အစ်မဒေါ်ခင်စောဦး ရော၊ ကိုကျော်ဝင်း (လှဂုဏ်ရည်) ကရော သဘောတူသည်။ ကိုင်း.. အသေးစိတ်အစီအစဉ်အတွက် မမခင်ဝင်းနှင့် ညှိတော့ ကဗျာလွတ် ပထမဆင့် ၂၅ကွက် က အပြီး ထိုကကြိုးများနှင့် မန္တလေးမြို့ဘွဲ့ မြမန်းဂီရိ မဟာဂီတ သီချင်းကြီးဖြင့် ယိမ်းအဖွဲ့က ကပြမည်။ နောက် ကဗျာလွတ် ဒုတိယအဆင့် ကပြအပြီးမှာ သြဘာသောင်း၏ ဘာဂီတင် သီချင်းနှင့် ယိမ်းအဖွဲ့က ကပြမည်။ ကဗျာလွတ် တတိယအဆင့် ကပြအပြီးမှာတော့ ထိုအဆင့် ကကြိုးများနှင့် သြဘာသောင်း အငြိမ့်ခန်း ကပြမည်။ ဤသို့ဖြင့် စတုတ္ထအဆင့်အပြီး တေးထပ်နှင့် ကပြမည်။ ပဉ္စမအဆင့် ကပြပြီးတော့ နောက်ဆုံးပိတ် အိတ်နှင့် လွယ်ဆိုသလို ခက်ခဲသော ရှေးရိုးတပင်တိုင် အကကို သြဘာသောင်း မူအတိုင်း ကပြမည်ဟု အတည်ပြုနိုင်ခဲ့၏။

 

တကယ်တော့ ကျွန်တော်က ဂီတလည်း နားလည်သူမဟုတ်၊ အကဆိုတော့ ဝေလာဝေး။ သည်အစီအစဉ်မှာ ကိုယ့်ညီအစ်ကို မောင်နှမတွေ ဦးစီးလုပ်ကိုင်ကြလို့သာ နိုင်သည့်ဝန် ထမ်းရခြင်းဖြစ်သည်။ သို့သော် ဟိုစပ်စပ် သည်စပ်စပ်လေး ရှိတော့ အစီအစဉ်တွင် တီးမှုတ်ကြမည့် မြို့မ၏ ဂီတမှူးကြီးများ ဖြစ်သော ဦးရွှန်းမြိုင် ဦးရဲထွေး နှင့် ရွာစားစိန်တင့်လွင် တို့ကိုတော့ ဤသို့ ပူဆာလိုက်ပါသည်။

 

သြဘာသောင်း နှင့် ရွာစားကြီး စိန်ဗေဒါ
—————————————–
ကျွန်တော် ငယ်ငယ် ၅တန်း ၆တန်း ကျောင်းသားအရွယ်က ညနေစာ ထမင်းစားသောက်ပြီးလျှင် အဘနှင့် အမေ့ လက်ကိုဆွဲပြီး မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံအရှေ့ဘက်ရှိ ဆရာမကြီး ဒေါ်သြဘာသောင်း အိမ်သို့ သွားကြသည်။ ထိုစဉ်ကာလ ဆရာမကြီးက မမခင်ဝင်းကို သူ့အိမ်မှာပဲ ခေါ်ထားသည်။ ထို့ကြောင့် ကျွန်တော်တို့ သားအဖ၃ယောက်က တစ်ရက်ခြာ တစ်ခါလောက် ဆရာမကြိးအိမ်သို့ သွားပြီး မမခင်ဝင်းကို တွေ့ကြသည်။ ထိုသို့ သွားတွေ့တိုင်း ဆရာမကြီးအိမ်ရှေ့မှာ ကြိမ်ခုံလေးတွေနှင့် ထိုင်ကာ စကားပြောကြသည်။ အထူးသဖြင့် သုခုမဘာသာရပ်ကို အဘက စိတ်ဝင်စားလို့ ဆရာမကြီးပြောပြသမျှ အဘက နားထောင်ရင်း မေးရင်း မြန်းရင်း ကျွန်တော်ကလည်း ဝါသနာပါသောကြောင့် နားစွင့်မိ မှတ်သားမိခြင်း ဖြစ်သည်။

 

ဆရာမကြီးက စိန်ဗေဒါကြီးနှင့် အငြိမ့်ညွန့်ပေါင်း ကကြလျှင် နံမည်ကျော် မင်းသမီးချည်းမို့ ရှေ့နောက်အစီအစဉ်ကို မဲနှိုက်ကြရပုံကို ပြောကာ “ရွာစားကြီးက ကျွန်မကို နောက်ဆုံးမှ ကရအောင် မဲကို ဆင်ပေးထားတာ၊ ကျွန်မက အကမှာပဲ အားသာတာဆိုတော့ သူက ကျွန်မနဲ့မှ စိတ်ရှိလက်ရှိ တီးနိုင်တာကိုး၊ များသောအားဖြင့် ကျွန်မကို ရွာစားကြီးက တပင်တိုင်နဲ့ ပွဲထုတ်တာ။ ကျွန်မ က မယ်ဆိုရင် ရွာစားကြီးက တပင်တိုင်ကို သမားစဉ်အပြည့် အပိုဒ်စုံတီးတာရှင့်။ တခြားမင်းသမီးတွေဆိုရင် အပြည့်မတီးဘူး၊ (သည်နေရာတွင် ချန်ခဲ့သော အပိုဒ်၏ မဟာဂီတသီချင်းနံမည်ကို ပြောသော်လည်း ကျွန်တော်က မမှတ်မိ)။ နောက်ကျ တပင်တိုင် က မယ်ဆိုရင် တီးကြတာက အပိုဒ်အပြည့် မဟုတ်တော့ဘူး၊ ရွာစားကြီးတီးခဲ့တဲ့ သမားစဉ်အပြည့် အပိုဒ်စုံအောင် တီးကြတာ မကြားရတော့ဘူး။ ဒါကြောင့် ကျွန်မက ကိုယ့်တပည့်တွေ တပင်တိုင် ကကြမယ်ဆိုရင် ဆိုင်းဆရာကို အပိုဒ်ပြည့် တီးဖို့ ပြောရင် မသိကြတော့တာ များတယ်ရှင့်” ဟူသော စကားကို ကြားဖူးပြီး မှတ်မိနေသည်။

 

 

ထို့ကြောင့် မမခင်ဝင်းနှင့် ဗုံလေးလုံးသံစဉ် အစီအစဉ်ရိုက်ကူးကြမည် ဆိုတော့ ကျွန်တော်က ရွာစားစိန်တင့်လွင်ကို ထိုအကြောင်း ပြောပြပြီး တပင်တိုင်ကို အပိုဒ်ပြည့်တီးပေးဖို့ ပူဆာမိသည်။ စိန်တင့်လွင်ကလည်း မတန်မရာ ကျွန်တော်က ပူဆာသည်ကို သေချာနားထောင်ပြီး ပန်တျာမှာ သူတို့ တက်ခဲ့သော သင်ရိုးက စိန်ဗေဒါ့မူပါပဲ၊ ဒါပေမယ့် သေချာအောင် ပြန်စစ်ကြည့်ပါ့မယ်၊ မြို့မနှင့်လည်း မူချင်း တိုက်ကြည့်ဖို့ ဂီတမှူးဦးရွှန်းမြိုင်၊ ဦးရဲထွေးတို့နှင့် တွေ့ပါ့မယ်ဟု ဆိုသည်။ ကျွန်တော်က တစ်ဖက်မှာလည်း ဆရာဦးရွှန်းမြိုင်နှင့် တွေ့စဉ် ထိုအကြောင်းကို ပြောထားသည်။ ဆရာရွှန်းက လက်ရှိ မြို့မတီးနေသော တပင်တိုင်အက တီးလုံးကို ဦးရဲထွေးနှင့် ပြန်စစ်ကြည့်မည်ဟု ဆိုသည်။ ဤသို့ ပြင်ဆင်ကြဆဲ ကံများကောင်းချင်တော့ ဆရာဦးရွှန်းမြိုင်က ဂီတ သင်္ကေတစာရွက် တစ်ထပ်ကို ရှာတွေ့လိုက်သည်။

 

 

ရွာစားကြီးစိန်ဗေဒါ၏ မူ ယိုးဒယားကန်တော့ခန်းတီးလုံး
——————————————————–
ထိုသင်္ကေတ စာရွက်များ ထိပ်က ခေါင်းစီးမှာ စိန်ဗေဒါကြီးမူ ယိုးဒယားကန်တော့ခန်း တီးလုံးဟု ရေးသားထားသည်။ သင်္ကေတ စာရွက်များ အဆုံးတွင် “ ရွာစားကြီးစိန်ဗေဒါ၏ မူ ယိုးဒယားကန်တော့ခန်းတီးလုံး အပြည့်အစုံ၊ မာစတာကိုယ်တိုင် စီစစ်ပြီး၊ ပုံ – ကျော်ဒင် ” ဟု လက်မှတ်ထိုးထားသည်။ မာစတာ ဆိုသည်မှာ ဆရာမြို့မငြိမ်းကို ဆိုလိုပြီး၊ ကျော်ဒင်ဆိုသည်မှာ ပန်တျာက ဂီတသင်္ကေတဆရာ ဦးကျော်ဒင် ဖြစ်သည်။ ဆရာဦးကျော်ဒင်က မန္တလေးပန်တျာ၏ ပထမဆုံးဂီတသင်္ကေတ ဆရာ ဖြစ်ပြီး မြို့မငြိမ်းတို့ ဓားတန်းဦးသန့်တို့၏ တပည့်လည်း ဖြစ်သည်။

 

ထို့ကြောင့် ထိုဂီတ သင်္ကေတစာရွက်များကို အခြေခံပြီး စိန်တင့်လွင်နှင့်လည်း ညှိနှိုင်းကာ ဗုံလေးလုံးသံစဉ် အစီအစဉ်က ရှေးရိုးတပင်တိုင်အက တီးလုံးကို ရွာစားကြီးစိန်ဗေဒါ၏ မူအတိုင်း အပြည့်အစုံ တီးလုံးတိုက်နိုင်ခဲ့သည်။ ထိုတီးလုံးကို မြို့မနှင့် စိန်တင့်လွင် ပူးပေါင်း တီးမှုတ်တီးခတ်သည်။ မြို့မက ပါနေကျ လေမှုတ်တူရိယာများ အပြင် တယောအဖွဲ့ကိုပါ တိုချဲ့ကာ အဝင်အထွက် အပြန်အလှန်များနှင့် တီးမှုတ်သည်။ ထို့ပြင် ယိုးဒယား ကန်တော့ခန်း တီးလုံးတွင် ပညာခန်းဖြစ်သော ဖျဉ်းချင် တီးလုံးအပိုက်၌ ရှေးသမားစဉ်အတိုင်း သံချပ်များ သံဆန်းတီးလုံးများနှင့်ပါ အပြည့်အစုံ တီးမှုတ်ထားသည်။ ပုံမှန်တီးနေကျ ယိုးဒယားကန်တော့ခန်းတီးလုံးက ၇မိနစ်အလွန်ဆုံး ရှိသော်လည်း ယခုအခါ နှစ်ဝိုင်း က အပြည့်တီးထားသောကြောင့် မိနစ်၂၀နီးပါးရှိသည်။ ကိုင်း.. မင်းသမီးလည်း ကပေရော့ ။

 

ဒါမှ မန္တလေးကွ ကိုင်း ဘယ်သူလုပ်နိုင်သလဲ
———————————————–
မြို့မအသင်းတိုက်တွင် ထိုတီးလုံးကို ၂ဝိုင်းပြည့် တီးလုံးတိုက်ကြရာ၂ဝိုင်းစလုံးကို ဂီတမှူး ဦးရဲထွေးက ဦးဆောင်၍ တိုက်သည်။ ဦးရွှန်းမြိုင်က စောင့်ကြည့် နားထောင်ပြီး ကြီးကြပ်သည်။ ပါဝင် တီးမှုတ်ကြသူတိုင်းကလည်း ထူးထူးခြားခြား တီးလုံးမှု တက်ကြွကာ ပျော်ရွှင်နေကြသည်။ လေမှုတ်တစ်လှည့်၊ တယော တစ်လှည့်၊ ဆိုင်းဝိုင်း တစ်လှည့်နှင့် မြိုင်ဆိုင်လှ၏ ကြားနေကျ တီးလုံးဖြစ်သော်လည်း ဆန်းသစ်သည့် တီးမှုတ်သံ များကြောင့် လမ်းသွားလမ်းလာများကပင် ဝင်ကာ ရပ်ကြည့် နားထောင်ကြသည်။ အားတက်စရာ ကောင်းသည်မှာ လာကြည့် သူတွေထဲမှ အသက်၆၀ကျော်အရွယ် တစ်ယောက်က တီးလုံးလည်းဆုံးရော လက်ခုပ် လက်ဝါး တီးရုံမက လက်ရုံး ဆန့်တန်းပြီး ဒါမှ မန္တလေးကွ ကိုင်း ဘယ်သူလုပ်နိုင်သလဲ ဟု အော်ဟစ်အားပေးတော့ ကျွန်တော်တို့မျာ ဝမ်းသာ မျက်ရည် စို့ရသည်။ ထိုစဉ်မှာီဒီယို ရိုက်ကူး မှတ်တမ်းတင်သည်။ ဘေးမှာရပ်နေသည့် ကျွန်တော့်ကိုလည်း ဝိုင်းထဲ ဝင်စေကာ ရိုက်ကူးသည့် ပုံရိပ်ထဲ ပါဝင်စေသည်။

 

 

ထိုစဉ်က အစီအစဉ်တွင်ပါဝင်မည့် သီချင်းများကို ဦးရွှန်းမြိုင်၊ ဦးရဲထွေး၊ စိန်တင့်လွင်တို့ ဦးဆောင်ပြီး ဆက်တိုက် တီလုံး တိုက်နိုင်ခဲ့သည်။ သည်နေရာတွင် ရွာစားကျော် စိန်တင့်လွင်ကိုလည်း ချီးကျူးစကားဆိုပါရစေ။ စိန်တင့်လွင်ဟူသည် ဝါရင့် ဆိုင်းပညာရှင်ကြီး ဖြစ်သည်။ သို့သော် ဟိတ်ဟန်မရှိ၊ ပူးပေါင်းဆောင်ရွက်သည့် စိတ်ဓာတ်ကောင်း အပြည့်ရှိသည်။ နေရာမယူ အသားမယူ၊ မြို့မဂီတမှူးကြီးများနှင့် အပေးအယူတည့်စွာ အလုပ်လုပ်သွားသည်။

 

 

ဤသို့ဖြင့် တီးလုံးတိုက်အပြီး ရိုက်ကူးရေးအတွက် ပြင်ဆင်ကြတော့ အစီအစဉ်ကို အစအဆုံး တာဝန်ယူမည့် အစ်မကြီးဒေါ်ခင်စောဦးက သူတာဝန်ယူထားသော အိုရီယမ်တယ်လ်ဟောက်စ် မင်္ဂလာခန်းမကြီးကို ၂ရက်တိုင် စိတ်ကြိုက် အသုံးပြုခွင့် ပေးသည်။ သည်တော့ စတိတ်ကို ဘယ်လို ပြင်ဆင်မည်နည်း။ ကျွန်တော်က ကျွန်တော့်စိတ်ကူးကို ဆရာဦးရွှန်းမြိုင်ထံ ဖွင့်ပြောကာ တိုင်ပင်သည်။ ကျွန်တော်က စိန်တင့်လွင်၏ မှန်စီရွှေချ ဆိုင်းဝိုင်းကြီးနှင့် မြို့မကို တစ်ဝိုင်းစီ မခွဲဘဲ ပေါင်းပစ်ချင်သည်။ ထိုသို့ လုပ်သင့် လုပ်ကောင်းပါ၏လော ဆိုသည်ကို ဆရာရွှန်းနှင့် တိုင်ပင်ခြင်း ဖြစ်သည်။ ဆရာရွှန်းက ကိုယ့်စိတ်ကြိုက်ချက်တဲ့ ဟင်းပဲဗျာ၊ အသားငါး အသီးအရွက် ကို စိတ်ကူးထားသလို ထည့်လို့ရပါတယ်။ ဘာတော့ မထည့်ရဘူး၊ ဘာနဲ့ ဘာ မရောရဘူ မရှိပါဘူး၊ ဟင်းကောင်းဖို့ဆို ထည့်သာထည့်ပါ ဟု ပြောသည်။

 

မှန်စီရွှေချ ပဉ္စရူပနှင့် ဖက်ဖူးနု မြို့မလိုဂို
——————————————

ထို့ကြောင့် အိုရီယမ်တယ်လ်က ခန်းမစတိတ် အတိုင်းအထွာတွေကို ညီတော်မောင် အင်ဂျင်နီယာ ကိုသန်းဦးနှင့် သွားတိုင်းပြီး စတိဒီဇိုင်းကို ကိုယ်တိုင်ဆွဲသည်။ စိန်တင့်လွင်ကိုလည်း ပဉ္စရူပ ပတ်မထမ်း ထည့်ပေးဖို့ ပူဆာလိုက်သည်။ မူလစင်တွင် အဆင့် ၃ဆင့်ပိုးပြီး အပေါ်ဆုံး ညာထိပ်မှာ ပဉ္စရူပ ပတ်မထမ်းနှင့် ဒိုးချောင်ကို တင်သည်။ သူနှင့် တစ်တန်းတည်းမှာ မြို့မ ဒိုးချောင် အုပ်စုံနှင့် စိန်တင့်လွင်၏ မောင်းချောင်ကို တင်သည်။ သူ့အောက်ဆင့် ဘယ်ဘက်မှာ စိန်တင့်လွင်၏ ကြေးဝိုင်းနှင့် မြို့မ တယောဝိုင်း ၅ဦးကို တစ်ဆက်တည်း ထားသည်။ သူ့အောက်ဆင့်မှာ ဘယ်အစွန်က မြို့မဒရမ်ဆက်နှင့် မြို့မလေမှုတ် ၇ဦး တန်းထားသည်။ အောက်ဆုံး အဆင့်မှာမှ အလယ်တည့်တည့်တွင် စိန်တင့်လွင်၏ ဆိုင်းဝိုင်းနှင့် ဘယ်ဘက်ကပ်ရက်က မြို့မ စန္ဒရား၊ သူ့ဘယ်ဘက်က မြို့မ ဂစ်တာ ၂ဦး။ ထို့အတူ ဆိုင်းဝိုင်း ညာဘက်မှာ စိန်တင့်လွင်၏ နှဲ၊ နှဲ ညာဘက်အစွန်မှာ မြို့မ ကလယ်ရီနက် တို့ တန်းထား၏။

 

မြို့မ၏ စတင်းတွေက လိုဂိုကို အဝိုင်းအစား ၁၉၅၀ ဝန်းကျင်က အသုံးပြုခဲ့သည့် လေးထောင့်လိုဂိုကို ဖက်ဖူးစိန်းနှင့် အဖြူ အရောင်နုများသုံးပြီး အသစ်တတ်ဆင်ခဲ့သည်။ ဘက်ဂရောင်းမှာက ကတ္တီပါကာ နက်ပြာရင့် တွင် နဖူးစီး ဓာတ်ပြာ ဖဲတွန့်များ ဆင်လိုက်သည်။ ထို့ကြောင့် စင်ပေါ်မှာ မှန်စီရွှေချ ပဉ္စရူပ၊ မှန်စီရွှေချ ဆိုင်းဝိုင်း ကြေးဝိုင်း မောင်းခုံနှင့် မှန်စီရွှေချ ဇရံတာတို့က တစ်နေရာထဲမဟုတ်ဘဲ အချိုးကိုက်ရှိနေကာ ကြားမှာ စတီးရောင် စတင်းများနှင့် ဖက်ဖူးစိမ်းမြို့မလိုဂိုများက ခပ်ဖျော့ဖျော့ပဲ ကျဲပက်ထားသည်။ စင်၏ ရှေ့မှာ ၁၀ပေ×၁၄ပေ ကခွင်ကိုတော့ အနည်းငယ်နှိမ့်ပြီး စင်အသစ်ထိုးရ၏။ ထို့နောက် တစ်ကြိမ်တစ်ခါမှ မသုံးဖူးသေးသည့် အီတလီ ကောဇောအသစ်ကြိးကို ဒေါ်ခင်စောဦးက ထုတ်ပေးပြီး ခင်းလိုက်တော့ အပိုအလိုမရှိ အံကိုက်ဖြစ်သည်။ ဒူးပိတ်တွေကိုလည်း ဒေါ်ခင်စောဦးက ကြက်ဥနှစ်ရောင် ဖဲသား စက်အသစ်တွေနှင့် သူကိုယ်တိုင် သူ့ညီမများနှင့်အတူ ပတ်ပေးသည်။
သန်းခေါင်ကျော် စင်ဆင်အပြီး ကြည့်လိုက်ရတာ စလိုက်မီးရောင်မှာ မှန်စီရွှေချ ပဉ္စရူပရုပ်၊ မြန်မာ့ ဆိုင်းဝိုင်းနှင့် ဖက်ဖူးနု မြို့မ လိုဂိုတွေက ရောယှက်တောက်ပ ကျက်သရေရှိလှသည်။ ဒေါ်ခင်စောဦးရော သူ့ချစ်ခင်ပွန်း ဒေါက်တာကိုကိုလေးရော သူ့ညီအစ်မမိသားစုတွေရော မင်္ဂလာခန်းမပေါ်က အပြင်အဆင် ကို ကျေနပ်သဘောကျပြီး လှဂုဏ်ရည် ကိုကျော်ဝင်းကို ဓာတ်ပုံရိုက်ခိုင်းနေသည်။ အားလုံးပြင်ဆင်ပြီးတော့ နာရီပြန်၂ချက်ထိုးပြီ။ အရုဏ်တက် မိုးလင်းပြီး မနက် ၉နာရီမှာပဲ ရိုက်ကူးရေး စတော့မည်။ ကျွန်တော့်မျာ အိမ်သို့ ပြန်ခဲ့ရသော်လည်း အိပ်မပျော်တော့။ ရိုက်ကူးရေး အစီအစဉ်စာရွက်တွေ ဖြန့်လိုက်ရပြန်သည်။ ဘာများလိုဦးမလဲလေ။ မကြာမီ သရက်ကုန်းဘုန်းကြီးကျောင်းက တုံးခေါက်သံကြားလိုက်ရသည်။

 

ဆူးငှက်

Related posts

✕
VOM News

FREE
VIEW