ညောင်လေးပင်မှာ အသက်မပြည့်သေးတဲ့ သမီးအရင်းကို အဓမ္မပြုကျင့်တဲ့ အဖေကို ဖမ်းဆီး အမှုဖွင့်ထား

အောက်တိုဘာ ၂၆ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မှာ အဖေက သမီးအရင်းဖြစ်သူ အသက် ၁၃ နှစ်အရွယ် Grade-7 ကျောင်းသူကို အဓမ္မပြုကျင့်ခဲ့တာကြောင့် ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
အဖေ ဖြစ်သူဟာ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းကစပြီး သမီးကို အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း ၊ အဓမ္မပြုကျင့်မှုနဲ့ပတ်သက်ပြီး အမေ အပါအဝင် တခြားသူတွေကို ပြန်ပြောပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် သမီးဖြစ်သူက အချိန်အတော်ကြာထိ ဖွင့်မပြောရဲခဲ့ဘဲ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အမေကိုပြောပြခဲ့တဲ့အတွက် အောက်တိုဘာ ၂၄ ရက်နေ့ကမှ ညောင်လေးပင်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီး တာဝန်ရှိသူတွေက ကျူးလွန်သူအဖေကို ချက်ခြင်းဖမ်းဆီး အရေးယူခဲ့တာဖြစ် ပါတယ်။
အခုလို သားသမီးအရင်းဖြစ်သူပေါ် လူမဆန်စွာ ပြုမူခဲ့တဲ့ အ​​​ဖေရင်းကို ကြီးလေးတဲ့အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်သာ ချမှတ်ပေးဖို့ ဒေသခံနဲ့ပြည်သူတွေက တောင်းဆိုမှုရှိနေပါတယ်။
” ကိုယ့်သားသမီးအရင်းကိုတောင်အလွတ်မပေးတဲ့ လူကို သေဒဏ်အပြင် တခြားအမိန့်မချစေချင်ဘူး ။ ဒီလိုအဖေမျိုး လူမျိုးက ထောင်ကနေပြန်လွတ်လာလည်း ဘယ်သူအတွက်မှကောင်းကျိုးမရှိဘူး။ ပြစ်ဒဏ်လျှော့ပေါ့တွေထဲလည်း လုံးဝမပါသင့်ပါဘူး။ ” လို့ ဒေသခံက မှတ်ချက်ပြု ပြောပါတယ်။
ကျူးလွန်သူ အဖေက အသက် ၅၁ နှစ်အရွယ်ဦး အာကာမိုး ဆိုသူဖြစ်ပြီး လက်ရှိညောင်လေးပင်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းကာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် သမီးအရင်းကို ဖခင်က အဓမ္မပြုကျင့်မှုဖြစ်ခဲ့ပြီး ဖခင်ဖြစ်သူ တရားခံ မောင်ခိုင်ကိုတော့ နိုဝင်ဘာ ၂၀ နေ့မှာ တောင်ငူခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၆၀ ကျခံဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။
အလားတူ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ ၁၂ နှစ်အရွယ် သမီးကို အဓမ္မပြုကျင်ခဲ့တဲ့ အဖေကိုလည်း တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၄၀ ကျခံဖို့ စက်တင်ဘာလမှာ အမိန့်ချမှတ်ခဲ့ပါတယ်။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW