တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲအတွက် ယမ်းထည့်ရာကနေပေါက်ကွဲပြီး ကလေးတယောက်သေ ၊ သုံးယောက်ဒဏ်ရာရရှိ

အောက်တိုဘာ ၂၅ ၊ ၂၀၂၆
GG (VOM)
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ နယ်မြေ(၁)၊ မြမဥ္ဇူလမ်းက မီးပုံးပျံပြုလုပ်တဲ့ဂိုဒေါင်မှာ ယမ်းခွေပေါက်ကွဲပြီး ကလေးတယောက်သေဆုံးကာ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့ည ၇ နာရီ ၂၀လောက်မှာ ပုံရိပ်မီးပုံပျံအဖွဲ့ရဲ့ မီးပုံးပျံပြုလုပ်မှုမှာ ယမ်းထည့်ရာကနေတဆင့် ပေါက်ကွဲမီးလောင်လို့ (၁၃) နှစ်အရွယ် ကလေးတ​ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မီးလောင်မှုအတွင်း ဒဏ်ရာရရှိတဲ့ အမျိုးသားသုံးယောက်အနက် နှစ်ယောက်ကလည်း ဒဏ်ရာပြင်းထန်ပြီး လက်ရှိ စပ်စံထွန်းပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
” မီးပုံးပျံယမ်းပေါ့။ သူတို့အပြောကတော့ အချောသတ်တယ်ပေါ့။ ပြောရမယ်ဆိုရင် ယမ်းပိတ်တာပေါ့။ အဲဒီကနေ ပေါက်ကွဲတာပေါ့။ ဒဏ်ရာရ နှစ်ယောက်က စိုးရိမ်ရတယ်။ လောင်တာက ဂိုဒေါင်ပါ။ ” လို့ တောင်ကြီးမြို့နယ်မီးသတ်ဦးစီးမှူးက ပြောပါတယ်။
မီးလောင်မှုက ည ၇ နာရီ ၂၀ မှာဖြစ်ပွားပြီး ၇ နာရီ ၄၅ မိနစ်လောက်မှာ ငြိမ်းနိုင်ခဲ့ပါတယ်။
မနှစ်က အောက်တိုဘာ ၂၈ ရက်နေ့မှာလည်း တောင်ကြီးမြို့နယ် ၊ ဖာမွန်းကျေးရွာအုပ်စု ၊ဒုံခါးရားရွာမှာ မီးပုံးပျံပြုလုပ်ဖို့ ယမ်းစပ်တဲ့နေအိမ်မှာ ယမ်းပေါက်ကွဲပြီး တယောက်သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အရင်က ကျင်းပခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလတွေမှာလည်း ယခုလိုပဲ မတော်တဆ ယမ်းပေါက်ကွဲမှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ် ၂၀၂၆ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကိုတော့ လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့ကစပြီး ၂၄ ရက်အထိ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မီးသတ်တပ်ဖွဲ့

Related posts

✕
VOM News

FREE
VIEW