နေပြည်တော် Excellent Unplugged Bar မီးလောင်မှု သုံးယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရ

အောက်တိုဘာ ၂၆ – ၂၀၂၆
SS (VOM)
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ဧရာဝတီလမ်းရှိ Excellent Unplugged Bar မှာ မနေ့ အောက်တိုဘာ ၂၅ ရက်၊ မွန်းလွဲ ၃ နာရီ ၁၆ မိနစ်ဝန်းကျင်က မီးလောင်မှုဖြစ်ခဲ့ပြီး သုံးယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။
“သေဆုံး၊ ဒဏ်ရာရသူတွေက အမျိုးသားတွေချည်းပါပဲ။ သေဆုံးထဲက တယောက်က မီးခိုးမွှန်ပြီး အခင်းဖြစ်နေရာမှာတင် သေတယ်။ နောက်နှစ်ယောက် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ရောက်ပြီးမှ သေတာပါ။ ဒဏ်ရာရ သုံးယောက်ကလည်း ပြင်းထန်အဆင့်ပါ” လို့ ဒီဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
စားသောက်ဆိုင် စတိတ်စင် ညာဘက်ခြမ်းမှာ မနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က ဝရိန်ဆော်နေရာက အနီးရှိ အသံလုံ ဖော့တွေပေါ် မီးပွားကျရာကတဆင့် မီးစတင် လောင်ကျွမ်းခဲ့တာလို့ သိရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၁၂၀ ဝန်းကျင်ရှိတယ်လို့ သူက ပြောပါတယ်။
“ဆိုင်ပိတ်ထားတဲ့နေ့မှာ မီးလောင်မှု ဖြစ်သွားတာ။ level 2 အထိ ခေါ်ရတယ်။ မီးလောင်နေတဲ့အချိန် အဲဒီလမ်းကို ပိတ်ချထားပြီး တနာရီကျော်လောက် မီးငြှိမ်းသတ်ရတယ်” လို့ သူက ပြောပါတယ်။
ဇမ္ဗူသီရိမြို့နယ်အတွင်း အဲဒီနေ့ တရက်တည်းမှာပဲ နေ့လယ် ၁၂ နာရီဝန်းကျင်က ရေပန်းဥယျာဉ်အနီးမှာ ကားတစီး မီးလောင်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကန်သာရပ်ကွက်၊ နယ်မြေ (၁)၊ မြမဉ္ဇူလမ်းရှိ မီးပုံးပျံပြုလုပ်တဲ့ ဂိုဒေါင်မှာ မီးပုံပျံယမ်းစပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့တာမှာ အသက် (၁၃) နှစ်အရွယ် ကလေးတယောက် သေဆုံးကာ အမျိုးသား နှစ်ယောက် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)၊ အမျိုးသား တယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ စမ်းချောင်း မြို့နယ်၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းလမ်း၊ အမှတ်(စ/၁၆) ရှိ Bar 4 U စားသောက်ဆိုင်မှာ မီးလောင်မှု ဖြစ်ခဲ့ပြီး အမျိုးသား နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၁၉ ရက်နေ့ကလည်း ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး အသက် တနှစ်အရွယ် ယောင်္ကျားလေး တယောက်၊ အသက် (၁၄) နှစ်အရွယ် မိန်းကလေး တယောက် မီးလောင်သေဆုံးခဲ့ကာ အသက် (၇၅) နှစ်အရွယ် အမျိုးသားတယောက် မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ နေအိမ်နဲ့ တွဲဖွင့်ထားတဲ့ စတိုးဆိုင်တဆိုင် မီးလောင်မှုဖြစ်ခဲ့ပြီး အသက် ၆၂ နှစ်နဲ့ အသက် ၆၀ အရွယ် အမျိုးသမီး နှစ်ယောက် မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ/MFSD

Related posts

✕
VOM News

FREE
VIEW