ချင်းပြည်နယ်ထဲ လုပ်ငန်းခွင်ပြန်ဝင်လိုတဲ့ CDM ဝန်ထမ်းတွေကို ဇိုမီးအမျိုးသားပါတီက အစိုးရနဲ့ချိတ်ဆက်ဆောင်ရွက်ပေးမယ်

အောက်တိုဘာ ၂၅ ၊ ၂၀၂၆
GG (VOM)
ချင်းပြည်နယ်ထဲက CDM ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်ပြန်ဝင်ပြီး တာ၀န်ထမ်းဆောင်လိုပါက ဇိုမီးအမျိုးသားပါတီ (ZNP) ကို ဆက်သွယ် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်လိုကြောင်း ဆက်သွယ်လာတဲ့ CDM ဝန်ထမ်းတွေကို ZNP ပါတီကမှတဆင့် အစိုးရဆီ ပြန်လည်တင်ပြပြီး ချင်းပြည်နယ်အတွင်း ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တာဝန်ပြန်ထမ်းဆောင်ဖို့ ဆက်သွယ်လာတဲ့ CDM ဝန်ထမ်းတွေရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူကြောင်း သိရပါတယ်။
” လုံခြုံရေးအတွက်ဆိုတာက အစိုးရနဲ့ပါတီက နေပြည်တော်မှာ ငြိမ်းချမ်းရေးကိစ္စ စကားပြောနေတာ ရှိတယ်။အဆင်ပြေတယ်။ဝန်ထမ်းတွေအချက်အလက်ကိုစုစည်းပေးပါပြောတယ်။ ကျွန်တော်တို့ ဒေသမှာ သူ့ယုံကြည်ချက်နဲ့ဌာနကွင်းကွာသူရှိသလို ဆန္ဒမပါဘဲ ဌာနကွင်းကွာရတဲ့သူတွေလည်းရှိတယ်။ အဓိက ကျွန်တော်တို့ ပါတီနဲ့ရပ်တည်ချက်က လူထုတည့်တည့်ရှုတယ်။
တကယ်လို့ ဆန္ဒရှိလို့ပြန်ဝင်ချင်ရင် ပေါင်းကူးပေးမယ်။ ဥပမာ ရှမ်းလူမျိုးဖြစ်ပေမယ့်လည်း ချင်းပြည်နယ်မှာနောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တယ်ဆိုရင်ရတယ်။ ချင်းပြည်နယ်ထဲကဆိုရင် အဆင်ပြေတယ်။ဒေသမှာ တာဝန်ထမ်းဆောင်တဲ့ဝန်ထမ်းတွေအတွက် တာဝန်ယူတယ်ဆိုတဲ့အပိုင်းပေါ့။ ” လို့ ZNP ပါတီရဲ့ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။
ဒါကြောင့် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်လိုတဲ့ CDM ဝန်ထမ်းတွေအနေနဲ့ အမည် ၊ မွေးသက္ကရာဇ် ၊ မှတ်ပုံတင်နံပါတ်၊ ဝန်ထမ်း ကတ်နံပါတ် ၊ ဌာနအမည်၊ တာဝန်စတင်ထမ်းဆောင်ခဲ့တဲ့ခုနှစ် နဲ့ တာဝန်နောက်ဆုံးထမ်းဆောင်ခဲ့တဲ့ လ နဲ့ ခုနှစ် ၊နေရာဒေသ ဖုန်းနံပါတ် (Viber) ၊ ဆက်သွယ်ဖို့ Emailလိပ်စာ ၊အချက်အလက် အားလုံးမှန်ကန်ကြောင်း ဝန်ခံကတိပြုချက် နိုဝင်ဘာ ၃၀ နောက်ဆုံးထားပြီး ZNP ပါတီကို ဆက်သွယ် ရမယ်လို့ဆိုပါတယ်။
” ပြန်လည်တာဝန်ထမ်းဆောင်ရမယ့်ရာထူးနဲ့ နေရာ ကိုတော့ အစိုးရက ဆုံးဖြတ်ပြီး ချပေးမှာပါ။ ” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ချင်းပြည်နယ်တွင်း ဝန်ထမ်းလိုအပ်ချက်အခြေအနေတွေ အပါအဝင် နိုင်ငံရေးအပြောင်းအလဲအကြားမှာ အကြောင်းအမျိုးမျိုးကြောင့် CDM လုပ်ခဲ့သူတွေ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ပါတီအနေနဲ့ ကြားဝင်ကူညီဆောင်ရွက်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
အစိုးရက လက်ရှိချင်းပြည်နယ်မှာ အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ဖော်ဆောင်နေတာကြောင့် သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းအင်အား ဖြည့်တင်လိုတာကြောင့် CDM တွေကိုကြိုဆိုကြောင်း ကျန်းမာရေးကဏ္ဍနဲ့ ပညာရေးကဏ္ဍကတော့ ဝန်ထမ်းလိုအပ်ချက် များတယ်လို့ သိရပါတယ်။
အစိုးရကလည်း လုပ်ငန်းခွင်ကွင်းကွာနေတဲ့ CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ကြောင်း ၊ ပြန်ဝင်ရောက်လုပ်ကိုင်လိုပါက သက်ဆိုင်ရာ ဌာနကို ဆက်သွယ်နိုင်ကြောင်း အကြိမ်ကြိမ် စာထုတ်ပြီး ဖိတ်ခေါ်မှုရှိထားပါတယ်။

Related posts

✕
VOM News

FREE
VIEW