မြေယာပြဿနာတွေမဖြစ်ဖို့ ရောင်းမှား ဝယ်မှား မဖြစ်အောင် သတိထားဖို့လို

မန္တလေး၊ စက်တင်ဘာ- ၁၇- ၂၀၂၆
SA(VOM)
မြန်မာနိုင်ငံတဝှမ်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာလယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့် လျှောက်ထားမှု မရှိပဲ အကွက်ရိုက်ပြီး ရောင်းချထားတဲ့ မြေကွက်တွေနဲ့ အဲ့ဒီနေရာတွေမှာ အဆောက်အဦဆောက်လုပ်ထားတာတွေကို ဒီရက်ပိုင်းမှာ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လိုက်လံရှင်း လင်းနေတယ်လို့ သိရပါတယ်။
လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့်မရှိပဲ အကွက်ရိုက်ပြီး ရောင်းချသူတွေဆီကနေ သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနမှာ မြေရာဇဝင် စစ်ဆေးမှုမရှိဘဲ အရပ်စာချုပ်နဲ့ ဝယ်ယူထားသူတွေ အများအပြားရှိနေပြီး သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က ကွင်းဆင်းစစ်ဆေးပြီး သိမ်းဆည်းတဲ့အခါ ဝယ်ယူထားသူတွေ အနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိနေလို့ ဝယ်ယူသူတွေ အနေနဲ့ သတိထားစိစစ်ပြီး ဝယ်ယူဖို့လိုအပ်ပါတယ်။
ဒီလိုပြဿနာတွေအများစုမှာ နောက်ဆုံးဝယ်ယူထားသူတွေသာ ရင်ဆိုင်ဖြေရှင်းကြရပြီး ဆုံးရှုံးခဲ့ကြရတဲ့ သာဓကတွေ ရှိနေသလို စာချုပ်ချုပ်ဆိုချိန်မှာ ပါဝင်ခဲ့ကြတဲ့ ရပ်ကျေးဥက္ကဋ္ဌ၊ ရာအိမ်မှူးအဖွဲ့ဝင်တွေ နဲ့ အရင်ရောင်းချသွားခဲ့တဲ့ သူတွေက ခေါင်းရှောင်နေတဲ့ ဖြစ်စဥ်တွေလဲ ရှိနေပါတယ်။
အမရပူရမြို့နယ်မှာ မြေယာပြဿနာ ရင်ဆိုင်နေရသူတဦးက “ကျမတို့ကို ရောင်းတုန်းက အဆင့်သုံးဆင့်လောက်ကိုပြောင်းသွားပြီ၊ ရွာမြေဆိုပြီး ပြောရောင်းတာ ကျမတို့ အဆောက်အဦးဆောက်တဲ့အချိန်မှာလည်း တစုံတယောက်ကမှ လာပြီးမတားဘူး၊ အသိပေးခြင်းလည်း မရှိခဲ့ဘူး၊ နောက်တခုက ကျမတို့ရပ်ကွက်ထဲမှာ ၂၀၁၉ မှာ အခြားနည်းသုံးစွဲ ကျခဲ့တာတွေရှိတယ်၊ ကျမတို့နဲ့ ဆွေးနွေးခြင်း ခေါ်ပြောခြင်း အသိပေးခြင်းလုပ်တာ မရှိဘူး၊ ကျမတို့ ဆောက်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သိတယ်လေ၊ အကွက်ရိုက်တာလည်း သူတို့သိမှာပဲ ဘယ်လိုဖြစ်ဖြစ် သိကိုသိတယ်၊ စာချုပ်မှာလည်း သူတို့လက်မှတ်ထိုးတွေပါတယ်၊ သူတို့ကမှ မတားမြစ်တော့ ကျမတို့က ရွာမြေပဲထင်တာပေါ့၊ သက်ဆိုင်သူတွေလည်းပါနေတော့ ယုံတာပေါ့၊ ပေးရတာပေါ့ စာချုပ် ချုပ်တုန်းကလည်း သူတို့ ရသင့်ရထိုက်သလောက် ရကြတာပေါ့၊ မပေးဘဲနဲ့လည်း မရဘူးလေ၊ အခုသူတို့ဖျက်မယ်ဆိုတော့လည်း ကျမတို့အိမ်ရှေ့ကို စက်ယန္တရားတွေရောက်လာမှ သိရတာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ဘာမှကို အသိမပေးဘူး၊ ကျမတို့အကွက်ထဲမှာဆိုရင် ဂရန်ကျတဲ့သူတွေရှိတယ်၊ တခြားနည်းသုံးစွဲခွင့်ကျတဲ့သူတွေရှိတယ်၊ ကျမတို့အမရပူရမှာ မြေယာပြဿနာတွေကို ရင်ဆိုင်နေရတာ အိမ်ခြေ တသောင်းကျော်နဲ့ လူဦးရေ ၄၀၀၀၀ ဝန်းကျင်မှာရှိတယ်၊ အခုနေနေတဲ့သူတွေက မရှိဆင်းးရဲသားတွေဖြစ်တယ်၊ မသိနားမလည်သူတွေဖြစ်တယ်၊ အဲ့ဒါတွေကြောင့်လည်း ထပ်ပြီးဝယ်နိုင်စရာအကြောင်းလည်း မရှိဘူး တကယ်ကို လမ်းဘေးရောက်ကျမှာ” လို့ ပြောပါတယ်။
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်း အဝေးတွေမှာလည်း ပုသိမ်ကြီး၊ မတ္တရာ၊ စဥ့်ကိုင်၊ တံတားဦး၊ အမရပူရ၊ ပြင်ဦးလွင် မြို့နယ်တွေကို ကိုယ်စားပြုတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်ကိုယ်စားလှယ်တွေက မြေယာပြဿနာတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေနဲ့ ဌာနဆိုင်ရာတွေက အရေးယူဖို့မေးခွန်းတွေ မေးမြန်းခဲ့တာကိုလည်း တွေ့ရပါတယ်။
တံတားဦးမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုက်ကြည်က ” မြေစာ ရင်းနဲ့ ထွေအုပ်က မသိတာမဟုတ်ဘူး သိတယ်၊ သိလျက်နဲ့ နောက်ဆုံးနစ်နာတဲ့သူကတော့ ပြည်သူကပဲ နောက်ဆုံးဝယ်ထားတဲ့သူက နစ်နာတာပဲလေ၊ အဲ့ဒီမေးခွန်းတွေလည်း မေးလိုက်တော့ လယ်တွေထဲမှာ အိမ်တွေဆောက်လို့မရတော့ဘူး အကုန်ရပ်ထားရတယ်၊ နို့တစ်စာတွေ ပို့ထားတယ်သူတို့က၊ အစက တည်းက ထိန်းခဲ့တယ်ဆိုရင် အဆင်ပြေတယ်လေ မထိန်းခဲ့တော့ ပြည်သူကပဲ ခံနေရတာ၊ တာဝန်ယူမှုတာဝန်ခံမှုတော့ရှိရမှာပေါ့သူတို့ကလည်း သိသိကြီးနဲ့ မှိန်းလုပ်တယ်၊ ပွဲစားတွေလည်း ထိုနည်း၄င်းပဲ အဲ့လိုတွေလုပ်ခဲ့တာ၊ လုပ်ခဲ့တဲ့အတွက် ဥပဒေအရ အရေးယူမယ်ဆိုတော့ သူတို့ပါ တရားစွဲလို့မရဘူးလားဆိုတော့ ရတယ်၊ သို့သော်လည်း ဒီလူတွေက မလုပ်ကြတဲ့အတွက် သူတို့က လွတ်နေတာ အဲ့သဘောပဲ၊ မြေစာရင်းလက်စွဲတွေလည်းရှိတယ်လေ မြေတိုင်းတွေက သူတို့တကယ်ထွက်နေမယ် ကွင်းဆင်းရမယ်၊ ထူးခြားဖြစ်စဥ်တွေ့တာနဲ့ သူတို့ဌာနကို တင်ပြရမယ် တာဝန်ကျေကျေထမ်းဆောင်မယ်ဆိုရင် ဒါတွေက အကုန်အဆင်ပြေသွားမှာ၊ တင်းတင်းကြပ်ကြပ်လုပ်ကိုင်ဆောင်ရွက်ချင်းမရှိလို့ ဒီလိုတွေဖြစ်နေတာ၊ ဝယ်တဲ့သူတွေဘက်ကလည်း မြေစာရင်းမှာ တရားဝင်စစ်မယ် ပိုင်ဆိုင်မှုအတွက် အခွန်ထမ်းဆောင်တာတွေလုပ်မယ်ဆိုရင်တော့ အဆင်ပြေမှာပေါ့၊ ဝယ်တဲ့သူတွေကလည်း အခွန်ရှောင်ကြတဲ့အနေအထားတွေရှိလို့ ဒီလိုတွေရှုပ်ကုန်တာ” လို့ VOM ကိုပြောပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးထားတဲ့ လယ်မြေပေါင်း ၁၀,၈၃, ၅၇၃ ခု၊ ဥယျာဉ်ခြံပေါင်း ၁၉,၁၀,၃၄၈ ခု၊ ဧရိယာပေါင်း ၃၃,၅ ၈,၇၀၉.၁၆ ဧက ရှိတယ်လို့ သိရပါတယ်။
လယ်ယာမြေ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေနဲ့ ပုဒ်မ ၁၂ (က) သတ်မှတ်စည်းကမ်းချက်များကို လိုက်နာခြင်း မရှိဘဲ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ ပုဒ်မခွဲ (ခ) လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်း သုံးစွဲခြင်း မပြုရ၊ ပုဒ်မခွဲ (ဃ) လယ်ယာမြေနှင့် စပ်လျဉ်း၍ သက်ဆိုင်သူများအကြား သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အစည်းအသီးသီးက ဥပဒေနှင့်အညီ ချမှတ်ထားသော အမိန့်ကို လိုက်နာရမည်၊ ပုဒ်မ ၁၉ ဒီဥပဒေ ပုဒ်မ ၁၂ အရ စည်းကမ်းချက် အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင် သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သည် ဒီဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် အောက်ဖော်ပြပါ အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက် ပို၍ဖြစ်စေ ချမှတ်နိုင်သည်
(က) သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊
(ခ) သတ်မှတ်နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊
(ဂ)လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
(ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်း။
ပုဒ်မ ၂၀ (က) ပုဒ်မ ၁၉ အရ ချမှတ်သည့် အမိန့်ကို လိုက်နာခြင်းမရှိသော မည်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူကိုမဆို အဲ့ဒီ အမိန့်ပါ သတ်မှတ်ရက် ကျော်လွန်ပါက မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ကသော်လည်းကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော်လည်းကောင်း သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုနိုင်တယ်လို့သိရပါတယ်။
ပုဒ်မ ၂၀ (ခ) ပုဒ်မ ၁၃ အရ ချမှတ်သည့် အမိန့်ကို လိုက်နာခြင်းမရှိသော မည်သူ့ကိုမဆို ယင်းအမိန့်ပါ သတ်မှတ်ရက် ကျော်လွန်ပါက သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ကသော်လည်း ကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော် လည်းကောင်း သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
လက်ရှိ မန္တလေးတိုင်းအတွင်း ပုသိမ်ကြီးမြို့နယ်၊ အမရပူရခရိုင်နဲ့ ပြင်ဦးလွင်ခရိုင်အတွင်းမှာ မြေယာပြဿနာအရှုပ်အရှင်းအများဆုံး ဖြစ်ပွားနေတဲ့ နေရာတွေ ဖြစ်ပါတယ်။
ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ရှိတဲ့ နန်းဦးလွင်၊ ကံကောက်၊ သမ္မတော၊ မဲကင်းကုန်း နဲ့ အစရှိတဲ့ နေရာတွေက သတိထားပြီး ဝယ်ယူရမယ့် နေရာတွေဖြစ်တယ်လို့ သိရပါတယ်။
အမရပူရခရိုင်အတွင်းမှာတော့ ရှမ်းကလေးကျွန်းရွာ၊ ယဥ်တော်ကျေးရွာအုပ်စု၊ ငယ်တိုးတိုက်နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စုတွေက အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတလျှောက်နေရာတွေမှာ လက်ရှိအချိန်ထိ မြေယာပြဿနာတွေရှိနေတယ်လို့ သိရပါတယ်။
အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်မယ့် စီးမံကိန်းတွေဖြစ်တဲ့ ကော်ဖီစီမံကိန်း၊ သစ်တောစီမံကိန်း၊ ပိုးစာစီမံကိန်း စတဲ့ စီမံကိန်းမျိုးစုံအတွက် လျာထားတဲ့ ဧရိယာအတွင်းက မြေတွေကိုစီမံကိန်းမဖော်ဆောင်ခင်မှာ တချို့က ခိုင်မှာမှုရှိတယ်ဆိုကာ အကွက်ရိုက်ရောင်းချပြီး စီမံကိန်းအကောင်အထည်ဖော်လာတဲ့အချိန် ဖယ်ရှားခံရတာကြောင့် ဝယ်ယူထားသူတွေအနေနဲ့ နစ်နာဆုံးရှူံးခဲ့ရတဲ့ သာဓကတွေ အများအပြားရှိခဲ့ပါတယ်။
ဒီလိုပြဿနာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သတိထားဆောင်ရွက်ဖို့ သက်ဆိုင်ရာက သတိပေးဆောင်ရွက်နေတာဖြစ်ပါတယ်။

Related posts

VOM News

FREE
VIEW