ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေစဉ် ဘူးသီးတောင် နဲ့ မောင်တောကို AA က ညမထွက်ရ အမိန့်ထုတ်

ရခိုင် ၊ ဧပြီ ၂၇ – ၂၀၂၄
GG (VOM)
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နဲ့ မောင်တောမြို့နယ်ကို ဧပြီလ ၂၆ ရက်နေ့ကစပြီး ည ၇ နာရီမှ မနက် ၆ နာရီအတွင်းညမထွက်ရအမိန့်ကို AA က ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေစဉ် ဘူးသီးတောင် နဲ့ မောင်တောကို AA က ညမထွက်ရ အမိန့်ထုတ်
ရခိုင်ပြည်နယ်အတွင်း စစ်တပ်နဲ့ AA တို့အကြားတိုက်ပွဲတွေဆက်ဖြစ်နေပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့တွေမှာပါ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ရှိနေရာ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲက ပိုမိုပြင်းထန်လာနေတယ်လို့ဆိုပါတယ်။
တိုက်ပွဲပြင်းထန်မှုနဲ့အတူ တဖက်မှာလည်းမတူညီတဲ့အဖွဲ့အစည်းတွေအကြား ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများဖြစ်ပွားလာ စေရန်လုပ်ဆောင်မှုတွေရှိလာတဲ့အပြင် ပြည်သူပိုင် ပစ္စည်းဥစ္စာ ကို ဖောက်ထွင်းခိုးယူခြင်း၊ မီးရှို့ခြင်းအပါအဝင် ခြိမ်းခြောက်မှုရှိနေတာကြောင့် ဘူးသီးတောင်နဲ့ မောင်တော ဒေသမှာ ညမထွက်ရအမိန့်ကိုထုတ်ပြန်လိုက်တာဖြစ်တယ်လို့ AA ထုတ်ပြန်စာမှာရေးသားထားပါတယ်။
” ဘူးသီးတောင်က တမြို့လုံးနီးပါးပဲ စစ်ရှောင်နေကြတာ ဆိုတော့ အခြေအနေကသိပ်မသိဘူး။ အိမ်တွေလည်းမီးရှို့ခံနေရတယ်။ဘယ်သူမှလည်း မပြန်နိုင်ကြဘူး။မြို့မှာကျန်လည်း သိပ်မကျန်လောက်ဘူး။ဖုန်းလိုင်းတွေလည်းမရဘူးပြတ်တောက်နေတယ် “လို့ ဘူးသီးတောင်မြို့စစ်ရှောင်သူတယောက်ကပြောပါတယ်။
AA ကတော့ ညမထွက်ရအမိန့်ကို လိုက်နာဖို့ ပျက်ကွက်သူရှိပါက ထိုက်တန်တဲ့ အပြစ်ပေး အရေးယူမှုကို လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့အကယ်၍ မဖြစ်မနေသွားလာ ရမယ့် ကိစ္စရပ်ရှိပါက သက်ဆိုင်ရာ ULA အုပ်ချုပ်ရေးတာဝန်ခံတွေဆီ ကြိုတင်အကြောင်းကြားကာ ခွင့်ပြုချက်ရယူပြီးမှ သွားလာကြဖို့ သတိပေးထားပါတယ်။
မောင်တော မြို့နဲ့ဘူးသီးတောင်မြို့မှာ တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့ပြီး နောက်မှာ တိုက်ပွဲတွေပြင်းထန်ပြီး တိုက်ပွဲအကြားအရပ်သားသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။
ဒါအပြင် ဘူးသီးတောင်မြို့နယ်မှာ ရခိုင်ပြည်သူတွေရဲ့နေအိမ် ၂၀၀ ကျော်လောက်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းအဆိုပါ နေအိမ်တွေမီးလောင်မှုအပေါ် နစကနဲ့AA တို့က အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေရှိခဲ့ပါတယ်။
လက်ရှိအချိန်ထိလည်း မောင်တော နဲ့ဘူးသီးတောင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဘူးသီးတောင်-မောင်တောကားလမ်းကို AA ကထိန်းချုပ်ထားပြီး မြို့ကိုထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်မှာတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး AA နဲ့ နစကတပ်တွေအကြား တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ပွဲစတင်ဖြစ်ချိန်ကတည်းက ရခိုင်ပြည်နယ်ကို အဓိကဝင်ရောက်နိုင်တဲ့ ကုန်လမ်းကြောင်း၊ရေလမ်းကြောင်းတွေကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာ လက်ရှိအချိန်ထိဖြစ်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW