အောက်တိုဘာ ၂၂၊ ၂၀၂၆
Shy V(VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ မုံးကိုးမှာ တရုတ်နိုင်ငံသားတွေထက် မြန်မာနိုင်ငံသားတွေ နေထိုင်ခွင့်ကြေး ပိုပေးဆောင်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နေထိုင်ခွင့်ကတ် လုပ်တာ တရုတ်နိုင်ငံသားတွေကို ဆိုရင် တနှစ်လုံးမှာမှ တရုတ်ငွေ ယွမ် ၂၀၀ စွန်းစွန်းပဲ ယူတယ်။ ကျနော်တို့ မြန်မာ နိုင်ငံသားတွေကိုကျတော့ တနှစ်ကို ယွမ် ၃၆၀ ယူတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားပဲ။ ဘာလို့ ဒီလို ယူလဲ၊ မတရားဘူးလို့ ပြောတော့ လာမရှုပ်နဲ့ လို့ပြောတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ကိုးကန့် MNDAA ထိန်းချုပ် နယ်မြေတွေမှာတော့ တရုတ်နိုင်ငံရဲ့ မူဝါဒ အတိုင်းကျင့်သုံး နေပြီး MNDAA ထိန်းချုပ်နယ်ေမြက ဒေသခံ မဟုတ်တဲ့ တခြားဒေသခံ မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားတွေ အခက်ကြုံနေကြရတယ်လို့ သူက ပြောပါတယ်။
“ကိုးကန့် ထိန်းချုပ်နယ်မြေက ဒေသခံတွေ တခြားဒေသက အလုပ်သမားခေါ်ရင် အာမခံပေးရတယ်။ နေထိုင်ခွင့်ကတ် လုပ်ပေးရတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ကြံခုတ်တဲ့ အချိန်ဆိုရင် ကြံခင်း တခင်းကို တပတ်လောက်နဲ့ ပြီးသွားလို့ တခြားခြံပြောင်းမယ်ဆိုရင် အဲဒီ ခြံပိုင်ရှင်က အခွန်ထပ်ဆောင်ရပြန်တာကြောင့် ခြံပိုင်ရှင်တွေ တခြားဒေသခံ လုပ်သားတွေ ခေါ်ယူမရပဲ ကြံခုတ်ချိန် အလုပ်သမား အခက်အခဲနဲ့ ကြုံကြုံနေရတယ်လို့ ဆိုပါတယ်။
တရုတ်နယ်စပ်ဒေသ တလျှောက် တရုတ်နိုင်ငံသားတွေ ဝင်ရောက် လွှမ်းမိုးမှု တဖြည်းဖြည်း ပိုများလာပြီး မြန်မာနိုင်ငံ အတွင်း မြန်မာနိုင်ငံသားတွေ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်မရတော့ပဲ မြန်မာ့မြေမှာ မြန်မာတွေဈေးကြီးပေး နေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd# ဒေသခံ
