အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်တဲ့အခါ ငွေဖြတ်သွားပေမယ့် ငွေ​ပေးချေမှုမအောင်မြင်ဘူးဆိုလို့ အခက်ကြုံ

အောက်တိုဘာ ၂၂ ၊ ၂၀၂၆
GG (VOM)
အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်ယူရာမှာ KBZ Pay ကနေငွေဖြတ်သွားပေမယ့် ငွေပေးချေမှုမအောင်မြင်ဘူးဆိုပြီး လက်မှတ်ဖြတ်မရတဲ့ ပြဿနာ တက်နေတယ်လို့ ရထားစီးနင်းသူတွေဆီက သိရပါတယ်။
” လက်မှတ်ဖိုးက Kpay ထဲကဖြတ်သွားပေမယ့် E ticket က မကျလာဘဲ ငွေပေးချေမှုမအောင်မြင်ပါဆိုပြီး ဘဲပေါ်လာတယ်။ အခုထိလည်း ပိုက်ဆံပြန်မဝင်လာသေးဘူး ။ မနက်ကျမှ ORTP ကိုဆက်သွယ်ကြည့်ရမှာပါ ။ တချို့ကတော့ ပြန်ရတယ်ပြောတယ်။ ” လို့ မီးရထားစီးနင်းသူတယောက်က ပြောပါတယ်။
ဒါအပြင် ခုံအလွတ်ဖြစ်ကြောင်း အစိမ်းရောင်ပြနေပေမယ့် ခုံဝယ်ယူတဲ့အခါ.ဝယ်ယူလို့မရတဲ့ Error လည်း တက်နေတာကြောင့် ရထားလက်မှတ်ဖြတ်တဲ့နေရာမှာ အဆင်မပြေ ဖြစ်နေရတယ်လို့ သိရပါတယ်။
ရထားလက်မှတ်ကို အွန်လိုင်းကနေဖြတ်ရတဲ့ စနစ်က အင်တာနက်အခက်အခဲတွေကြောင့်လည်း အဆင်မပြေမှုတွေကြုံရကြောင်း ၊ လက်မှတ်ရရှိဖို့အရေး ည ၁၂ နာရီအထိစောင့်ဆိုင်း ဝယ်ယူရပေမယ့်လည်း လိုင်းမကောင်းတဲ့အတွက် ဝယ်ယူတဲ့နေရာမှာ ကြန့်ကြာပြီး အဆင်မပြေဘဲ ခုံမရတာတွေလည်း ရှိနေတယ်လို့သိရပါတယ်။
” ခုံတွေက စိမ်းနေလို့ ဝင်ရွေးနေရင်း error တက်လို့ နောက်တခေါက်ပြန်ဝင်ရင် ခုံကမရှိတော့ဘူး။ တခါတလေကျ ခုံစိမ်းနေရက်နဲ့လည်းဝယ်မရဘူး။ ည၁၂ ဝယ်မှ လက်မှတ်ကရတော့ စုပြုံဝယ်တော့ အင်တာနက်ကောင်းတဲ့သူက မြန်မြန်ဆန်ရသွားတာလည်းဖြစ်နိုင်တယ်လို့တော့ထင်တယ်။ခုံအရေအတွက်ကလည်း နည်းနေတာပါတယ်။ ” လို့ ရထားစီးနင်းသူနောက်တယောက်က ပြောပါတယ်။
ခုနောက်ပိုင်းမှာ ရထားလက်မှတ်ကို အွန်လိုင်းကနေဝယ်ယူလို့ရလာတဲ့အတွက် ရထားစီးနင်းသူအရင်ကထက်ပိုများလာပြီး ပြေးဆွဲပေးတဲ့ ရထားအစင်းအရေအတွက်က နည်းတာကြောင့် စီးနင်းတဲ့လူဦးရေနဲ့ မမျှဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် ရန်ကုန် – မန္တလေး လမ်းပိုင်း ၊ ရန်ကုန် – ပြည် နဲ့ ရန်ကုန် – မော်လမြိုင် လမ်းပိုင်းကို DEMU အဲကွန်းရထားပိုတိုးချဲပြေးဆွဲပေးဖို့ လိုလားနေကြပါတယ်။
အခုလို အွန်လိုင်းကနေရထားလက်မှတ်ဖြတ်ရာမှာ လက်မှတ်ဖိုးကျသင့်ငွေကို ဖြတ်သွားပြီး ငွေပေးချေမှုမအောင်မြင်ကြောင်းပြကာ လက်မှတ်မရတဲ့ Error တက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ မြန်မာမီးရထားမှ ပြောရေးဆိုခွင့်ရှိသူထံကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ORTP Info by မြန်မာ့မီးရထားရဲ့ လူမှုကွန်ယက် စာမျက်နှာမှာတော့ လက်မှတ်ဝယ်ယူတဲ့အခါ ငွေပေးချေမှု အောင်မြင်ပြီး လက်မှတ်မကျလာခဲ့ရင် လက်မှတ်ကို ထပ်မံဝယ်ယူခြင်းအပြုဘဲ“ဝယ်ယူထားသော E-Ticket ကို ပြန်လည်ရယူရန်” ဆိုတဲ့အထဲကိုဝင်ပြီး ဝင်ရောက်စစ်ဆေးကြည့်ဖို့ အသိပေးထားပါတယ်။
ဒါအပြင်ရထားလက်မှတ် ဝယ်ယူရာမှာ အကြောင်းအမျိုးမျိုးကြောင့် ငွေဖြတ်သွားပြီး E-Ticket မရရှိခဲ့ပါက ORTP Call Center Hotline – 1188 ဆက်သွယ်အကြောင်းကြားရမှာဖြစ်ပြီး ဆက်သွယ်တင်ပြလာတဲ့အပေါ်ကိုမှ တာဝန်ရှိသူတွေက စစ်ဆေးအတည်ပြုပြီး မှန်ကန်ရင် မူလပေးချေခဲ့တဲ့ အကောင့်ကို တိုက်ရိုက် ငွေပြန်လည် လွှဲပြောင်းပေးမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်ယူတဲ့အခါ ခရီးစဉ်အစအဆုံး ဘူတာအတွက်ဆိုရင် ၇ ရက် ကြိုတင်ကာ ဝယ်ယူနိုင်ပြီး ကြားဘူတာအတွက်ဆိုရင်တော့ ၃ ရက် ကြိုတင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
ရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူလို့ရတဲ့စနစ်ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW