သူတို့အိမ် အခန်း (၂၄၉)

ဆူးငှက်

 

ကျွန်တော့် အလုပ်အကိုင်တွေ
————————————
ကျွန်တော့် ကံက အလုပ်အကိုင်နှင့် ပတ်သက်လျှင် မပျော် ၇နှစ် ဟု ပြောရမလို ဖြစ်သည်။ ဘွဲ့ရပြီး ပထမဆုံးဝန်ထမ်း အဖြစ် တာဝန်ယူအလုပ်ဝင်သောအခါ နဂိုက ပျော်သည်၊ နောက်တော့ အခြေအနေအရ အလုပ်က နှုတ်ထွက်လိုက်တော့ လုပ်သက်က ၇နှစ်ကြာသည်။ ထို့နောက် ဒေါ်ဒေါ်လူထုဒေါ်အမာ၏ လူထုကြီးပွားရေး စာအုပ်တိုက်တွင် အမှုထမ်းခဲ့သည်။ အလွန်ပျော်ပါ၏။ ၁၀နှစ်ကြာခဲ့သည်။ ထို့နောက် မီဒီယာကြီး တစ်ခု၏ မန္တလေးရုံးခွဲ တာဝန်ခံ ဖြစ်ခဲ့သည်။ ၂၀၀၄ခုနှစ် မှာ အလုပ်စတင် ဝင်ပြီး ၂၀၁၁ခုနှစ်မှာ အလုပ်က အနားယူလိုက်တော့ ၇နှစ်ကြာသည်။

 

ထို့နောက် သဘာဝအမည်ရှိ ဓာတ်ပုံမဂ္ဂဇင်းကို အယ်ဒီတာချုပ်တာဝန်ဖြင့် လုပ်ကိုင်ခဲ့သည်။ ကိုယ့်လူ၊ ကိုယ့်ရုံးခန်း၊ ကိုယ့်ခြေ ကိုယ့်လက်မို့ အစစ အဆင်ပြေပါ၏။ သို့သော် မဂ္ဂဇင်းက ရေရှည်မခံ ၂၀၁၁ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ မဂ္ဂဇင်း ၂၂အုပ်ထုတ်ပြီး ရပ်နား လိုက်ရသည်။ ကျွန်တော်ပြောချင်တာက အလုပ်အကြောင်းမဟုတ်။ ထိုသဘာဝမဂ္ဂဇင်း ထုတ်နေစဉ် မဂ္ဂဇင်းရုံးခန်း၌ အစည်းအဝေးထိုင် အလုပ်ရှုပ်နေစဉ် ရပ်ကွက်ထဲက တစ်ယောက်က မဂ္ဂဇင်းတိုက်သို့ အပြေးအလွှားရောက်လာပြီး ကျွန်တော့်ကို လာခေါ်သည်။

 

 

အလှူမှာပင် VIP တဲ့
—————————-
အကျိုးအကြောင်းမေးတော့ ရပ်ကွက်ထဲက ဓမ္မာရုံမှာ လူစုခိုင်းပြီး ခရိုင်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အကွက်ပြန်ရိုက်ဖို့ ပြောဟောပြီး လက်မှတ်တွေ ထိုးခိုင်းနေတာ ဘာမှန်းမသိလို့ လိုက်ခဲ့ပါဦးတဲ့။ ကျွန်တော်က “ရပ်ကွက်ထဲမှာ နားကြီးမျက်စေ့ကြီး လူတွင်ကျယ် လူ့အရာရောက် အထက်လွှာ ပေါက်ရောက်သူတွေ အများကြီး ရှိတာပဲဗျာ၊ ကျွန်တော်လို လို့လား” ဟု လူ့အတ္တစိတ်ဖြင့် ပြောလိုက်မိသည်။ လူ့အတ္တစိတ်ဟု ပြောရသည်မှာ ထိုစဉ်ကာလက ကြောင်းခြင်းရာ တစ်ခုကြောင့် ဖြစ်သည်။ ရပ်ကွက်ထဲမှာ အလှူကြီး တစ်လှူပေးသည်။ စုဒီသာ အကျွေးအမွေးနှင့်မို့ စည်ကားလှသည်။

 

အလှူသို့ ကျွန်တော့်ဘေးအိမ်က အန်တီစံသမီး မွန်မွန်စန်းနှင့် သွားကြသည်။ မဏ္ဍပ်အတွင်းလည်း ထိုင်စရာမရှိ၊ ထမင်းကျွေးရုံမှာလည်း ကျိတ်ကျိတ်တိုး၊ အလှူ့ဒကာ ဒကာမကလည်း လက်မလည်အောင် ဧည့်ခံနေရသည်။ မွန်မွန်စန်းက ကျွန်တော့်ကို အားနာလို့ထင်သည်။ မဏ္ဍပ်ထဲ ထိုင်စရာ မရှိသောကြောင့် အလှူရှင်၏ အိမ်ထဲသို့ ခေါ်ကာ လွတ်နေသော နေရာမှာ ထိုင်ခိုင်းသည်။ သည်တွင် ရပ်ကွက်ထဲက ဧည့်ခံတာဝန်ခံက လာပြီး ဒီနေရာက ထိုင်လို့ မရဘူးတဲ့။ ဗီအိုင်ဗီ ဧည့်သည်လာမှာမို့ ဖယ်ပေးပါတဲ့။ ထို့ကြောင့် ကျွန်တော်လည်း ပြန်ခဲ့ပါ၏။ ထို ကြောင်းချင်းရာက ကျွန်တော့်စိတ်မှာ အဖုအထစ်ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ရပ်ကွက်ထဲက လာခေါ်သူကို ကျွန်တော်က ပြောမိဆိုမိခြင်း ဖြစ်သည်။ သို့သော် ကျွန်တော် ချက်ချင်း လိုက်သွားပါသည်။

 

အကွက်ပြန်ရိုက်ပြီး နေရာပြန်ချမယ်တဲ့
—————————————-
ရပ်ကွက်ဓမ္မာရုံထဲ ရောက်တော့ ရပ်ကွက်လူထုက ဓမ္မာရုံ အပြည့်ဖြစ်ရုံမက အပြင်ဘက်ထိ လျှံထွက်နေသည်။ လူ ၄၀၀ကျော်လောက ်ရှိမည်။ ဓမ္မာရုံ၏ ဘုရားခန်းမှာ ဗီနိုင်းကြီး တစ်ချပ် ချိတ်ထား၏။ ရှေ့မှာ ခ.ယ.က ဥက္ကဋ္ဌ ဆိုသူက တိုက်ပုံဝတ်နှင့် ထိုင်နေကာ ဘေးမှာ ဝန်ထမ်းများ၊ မြို့နယ်က တာဝန်ရှိသူများလည်း ပါသည်။ ကျွန်တော်ရောက်တော့ ရပ်ကွက်က ကျွန်တော့်မိတ်ဆွေများ ဖြစ်သည့် ဦးသန်းထိုက်တို့၊ ကိုစောနိုင်တို့ ကိုဝင်းဇော်တို့ ကိုမြင့်အောင်တို့ ကိုစီပေါတို့က ရှေ့သို့ ခေါ်ပြီး ခ.ယ.က ဥက္ကဋ္ဌနှင့် မိတ်ဆက်ပေးသည်။ ခ.ယ.က ဥက္ကဋ္ဌ က ရပ်ကွက် ကို မြို့ပြအင်္ဂါရပ်နှင့်အညီ လမ်းတွေဖောက် လမ်းမီးတွေထွန်း မြောင်းတွေဖောက်မှာမို့ ရပ်ကွက်ကို အခုဗီနိုင်းပါ ပုံစံအတိုင်း အကွက်ပြန်ရိုက်ပေးမည့် အကြောင်း ရပ်ကွက်ကို လာရှင်းပြ သဘောထားယူသည်ဟု ဆိုသည်။ ရပ်ကွက်ကလည်း ကိုယ့်ရပ်ကွက်မှာ လမ်းတွေ မြောင်းတွေလမ်းမီးတွေ ဖြစ်လာမှာမို့ သဘောတူကြပါသည်ဟု ပြောသည်။
ကျွန်တော်က အံ့အားသင့်သွားသည်။ ယခင်နှစ်က မြို့တော်ဝန်ကိူယ်တိုင် ကျွန်တော့်ကို သရက်ကုန်းရပ်ကွက် စီမံကိန်းကို ဒုချုပ်ကိုယ်တိုင် နေပြည်တော်က ရပ်ခိုင်းထားတယ် ပြောတာ၊ အခု ဘယ်လို ပြန်ဖြစ်ပြန်သလဲဟု အံ့အားသင့်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်က ချိတ်ထားသော ဗီနိုင်းကို သေချာကြည့်လိုက်သည်။ ရပ်ကွက် တစ်ခုကို အကွက်ရိုက်ထားသည့် မြေပုံ ဖြစ်သည်။ သရက်ကုန်းရပ်ကွက် လေလား ဟု တွေးပြီး ကိုယ့်အိမ်နေရာ ရှာကြည့်သည်။ မတွေ့။ ထို့နောက် ဗီနိုင်း၏ ခေါင်းစည်းကို ဖတ်ကြည့် လိုက်သည်။

 

သရက်ကုန်းက မီးလောင်ထားတဲ့ ရပ်ကွက်မှ မဟုတ်တာ
—————————————————————-
“ (………) နေ့က မီးလောင်သွားသည့် ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်၊ အကွက်နံပတ်(….) အား ပြန်လည်နေရာချထားမည့် မြေပုံ” တဲ့။ သည်တင် ကျွန်တော်က ရုပ်ခနဲ မတ်တပ်ရပ်ပြီး “ရပ်ကွက်လူထုကြီး ခင်ဗျား၊ အခု လူကြီးမင်းတို့ ရှေ့မှာ ချိန်ဆွဲထားတဲ့ ဗီနိုင်းက ကျွန်တော်တို့ ရပ်ကွက် မြေပုံ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ လက တစ်ရပ်ကွက်လုံး မီးလောင်သွားတဲ့ တမ္ပဝတီ ရပ်ကွက်ထဲက ရပ်ကွက်လေး တစ်ခုရဲ့ မြေပုံပါ။ မီးလောင်သွားတဲ့ ရပ်ကွက်ကို ရှင်းလင်းပြီး မီးသတ်ကားတွေ ဝင်နိုင်အောင် လမ်းတွေဖောက်၊ မြောင်းတွေဖော်၊ အိမ်ရာတွေ အကွက်ပြန်ရိုက်ပြီး နေရာချပေးတာ သဘာဝကျပါတယ်။ အခု ကျွန်တော်တို့ရပ်ကွက်က မီးလောင်ပြာကျထားတဲ့ ရပ်ကွက်လားဗျ ( ရက်ကွက်လူထု – မဟုတ်ပါဘူး)၊ မီးသတ်ကားတွေ မဝင်နိုင်လောက်အောင် လမ်းတွေ မရှိတဲ့ ရပ်ကွက်လား ( မဟုတ်ပါဘူး၊ လမ်းတွေ အကျယ်ကြီးပါ)၊ ဒါဆို ကျွန်တော်တို့ ရပ်ကွက်ကို လမ်းဖောက် အကွက်ပြန်ရိုက်ဖို့ လိုပါသလား (မလိုပါဘူး၊ မလိုပါဘူး)။

 

ဒါဆို အခု ခ.ယ.က ဥက္ကဋ္ဌကြီးမိန့်ကြားတဲ့ သရက်ကုန်းရပ်ကွက်ကို အကွက်ပြန်ရိုက် နေရာချထား ပေးမယ်ဆိုတဲ့ အစီအစဉ်ကို သဘောတူကြပါသလား (သဘောမတူပါဘူး)၊ သရက်ကုန်းရပ်ကွက်ကို အကွက်ပြန်ရိုက် နေရာချထားပေးမယ်ဆိုတဲ့ အစီအစဉ်ကို သဘောတူကြပါသလား (သဘောမတူပါဘူး)၊ သရက်ကုန်း ရပ်ကွက်ကို အကွက်ပြန်ရိုက် နေရာချထား ပေးမယ်ဆိုတဲ့ အစီအစဉ်ကို သဘောတူကြပါသလား (သဘောမတူပါဘူး)၊ ကိုင်း.. ရပ်ကွက်လူထုကြီးကို ၃ကြိမ် ၃ခါ ဆန္ဒ ယူတဲ့အခါ သရက်ကုန်းရပ်ကွက်ကို အကွက်ပြန်ရိုက် နေရာချထားပေးမယ်ဆိုတဲ့ အစီအစဉ်ကို ရပ်ကွက်လူထုကြီး ဆန္ဒအရ သဘောမတူပါကြောင်း အတည်ပြုပါတယ်ခင်ဗျား၊ တစ်ဆက်တည်းပဲ ဥက္ကဋ္ဌကြီးနှင့် အဖွဲ့ကို ကျွန်တော်တို့ သရက်ကုန်းရပ်ကွက်ဟာ လမ်းတွေ မြောင်းတွေ လမ်းမီးတွေနဲ့အတူ အိမ်ရာများလည်း စည်းကမ်းနဲ့အညီ စံနစ်တကျ တည်ဆောက်ထားပုံကို ရပ်ကွက် တစ်ပတ် လိုက်လံ ပြသပါမယ်၊ ရပ်ကွက်လူထုကြီးက မပြန်ကြပါနဲ့ဦး၊ ကျွန်တော်တို့ ရပ်ကွက် သာယာရေး လူမှုရေးကိစ္စတွေ တဆက်တည်း စည်းဝေးကြမှာမို့ ခေတ္တခဏနားရင်း စောင့်ပေးကြပါဗျား” ဟု တစ်ဆက်တည်း ပြောလိုက်သည်။

 

မြေတစ်ကွက်လောက် ပေးပါ
——————————
ဤသို့ဖြင့် ရပ်ကွက်ထဲက ဦးသန်းထိုက်၊ ကိုစောနိုင်၊ ကိုဝင်းဇော်၊ ကိုမြင့်အောင်တို့ ကားများနှင့် ဥက္ကဋ္ဌနှင့် အဖွဲ့ကို တင်ဆောင်ပြီး ရပ်ကွက်ထဲ လှည့်ပတ်ပြသည်။ ထို့နောက် ၂၅လမ်းနှင့် မြို့ပတ်လမ်းနှင့် ၅၃လမ်းကြားက ထနောင်းပင်ကြီး အရိပ်တွင် ကားပေါ်က ဆင်းပြီး အနီးက ဧကကွက်ကြီးများ၏ ပိုင်ရှင်များ အမည်ကို ပြောပြပြီး မြေရာဇဝင်ကို ဥက္ကဋ္ဌအား ရှင်းပြရသည်။ ဥက္ကဋ္ဌလည်း ဘုမသိဘမသိနှင့် အပေါ်က ခိုင်းလို့သာ လာလိုက်ရပုံထင်သည်။ အံ့အားတသင့်၊ ပြန်ကြဖို့ ကားပေါ်တက်တော့ ဥက္ကဋ္ဌ က ကျွန်တော့်ကို တိုးတိုး ကပ်ပြောသည်။ သူ့အတွက် မြေတစ်ကွက်လောက် မရနိုင်ဘူးလား တဲ့။ ကျွန်တော်က မူလ လယ်မြေများကို အကွက်ရိုက်ပြီး ခွဲယူကြသည့် ရပ်ကွက်မဟုတ်ကြောင်း၊ မူလ မြေပိုင်ရှင်များထံက ချွေးနည်းစာဖြင့် တန်ရာတန်ကြေး ပေး၍ ဝယ်ယူထားကြသည့် မြေဖြစ်ကြောင်း၊ ထို့ကြောင့် တန်ရာတန်ကြေးပေးဝယ်မှ ရမည့်မြေဖြစ်ကြောင်း ရှင်းပြလိုက်ရသည်။
ထို့နောက် သူတို့လည်း ဗီနိုင်းကြီး ဖြုတ်ကာ တပ်ခေါက် ပြန်သွားကြတော့သည်။ ကျွန်တော်တို့က ဓမ္မာရုံသို့ ပြန်သွားကာ စောစောသည့် သဘောထားယူ ဆုံးဖြတ်ခဲ့သည့် အချက်ကို စာဖြင့် မျတ်တမ်းတင်ပြီး ရပ်ကွက် အိမ်ထောင် ဦးစီးများ၏ လက်မှတ်ထိုးများနှင့် သက်ဆိုင်ရာသို့ တရားဝင် စာတင်နိုင်ဖို့ ထပ်မံ စည်းဝေးကြရသည်။ ရပ်မိရပ်ဖများ ဖြစ်သည့် ဦးသန်းထိုက်၊ ကိုစောနိုင်၊ ကိုဝင်းဇော်၊ ကိုမြင့်အောင်တို့ အသီးသီး ပြောဆို ရှင်းပြကြသည်။ ထို့နောက် ကျွန်တော်က ရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကို ထ၍ ရှင်းလင်းစဉ် ကျွန်တော်သည်ပင်လျှင် သာမန် လူတစ်ယောက်မို့ ဓမ္မာရုံတွင် စုရုံးရောက်ရှိနေသော တစ်ရပ်ကွက်လုံးက အိမ်ထောင်ဦးစီး လူအယောက် ၄၀၀ကျော်ရှေ့တွင် လူ့အတ္တစိတ်ရိုင်းကို မထိန်းနိုင် မသိမ်းနိုင်ဘဲ ရင်ဖွင့် ပြောချ လိုက်တော့သည်။ မတတ်နိုင်။

 

 

လိုရာသုံး ဆူးငှက်
———————-
ထိုနေ့က ခ.ယ.က အဖွဲ့ပြန်သည်နှင့် ဓမ္မာရုံမှာ ရပ်ကွက်လူထုနှင့် အစည်းအဝေးပြုလုပ်သည်။ ရပ်ကွက် ဓမ္မာရုံ အမည်က အလိုတော်ပြည့် ဓမ္မာရုံတဲ့။ သည်နံမည် အမည်ပေးသည်ကလည်း ပြောစရာလေးရှိသည်။ ရပ်ကွက်ဓမ္မာရုံကို နံကပ် သွပ်မိုးလေးနှင့် ဘုရားဆောင်နှင့် တံခွန်တိုင်နှင့် ကြည်ညိုဖွယ်လေး ဖြစ်သွားသောအခါ ထုံစံအတိုင်း ဓမ္မာရုံဘွဲ့အမည်လေး ပေးကြသည်။ ထိုသို့ ဘွဲ့အမည်ပေးဖို့ စည်းစားကြတော့ ထိုစဉ်ကာလ မြေအသိမ်း မခံရအောင် တိုက်ပွဲဝင်နေရလို့ အမှန်တရားက ရပ်ကွက်ကို စောင့်ရှောက်ပါစေ ဟူသော ရည်ရွယ်ချက်ဖြင့် ကျွန်တော်က “ဓမ္မရက္ခိတ ဓမ္မာရုံ” ဟု အဆိုပြုခဲ့သည်။ ထိုစဉ်က ကောင်းချည် ကောင်းရဲ့ လက်ခံခဲ့ပြီး တကယ်တမ်း ဓမ္မာရုံရေစက်ချ ဖိတ်စာ ထွက်လာတော့ အလိုတော်ပြည့် ဓမ္မာရုံတဲ့။ ဘာ့လို့ အဲ့ဒီနံမည် ပေးတာလဲဟု မေးတော့ ရပ်ကွက်လူထု အလိုပြည့်အောင်လို့တဲ့။ ကျွန်တော်တို့ရပ်ကွက်မှာ အဲ့လို မဟာပညာကျော်များလည်း ရှိပါသည်။
သည်တော့ သည်လို မဟာပညာကျော်များ ရောက်ရှိလာသော ရပ်ကွက်တွင် ကျွန်တော်လည်း ကိုယ့်အိမ်ရာလေး မပျောက်ပျက်အောင်သာ လုပ်ကိုင်လက်စလေးတွေ ဆက်လုပ်ကိုင် လှုပ်ရှားနေရ၏။ တယ်တော့ ဘဝင်မကျမိတော့။ ထို့ကြောင့် အတော်အတန်ကိစ္စများ မပါဝင်တော့ပေ။ ခပ်ကင်းကင်းပဲ နေလိုက်တော့၏။ ရပ်ကွက်ထဲမှာ မြေကွက်များစွာ ပိုင်သူတွေက ဆရာကြီးတွေ ဖြစ်နေကြပြီ။ သူတို့က အိမ်ဦးခန်းရောက်ကာ သြဝါဒ ချွေနေကြပြီ။ သို့သော် ကျွန်တော့်မှာ ရပ်ကွက်လူမှုရေးအသင်းဖြစ်စေ၊ ဓမ္မာရုံဂေါပက ဖြစ်စေ ပြဿနာ ဖြစ်လျှင်တော့ အိမ်ထိလာခေါ်ပြီး ပြောပေးပါဦး ဆိုပေးပါဦး ညှိပေးပါဦးနှင့် လူမိုက်ဝင်လူပ်ရပြန်၏။

 

တစ်ခါကများ အောင်ပင်လယ်ကန်ဘောင်လမ်းနှင့် ၂၆လမ်းထောင့် အနီးက ရှေးဟောင်းရေကန်ကြီးကို လူလည်တစ်ယောက်က အမှိုက်တွေ မြေတွေဖို့ ဝင်းခတ် ရောင်းစားသည်။ ဝယ်သူကလည်း စူ့ထက်စူလူစွမ်းကောင်းမို့ တောဂရန်ပင်ရလိုက်သေးသည်။ ဒါကို ရပ်ကွက်အတွင်းရှိ စီးပွားပြိုင်ဖက်များက မလိုတမာဖြစ်ပြီး ကျွန်တော်က ရှေးစာဟောင်းပေဟောင်းတွေနှင့် ကိုးကားပြီး တိုင်ကြားပေးပါလို့ လာပြောကြသည်။ အဲ့လို အသုံးချချင်သည့် ကိစ္စပေါ်မှ ကျွန်တော့်ကို သတိရကြသည်။

 

အခုလည်း ကြည့်လေ။ ခ.ယ.က က လာပြီး ပြောဆိုတာကျ ကျွန်တော့်ကို သတိမရ၊ ခ.ယ.က ပြောတာ အခြေအနေမမှန်မှ ကျွန်တော့်လာခေါ်ကြသည်။ အခုတော့ လူမိုက်လုပ်ရပြန်သည်။ ထိုထိုသော အကျိတ်အခဲလေးတွေက အခု အစည်းအဝေး

 

 

ခင်ဗျားတို့ အလိုက်သိရင် ကျွန်တော်ကားစီးလို့ရတယ်
————————————————————-
ကျွန်တော် ပြောလှည့် ရောက်တော့ မြုံမထားနိင်တော့ဘဲ ပေါက်ကွဲခဲ့၏။ ကနဦးအစ ပြောစဉ်က နောက်မှရောက်လာသည့် ရပ်ကွက်သားတွေ သည်ရပ်ကွက် မြေရာဇဝင်သိစေချင်လို့ ရှင်းပြခြင်း ဖြစ်သည်။ ရှင်းရင်းနှင့် ကျွဲကူးရေပါ အခက်အခဲတွေ ပြောရသည်။ ပြောရင်း ထောင်နှုတ်ခမ်းလျှောက်ရတာတွေပါကုန်သည်။ ကိုယ့်စားရိတ်နှင့် ဆုံးကာနီးအမေကို ပစ်ပြီး လုပ်ကိုင်ခဲ့ရပေမင့် ရပ်ကွက်က ကိုယ့်အပေါ် ကျေးဇူးတင်ဖို့ အနေသာ မီတာချိတ်မှာမို့ ထရန်စဖော်မာလေး ၁၅မိနစ်လောက်ပင် အပိတ်မခံတာတွေ ပါကုန်သည်။ ရပ်ကွက်ထဲက အလှူကြီးမှာ ထိုင်စရာနေရာကပင် မောင်းထုတ်ခံရတာတွေ ပါသည်။

 

 

ထိုမျှမက ပြီးခဲ့သည့်နှစ်(၂၀၁၁ ခု) ဝါတွင်းက ကျွန်တော် ရုတ်ချည်း နာမကျန်း ဖြစ်ကာ အရေးပေါ် ဆေးရုံ တင်ရသည်။ သွေးပေါင်ချိန်က သုညအောက် ရောက်သွားသည်။ ရပ်ကွက်ထဲက ကားတွေ တစ်စီးမှမရ၊ ကလေးကျောင်းပို့ ရမှာမို့၊ ဆီမရှိလို့ မောင်းမယ့်သူမရှိလို့နှင့်မို့ ၆၂လမ်းအထိ ပြေးပြီး တက္ကစီခေါ်ရသည်။ ဆေးရုံမှာ တစ်ပတ်ကြာသည်။ ရပ်ကွက်ကဖြင့် ဘယ်သူမှမလာ။ ဆရာဒေါက်တာအောင်ကြီးနှင့် ကိုယ့် စာပေရောင်းရင်းများက စောင့်ရှောက်ခဲ့ကြသည်။ ထိုထို ကြောင်းချင်းရာတွေကို ရင်ဖွင့်လိုက်သည်။ လူ့အတ္တစိတ်ပေါ့လေ။
ထိုမျှမက “ ကျွန်တော် ဆုံးကာနီးအမေကို ပစ်ပြီး ရန်ကုန်နဲ့ ခေါက်တုံ့ခေါက်ပြန် ကူးသန်းပြီး ထောင်နှုတ်ခမ်း လျှောက် လုပ်ကိုင်နေရတဲ့ကာလ ခင်ဗျားတို့ ငွေတကျပ်များ ကူခဲ့ကြသလား၊ အဲ့လို အရှူးမီးဝိုင်းကာလမှာ ပေါက်ရောက် သူလို တစ်ယောက်က ခင်ဗျားတို့ သရက်ကုန်းမြေ အသိမ်းမခံရအောင် လုပ်ပေးမယ်၊ တစ်အိမ်ထောင် တစ်သိန်း ပေးပါဆိုရင် သူ့ပုခုံးပေါ်က အပွင့် အရှိန်နဲ့ ခင်ဗျားတို့ ပေးကြမှာသေချာတယ်၊ မရှိတဲ့သူကလည်း ပေါင်နြှံပီး ငွေတစ်သိန်းကို ရှာကြံပေး ကြမှာပဲ။ ကျွန်တော့်က ပေးဖို့အနေသာ ဘူတာအဆင်း ရေတဗူးပေးဖို့တောင် သတိမရကြပါဘူး။

 

 

ကိုင်းအခု ဒီဓမ္မာရုံထဲ ရောက်နေတဲ့ အိမ်ထောင်ဦးစီးတွေ ကျွန်တော် ဆက် ဆောင်ရွက်ပါ့မယ် တစ်ယောက် တစ်သောင်းပဲပေးပါဆိုရင် ခင်ဗျားတို့ ပေးကြရမှာပဲ၊ ဒါဆို အိမ်ထောင်စု ၄၀၀ အတွက် ရတဲ့ငွေနဲ့ ကျွန်တော် ကားဝယ်စီးလို့ ရပါပြီ။ ကျွန်တော် အဲ့လို မလုပ်တတ်လို့ အခုထိ ကားမပြောနဲ့ တရုတ်ဆိုင်ကယ် အစုတ်တောင်မရှိဘဲ စက်ဘီးလေးနဲ့ သွားနေရတုန်းပါပဲ၊ ကိစ္စမရှိပါဘူး၊ တစ်ပြားမှ မပေးကြပါနဲ့ ကျွန်တော် တတ်သလောက် မှတ်သလောက် ဆက်လုပ်ပါ့မယ်” ဟု ဒေါသနှင့် ပြောခဲ့သည်။ (တကယ်တော့ ရပ်ကွက်က ပုဆိုးတစ်ကွင်း မုန့်တစ်ထုပ်ပင် မရခဲ့ဖူးပါ)။

 

ကျွန်တော် သရက်ကုန်း မင်းစေ
———————————–
ထို့နောက် ရပ်ကွက်လူထု သဘောထားတောင်းခံ၍ ဆုံးဖြတ်ချက်များ ချကြသည်။ ထိုဆုံးဖြတ်ချက်ကို ဖတ်ပြကာ အတည်ပြုသည်။ တက်ရောက်လာသည့် အိမ်ထောင်ဦးစီး တစ်ယောက်ချင်းစီက လက်မှတ်ထိုးကြသည်။ အစည်းအဝေး လက်မှတ်ထိုးသည့် အိမ်ထောင်ဦးစီးက စုစုပေါင်း ၃၃၈ဦးရှိသည်။ ကျန်တက်ရောက်သူများက ပုံစံ၁၀ မပြောင်းရသေးလို့ လက်မှတ်မထိုးနိုင်ကြပေ။ ပြောမယ့်သာ ပြောခဲ့တာ၊ ဓမ္မာရုံအစည်းအဝေးက အပြန် အိမ်က ကွန်ပြူတာရှေ့ထိုင်ပြီး သက်ဆိုင်ရာတင်မည့် စာကို ကိုယ်တိုင်စီရသည်။ မြေရာဇဝင်နှင့်အတူ ယနေ့ကျင်းပသော ရပ်ကွက်အစည်းအဝေးက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များပါ တစ်ပါတည်း စာစီရ၏။

 

သည်စာတွေကို ကော်ပီ ၃၀လောက် ထုတ်ရမည်၊ လန ကျသည့် ရုံးစာတွေ မြေပုံတွေ အိမ်ထောင်ဦးစီး လက်မှတ်တွေ မိတ္တူကူးရမည်။ အားလုံး အေဖိုးစာရွက်နှင့် စာမျက်နှာ ၃၀ ရှိပါ၏။ ကိုင်း လမ်း၃၀က ပန်းန ုစာရေးကိရိယာဆိုင်သွားပြီး အေဖိုးစက္ကူထုပ် ဝယ်ပါလေ၊ စီဗီလိုင်းက ရောင်စဉ်ဆိုင်သွားပြီး ပရင်တာ မင်လုံးလဲပါလေ၊ စာရွက်တွေ ပရင့်ထုတ်ပါလေ၊ ပြီးတော့ မိတ္တူတွေကူး စာအုပ် အုပ်၃၀ ချုပ်ပါလေ။ အားလုံး အိပ်စိုက်။ ထိုထိုဆိုင်များ အခေါက်ခေါက်သွာရသည်မှာပင် ကိုယ့်စက်ဘီးလေး ဂျောက်ဂျက် ဂျောက်ဂျက်နှင့်။ သရက်ကုန်း သူဌေးများကတော့ အစည်းအဝေးအပြန် အိမ်ထဲ ဇိမ်ကျနေကြပေါ့။

 

လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်များ တွေ့ဆုံပွဲ
————————————————————
သရက်ကုန်းရပ်ကွက်လေးသို့ ခ.ယ.က ဥက္ကဋ္ဌကိုယ်တိုင် ကွင်းဆင်း၍ အကွက်ပြန်ရိုက်မည်ဟု ပြောသည်က ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၃ရက်နေ့ဖြစ်သည်။ ထိုနေ့ မွန်းလွဲ ၁နာရီမှာပဲ ရပ်ကွက်ဓမ္မာရုံမှာ ရပ်ကွက် အိမ်ထောင်ဦးစီးများ စုပြီး အစည်းအဝေးထိုင်ကာ သက်ဆိုင်ရာသိုပတင်ပြရန်အတွက် ဆုံးဖြတ်ချက်များ ချခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်များနှင့်အတူ အိမ်ထောင်ဦးစီးလက်မှတ်များ၊ မြေပုံနှင့် ရုံးစာ မိတ္တူများ ပူးတွဲကာ တင်ပြမည့်စာများကို စာအုပ်တွေလည်း ချုပ်လိုက်ပါပြီ။ ကံကောင်းချင်တော့ စက်တင်ဘာလ ၂၅ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့တော်ဝန်နှင့် တိုင်းဒေသကြိး လွှတ်တော်ကိုယ်စားလှယ် များက မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံပွဲရှိသတဲ့။ ထိုတွေ့ဆုံပွဲကို နန်းရှေ့ ၁၉လမ်းပေါ်က မုန်တိုင်ဇရပ်တွင် ကျင်းပမည်တဲ့။ ထိုတွေ့ဆုံပွဲတွင် ကျွန်တော်တို့ တင်မည့် စာနှင့်အတူ တင်ပြဆွေးနွေးမည်။

ထို့ကြောင့် စက်တင်ဘာ ၂၅ရက်နေ့တွင် ရပ်ကွက်မှ ဦးမျိုးခင်၊ ဦးသန်းထိုက်၊ ဦးတင်အေးတို့နှင့်အတူ ကျွန်တော်က တင်ပြမည့် စာအုပ်များကို ပိုက်၍ သွးကြ၏။ တွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ေးါက်တာစိုးထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်လှ၊ ဒေါက်တာဝင်းလှိုင် နှင့် ဦးဖုန်းဇော်ဟန် တို့နှင့်အတူမြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူး၊ စည်ပင်သာယာနှင့် ဌာနဆိုင်ရာ အရာရှိများ တက်ရောက်ကြသည်။ တွေ့ဆုံပွဲ စတင်သည်နှင့် အောင်မြေသာစံ မြို့နယ်အတွင်းရှိ ရပ်ကွက်များအနက် သရက်ကုန်းရပ်ကွက်အနေနှင့် ကျွန်တော်က စတင် ဆွေးနွေးသည်။ ကိုယ်စားလှယ် များနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ အားလုံးကို ပါလာသည့် တင်ပြချက် စာအုပ်များ တစ်အုပ်စီ ဝေငှလိုက်ပြီး ကျွန်တော်က တစ်ချက်ချင်း အလိုက် ရှင်းလင်း တင်ပြသည်။

 

အခုအစည်းအဝေး အပြန်တွင်ပင် ချက်ချင်း ဖယ်ရှားစေလို
—————————————————————–
အထူးသဖြင့် ရပ်ကွက်၏ ဖြစ်စဉ်နှင့် မြေရာဇဝင်အသေးစိတ်၊ ခရိုင်ဥက္ကဋ္ဌက ရုံးသို့ခေါ်ပြီး ခြိမ်းခြောက်သည်က အစ နိုင်ငံတော် အကြီးအကဲများထံ စာဖြင့်တင်ပြခဲ့သည်များ၊ ဗိုလ်ချုပ်မှူးကြီး၏ အစ်မထံမှတဆင့် ပုဂ္ဂိုလ်ရေး တိုင်ကြားစာအထိ ရန်ကုန်အထိ သွားရောက် ပေးပို့ခဲ့သည်တို့ကိုလည်း ဖြစ်စဉ်အသေးစိတ်ကို နံမည်နှင့်တကွ ပွင့်ပွင့်လင်းလင်း တင်ပြခဲ့သည်။

 

“ … ၂၀၀၃ခုနှစ် ဇူလိုင်လသို့ ရောက်သောအခါ ထိုစဉ်က ခ.ယ.က ဥက္ကဋ္ဌက ရပ်ကွက်နေသူ အိမ်ထောင်ဦးစီးအားလုံးကို ခ.ယ.က ရုံးသို့ ၂ကြိမ်တိုင် ဆင့်ခေါ်ပြီး ဤနေရာ သရက်ကုန်းကွက်သစ်တွင် နိုင်ငံတော်အဆင့် စီမံကိန်းဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မည်သည့်စီမံကိန်းလဲဟု မေးစရာ မလိုကြောင်း၊ လက်ရှိတိုင်းမှူးပင် အဆိုပါ စီမံကိန်းကို မသိကြောင်း၊ ထို့ကြောင့် ဤနေရာမှ ချက်ချင်း ဖယ်ခွာပေးရမည် ဖြစ်ကြောင်း၊ ဖြစ်နိုင်လျှင် အခုအစည်းအဝေး အပြန်တွင်ပင် ချက်ချင်း ဖယ်ရှားစေလိုကြောင်း၊ သို့သော် ဝါတွင်းကာလဖြစ်သဖြင့် ဝါကျွတ်အထိ စောင့်မည် ဖြစ်ကြောင်း၊ သို့/ ဗိုလ်ချုပ်မှူးကြီး၊ သို့/ ဗိုလ်ချုပ်ကြီး စသည်ဖြင့် တိုင်ကြားနိုင်ကြောင်း၊ ခြိမ်းခြောက် ပြောဆိုပါသည်။ ထို့နောက် ၁၉၉၁ခုနှစ်က ဦးကျော်စွာပါ (၁၉) ဦးသို့ လန- ၃၈(၁) ကို တရားဝင် ထုတ်ပေးထားပါလျက် ရပ်ကွက်နှင့် မူလမြေပိုင်ရှင်များသို့ လုံးဝ အသိပေး အကြောင်းကြားခြင်း မရှိပါဘဲ မူလမြေပိုင်ရှင်များထံမှ မတရားသ်မ်းရန် ကြိုတင် ကြံရွယ်ကာ မြို့ကွက်ဖော်ထုတ်ရေးအဖွဲ့ နာမည်ဖြင့်ပင် သရက်ကုန်းမြေယာခန့်ခွဲမှုကို ဆက်လက်ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

သို့/ ဗိုလ်ချုပ်မှူးကြီး၊ သို့/ ဗိုလ်ချုပ်ကြီး စသည်ဖြင့်
—————————————————-
ထို့ကြောင့် ဤသို့ မတရားသဖြင့် ဥပဒေမဲ့ ပြုမူဆောင်ရွက်မှုအပေါ် နိုင်ငံတော်အဆင့် အကြီးအကဲများ သိရှိနိုင်ရန်အတွက် ရပ်ကွက်ပြည်သူများမှ ကိုယ်စားလှယ်များ စေလွှတ်၍ တိုင်ကြားခဲ့ရာ သရက်ကုန်းကွက်သစ်နှင့် ပတ်သက်သည့် အခြေအနေမှန်များကို ၁။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၂။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ၃။ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ၄။ ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ၅။ ဗိုလ်ချုပ်ကြီးသိန်းစိန် (ယခု သမ္မတကြီး) တို့လည်း သိရှိခဲ့ပါသည်။ ထိုစဉ်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ယခု မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် နှင့် မြို့တော်ဝန် အသီးသီးထံသို့လည်း တင်ပြ တိုင်ကြားခဲ့ပါသည်။

 

ပထမအဆင့် ဆောင်ရွက်မှုများအရ ထိုစဉ်က အတွင်းရေးမှူး ၁ နှင့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဖြစ်သူ ဗိုလ်ချုပ်ကြီးခင်ညွန့်က အခြေအနေမှန်များ သိရှိခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းသို့ “ သရက်ကုန်းကွက်သစ်နှင့် ပတ်သက်၍ ရပ်ကွက်နေ ပြည်သူလူထု နေထိုင်မှုကို ထိခိုက်မှု လုံးဝမရှိရန် သတိထား ဆောင်ရွက်ရမည်” ဟု ညွှန်ကြားခဲ့သဖြင့် မြေမတရားသိမ်းယူမှု အစီအစဉ်များ ရပ်တန့်သွားခဲ့ပြီး အာဏာပိုင် ပုဂ္ဂိုလ် အချို့နှင့် အရာရှိအချို့ အရေးယူ အပြစ်ပေးခံရသည့် သာဓကများလည်း ရှိခဲ့ပါသည်။
သို့သော် အတွင်းရေးမှူး ၁ မှ ဝန်ကြီးချုပ်တာဝန် တိုးမြှင့် ယူခဲ့သော တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးသည် တာဝန်အသီးသီးမှ အနားယူရသောအခါ ဝိသမလောဘတက်နေသော အာဏာရှိပုဂ္ဂိုလ်နှင့် လုပ်ငန်းရှင် ခရိုနီများ ပူးပေါင်းပြီး မူလ မြေသိမ်းရေး အစီအစဉ်ကို ပြုမူဆောင်ရွက်သူများက ထပ်မံပြီး ရပ်ကွက်အတွင်း၌ “ မကျူးကျော်ရ၊ တပ်ပိုငိမြေ” ဟူသော ဆိုင်းဘုတ်များ၊ အလံနီများ စိက်ထူကာ လူနေအိမ်များ ဖယ်ရှားရေး အစီအစဉ်ကို အညှိုးကြီးကြီးဖြင့် ဆက်လက် ဆောင်ရွက်ခဲ့ပြန်ပါသည်” ဟု ဖတ်ကြား တင်ပြခဲ့သည်။ ဆက်လက်၍ ထိုအဖြစ်အပျက်အပေါ် မခံရပ်နိုင်သည့် ရပ်ကွက်နေ ပြည်သူတစ်ဥိးက သူ၏ ငယ်ဘဝ ကျောက်ဆည်တွင် နေထိုင်စဉ် ညီအစ်မကဲ့သို့ ရင်းနှီးသူ ငယ်သူငယ်ချင်း တစ်ဦး၏ မောင်အရင်းဖြစ်သော ဗိုလ်ချုပ်မှူးကြီးထံ ပုဂ္ဂိုလ်ရေး တင်ပြစာ တစ်စောင် ထပ်မံရေးသားကာ၊ အဖြစ်မှန်ကို ကိုယ်တိုင် သွားရောက် တိုင်ကြားခဲ့ပါသည် ဟု အမှန်အတိုင်း ဖတ်ကြား ရှင်းပြလိုက်သည်။

 

 

အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ပေးပါမည်တဲ့
———————————————————
ထိုအကြီးအကဲနံမည်များ ကြားတော့ ဌာနဆိုင်ရာ အရာရှိအချို့က စာအုပ်ကို ငုံ့ဖတ်နေရာက ကျွန်တော့်ကို မော့ကြည့်ကြသည်။ နောက်ဆုံးအနေနှင့် မိမိတို့ တရားဝင်နေထိုင်ကြသည့် မြေကွက်များကို သိမ်းယူ၍ ဂရန်ရှိခြင်း မရှိခြင်း၊ လက်ရှိ နေထိုင်ခြင်း မနေထိုင်ခြင်း စသည့် ခွဲခြားမှုများဖြင့် မူလမြေ၏ တဝက်၊ သုံးပုံတစ်ပုံ စသည်ဖြင့် ပြန်လည်နေရာ ချထား၍ ဖြစ်စေ၊ တိုက်ခန်းစံနစ်ဖြင့် အစားပေးခြင်း ဖြစ်စေ၊ မူလမြေပိုင်ရှင်များ၏ မြေများကို သိမ်းယူ၍ စီးပွားရေးသမား၊ လုပ်ငန်းရှင် တစ်ဦးတစ်ယောက်၊ ကုမ္ပဏီ တစ်ဖွဲ့တစ်စည်း၏ အကျိုးစီးပွားအတွက် ချထား လုပ်ကိုင်စေခြင်းကို လုံဝ(လုံးဝ) သဘောမတူ၊ ကန့်ကွက်ကြောင်းနှင့် အောင်မြေသာစံမြို့နယ် မဟာဇေယျာဘုံ အပိုင်း (၂) သရက်ကုန်းကွက်သစ်အား ယခုလက်ရှိ အပိုင်းအခြား၊ မူလနေထိုင်သည့် ဝင်းခြံဧရိယာ အကျယ်အဝန်းအလိုက် တရားဝင်ဂရန်ထုတ်ပေးရန် တင်ပြလိုက်သည်။

 

တွေ့ဆုံပွဲ ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်များက ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ကြသည်။ ဒေါက်တာစိုးထွန်း နှင့် ဒေါက်တာကျော်လှ က “ကျွန်တော်တို့ စိတ်မကောင်းဘူးဗျာ၊ လွှတ်တော်ကနေ အတတ်နိုင်ဆုံး တင်ပြကူညီပါ့မယ်” ဟု အားပေးသည်။ ဦးဖုန်းဇော်ဟန် က “ ကျွန်တော် မြေရာဇဝင်ကို ဒီလောက်ထိ မသိဘူးဗျ၊ ကျွန်တော်ရှိတုန်းက ၂၀၀၃ခုနှစ် အခြေအနေရဲ့ နောက်ပိုင်းပဲ တင်တာ ဖတ်ရတာ၊ အတတ်နိုင်ဆုံးကူညီမယ်” ဟု ဆိသည်။ ဦးကိုကြီးကလည်း ခင်မင်ရင်းစွဲမို့ “ဆရာဆူး၊ ဒီကိစ္စက နည်းနည်း ခက်နိုင်ပေမယ်၊ လွှတ်တော်ကနေ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်ဗျာ” ကု ကျွန်တော့်လက်ကို ဖျစ်ညှစ်ပြီး ပြောသည်။ ဘာပဲ ပြောပြော ဖြစ်စဉ်အားလုံး ပွင့်ပွင့်လင်းလင်း ပြောလိုက်ရလို့ ရင်ထဲမှာ ပေါ့သွားသည်။

 

အပွတ်အတိုက် အထိအခိုက်တွေ ရှိဆဲပဲလေ
————————————————
ထိုသို့ ပြောကြားလိုက်ရပြီး ရင်ထဲမှာ ပေါ့သွားခြင်းနှင့် အတူ မည်သို့ဆိုစေ ရွေးကောက်ခံ အရပ်သားအစိုးရ၏ ကနဦးကာလမို့ ညအိပ်ရတာလည်း နောက်ကျောလုံသည်။ မဲဆန္ဒရှင် ပြည်သူလူထုက နိုင်ငံသား၏ မူလအခွင့်အရေး နှင့်အတူ ပြောသင့် ပြောအပ်တာ ပြောဆို တင်ပြနိုင်သည့် အခွင့်အရေးကို ရယူခြင်းဖြစ်သည်။ သို့သော် အပြောင်းအလဲ ကာလမို့ နေရာတကာ ပြဿနာတွေက ရှိနေဆဲ ဖြစ်သည်။ ထိုစဉ်ကာလ နှင့် မရှေးမနှောင်းမှာပဲ သရက်ကုန်းရပ်ကွက်နှင့် မလှမ်းလှသော ရပ်ကွက်တစ်ကွက်တွင် ရဲတပ်ဖွဲ့အင်အား သုံးကာ လူနေအိမ်ခြေတွေ ဖယ်ရှားတာ ဖမ်းဆီးတာတွေ ဖြစ်သည်။ ထိုအခါ အိမ်ကပင် ကျွန်တော့်အတွက် စိုးရိမ်သွားကြပြန်သည်။

 

ထို့ကြောင့် ကျွန်တော်လည်း ထိုဖြစ်စဉ်၏ ဇစ်မြစ်ကို စုံစမ်း မေးမြန်းထားရသည်။ ထိုစဉ်ကာလမှာပဲ တစ်နံနက်ခင်းတွင် ကျွန်တော့်ထံသို့ မထင်မှတ်သည့် ဖုန်းတစ်လုံး ဝင်လာသည်။ ထိုဖုန်းနှင့် ၂၀၀၃ခုနှစ် ဝန်းကျင်က မကြာခဏပြောရဖူးကာ ကျွန်တော့် အရေးကြီး ဖုန်း ဖြစ်ခဲ့ဖူးပါ၏။ မှတ်မှတ်ရရ ၂၀၀၄ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ထိုဖုန်းက အဆက်အသွယ်မရှိတော့။ အဆက်အသွယ် မရှိသည့် အပြင် ထိုဖုန်းနံပတ်ကိုပင် ဖျက်ပစ်လိုက်ရမလားဟု အစိုးရိမ်လွန်ခဲ့ရသည့် ဖုန်းဖြစ်ခဲ့သည်။ သို့သော် မဖျက်ခဲ့။ ဟော အခု ထိုဖုန်းက အခု ၈နှစ်အကြာတွင် ဝင်လာတော့ အံ့အားတသင့် ဖြစ်သွားသည်။ ထို့နောက် ဖုန်းကို ကိုင်၍ ဟဲလိုဟု ထူးလိုက်စဉ်မှာပင် ဖုန်းပိုင်ရှင်၏ အသံကို မပျောက်မဆုံး မပျက်မယွင်း အသံမပျက် ကြားလိုက်ရသည်။ သူက “စာရေးဆရာလားဟေ့” တဲ့။ ဟုတ်ကဲ့ တစ်ချိန်က ဇာတ်လိုက်ကြီး ဦးတက်တိုး အသံ ဖြစ်ပါ၏။

 

ဆူးငှက်

Related posts

✕
VOM News

FREE
VIEW