တောင်ကြီး – အေးသာယာ အဆင်းလမ်းမှာ တွဲကား လမ်းချော်ပြီး ၊ ယာဥ်နှစ်ဆင့်တိုက်မိလို့ သုံးယောက်သေ ၊ ငါးယောက်ထက်မနည်း ဒဏ်ရာရ

ဧပြီ ၊ ၈ ၊ ၂၀၂၄
SP (VOM)
ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးမြို့ ၊ တောင်ကြီး – အေးသာယာ အဆင်းလမ်း ၊ ပစောက်ကွေ့အနီး ၊ စစ်ဆေးရေးဂိတ်အလွန် နေရာမှာ မနေ့ ဧပြီ ၇ ရက် ၊ ညနေ ၆ နာရီဝန်းကျင်က ကုန်တင်တွဲကား တစ်စီး လမ်းချော်ပြီး ကားနှစ်စီးအပေါ် ဆင့်တိုက်မိတာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ကုန်တင်တွဲကားက လမ်းချော်ပြီး အိမ်စီးကားလေးဖြစ်တဲ့ Pro box နဲ့ Honda fit ကားနှစ်စီးကို ဆင့်တိုက်မိတယ် ၊ အဲ့ဒီလို ကားနှစ်စီး ဆင့်တိုက်မိတာကြောင့် အိမ်စီးကားပေါ်မှာ လိုက်ပါလာတဲ့ သူတချို့ ထိခိုက်သေဆုံးတယ် ၊ သေဆုံးသူ သုံးယောက်ရှိသွားပြီဖြစ်တယ် ၊ ကျန် ဒဏ်ရာရ လူနာတွေကို ကယ်ထုတ်နေဆဲဖြစ်တယ် ၊ အဲ့ဒါကြောင့် ဒဏ်ရာရ လူနာ အရေအတွက်တော့ မသိရသေးဘူး ၊ ဒဏ်ရာရသူ အနည်းဆုံး ငါးယောက်ထက်မနည်း ရှိနိုင်တယ် ၊ အဲ့ဒီ လမ်းကို ခေတ္တယာယီ ပိတ်ထားလိုက်ပြီး ၊ အဆင်းကားတွေကို ဗလီလင်း လမ်းဘက်ကနေ လမ်းကြောင်းဖွင့်ပေးထားရတယ် ” လို့ တောင်ကြီးမြို့ခံတယောက်က ပြောပါတယ်။
အဲ့ဒီ ယာဥ်မတော်တဆမှုဖြစ်ပွားတဲ့နေရာကို မီးသတ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူမှုကူညီရေး အဖွဲ့တွေအပြင် ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ပေးနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက် ၊ နေ့လယ် ၂ နာရီဝန်းကျင်က ရှမ်းပြည်နယ် တောင်ပိုင်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ် ၊ မြို့ကြီးနဲ့ ပခန်းကြား ၊ ရွာငံ – ကျော်ဆည်လမ်းပိုင်း ၊ ညောင်ထောက်ကွေ့နေရာမှာ အိမ်စီးကားတစီး တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ လူခုနှစ်ယောက်အနက် ခြောက်ယောက် သေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် ၊ မနက်အစောပိုင်းက ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၅၈ / ၅ နေရာနားမှာ ကားငါးစီးဆင့်တိုက်မိပြီး ကားပေါ်မှာလိုက်ပါလာတဲ့ လူသုံးယောက်သေဆုံးကာ ၊ ခုနှစ်ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ တောင်းကြီး အေးသာယာလမ်း ယာဥ်တိုက်မှုမြင်းကွင်း ၊ ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW