တရုတ်ဘက်ခြမ်းမှာ အင်တာနက် အသုံးပြုမှု ဥပဒေကို မလိုက်နာပါက အရေးယူမယ်လို့ သတိပေးစာထုတ်

ဧပြီ ၃၀၊ ၂၀၂၄
Shy V (VOM)
မြန်မာ – တရုတ် နယ်စပ်၊ တရုတ်ဘက်ခြမ်းမှာ အင်တာနက် အသုံးပြုမှု ဥပဒေကို မလိုက်နာပါက အရေးယူသွားမှာ ဖြစ်ကြောင်း ဧပြီလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းမှာ မံစီမြို့ရှိ တရုတ် ဆိုက်ဘာလုံခြုံရေးနဲ့ သတင်းအချက်အလက် နည်းပညာ ကော်မတီက သတိပေးထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံရဲ့ ဆိုက်ဘာ ဥပဒေအရ လူမှုကွန်ယက်ပေါ်မှာ နိုင်ငံရဲ့ ဥပဒေစည်းမျဉ်း စည်းကမ်းတွေ လေးစား လိုက်နာဖို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
လူမှုတည်ငြိမ်မှုကို ပျက်ပြားစေတာတွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ဘာသာရေး ယုံကြည်မှု‌တွေကို ထိခိုက် ပျက်ပြားစေတာတွေကို ပို့စ်တင်တာတွေ၊ ဖြန့်ဝေတာတွေ၊ မျှဝေတာတွေ မပြုလုပ်ကြဖို့လည်း ပါရှိပါတယ်။
သူတပါးကို ထိခိုက်နစ်နာစေတာမျိုး၊ ပုတ်ချတာမျိုး၊ စိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာရေးပိုင်း ထိခိုက် စေတာမျိုး၊ ညစ်ညမ်းပုံတွေ၊ သွေးထွက် သံယို အကြမ်းဖက် ထိတ်လန့်စေမယ့် ပုံ ရုပ်သံတွေကို ပို့စ်တင် ဖြန့်ဝေ မျှဝေတာတွေ မလုပ်ဖို့လည်း ဖော်ပြထားပါတယ်။
“ဒီဘက်မှာ ကောင်းကောင်းမွန်မွန် မလုပ်ကြဘူး။ ပြဿနာတက်လည်း တယောက်နဲ့ တယောက် ဒိုယင်း (တရုတ် TikTok) တွေပေါ်တင်ပြီး ပြဿနာတွေ ဖြစ်ကြ၊ ရန်တွေဖြစ်ကြ။ ဘာမှ မဖြစ်ရင်လည်း Live တွေ လွှင့်ကြ အဲလိုတွေ ဖြစ်နေတာ” လို့ ‌ရွှေလီရောက် မြန်မာ နိုင်ငံသား တယောက်က ပြောပါတယ်။
အဲဒီလို ဒိုယင်း (တရုတ် TikTok) တွေပေါ်တင်ပြီး ရန်ဖြစ်ကြသူတွေ အများဆုံးဟာ မြန်မာနိုင်ငံ သားတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဒါအပြင် လူမှုကွန်ယက် အွန်လိုင်းပေါ်က သူတပါးကို ထိခိုက်နစ်နာစေမယ့် ကောလဟလ သတင်းတွေကိုလည်း မယုံကြဖို့ သတိပေးထားပါတယ်။
“ဒီဘက် တရုတ်ဘက်ခြမ်းမှာက မြန်မာ နိုင်ငံသား အချင်းချင်းပဲပြန်လိမ်တာများတယ်။ လိုင်းတောင် မကြည့်ချင်တော့ဘူး။ လိုင်းဖွင့်လိုက်ရင် မြန်မာနိုင်ငံသားတွေ ရန်ဖြစ်တာပဲတွေ့နေရတယ်။ လိုင်းပေါ်လိမ်၊ လိုင်းပေါ် ရန်ဖြစ် ရှုပ်ယှက်ကိုခတ်နေတာပဲ” လို့ ရွှေလီမှာ အရောင်းစာရေး လုပ်နေတဲ့ မိန်းကလေး တယောက်က ပြောပါတယ်။
မြန်မာနိုင်ငံသားတချို့က မြန်မာအချင်းချင်းကို ငွေကြေး အဆမတန် လိမ်လည်ယူပြီး နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်အနီ အတု လိမ်လည် လုပ်ပေးတာတွေ၊ QR Code စာရွက် အတု လုပ်ပေးတာတွေ ရှိနေပြီး တရုတ်ဘက်ရောက်တာနဲ့ အဖမ်းခံရကာ ပြဿနာတွေ ဖြစ်ကြတာတွေလည်း များတယ်လို့ သူက ပြောပါတယ်
တရုတ် ဆိုက်ဘာ လုံဆုံရေးဌာန ကတော့ အဲဒီ ထုတ်ပြန်စာမှာ အင်တာနက် လုံခြုံရေးအတွက် ဘဏ် နဲ့ ငွေလွှ Application တွေကို အသုံးပြုမယ်ဆိုင် အခမဲ့ ရတဲ့ Wifi ကို အသုံး မပြုကြဖို့၊ atuo wifi ချိတ်တာတွေကို ပိတ်ထားဖို့ လည်း အသိပေး ထားပါတယ်။
ဖုန်း ဆော့ဖ်ဝဲ တွေကို အသုံးပြုရမယ် ဆိုရင် ဖုန်းနံပါတ်၊ မှတ်ပုံတင် နံပါတ်တွေကို အလွယ်တကူ မဖြည့်စွက်ရန်၊ အချက်အလက် အလွန်အမင်းတောင်ဆိုလာပါက ဆော့ဖ်ဝဲထဲ အချက်အလက် ဖြည့်တာ ရပ်ဆိုင်းဖို့၊ မသိတဲ့ Website ထဲ မဝင်ဖို့၊ အကောင့် password ကို လွယ်ကူတဲ့ စာလုံး/ ဂဏန်းတွေ မသုံးဖို့၊ အကောင့် Password တခု ထဲကို ထပ်ခါ ထပ်ခါ မသုံးဖို့၊ မသိတဲ့ Website, QR Code တွေကနေ download တွေ မနှိပ်ဖို့ ကိုလည်း သတိပေးခားပါတယ်။
QR Code တွေနဲ့ လင့် အတုတွေနဲ့ လိမ်လည်ခံရပါက သက်သေနဲ့ တကွ အချိန်မီ အကြောင်းကြားဖို့၊ ပုဂ္ဂိုလ် ရေးရာ အချက်အလက်တွေကို အထိန်းအကွပ်မဲ့ ဖြန့်ဝေတာတွေ မလုပ်ရန် အသိပေးထားပါတယ်။
လူမှုကွက်ယက်ပေါ်မှာ ကိုယ်ရေးကိုယ်တာ အချက်အလက် အစစ်အမှန်တွေ၊ အမှတ်ပသားတွေ၊ လိပ်စာ တည်နေရာ မှတ်ပုံတင် လက်မှတ် အထောက်အထားတွေ၊ မိသားစု အချက်အလက်တွေကို ထုတ်ဖော်တာတွေ လူမှုကွန်ယက်ပေါ် မတင်ကြဖို့ သတိပေးထားပါတယ်။
တရုတ် – မြန်မာ နယ်စပ် တလျှောက်မှာ တယောက်ချင်းလည်လည်တာရော အုပ်စုလိုက်လိမ်လည်တာတွေရော နှစ်ဖက် နိုင်ငံသားတွေက အခုနောက်ပိုင်း ပိုမိုလုပ်လာကြတာကို တွေ့ရပါတယ်။
Photo Crd# Shy V

Related posts

Leave a Comment

VOM News

FREE
VIEW