ပိုမိုပွင့်လင်းစွာ ဆွေးနွေးပြောဆိုနိုင်လိမ့်မည်
————————————————–
၂၀၁၅ခုနှစ်ကျော် ကာလများတွင် သရက်ကုန်းရပ်ကွက်လေး အခြေအနေက သိသိသာသာ တည်ငြိမ်သွားပါပြီ။ ၂၀၁၀ခုနှစ်နှင့် ၂၀၁၅ခုနှစ်ကြားတွင် တောဂရန်ရှိ လူနေမြေကွက်များကို စိစစ်ပြီး မန္တလေးစည်ပင်သာယာက နှစ်၃၀ ဂရန်တွေ ထုတ်ပေးခဲ့သည်။ ဆက်လက်၍ ကျန်မြေကွက်များကိုလည်း ဂရန်တွေ ထုတ်ပေးပါမည်တဲ့။ ၂၀၁၅ခုနှစ်တွင် အစိုးရ အဖွဲ့သစ် ပြောင်းလဲသောအခါ ပိုမိုပွင့်လင်းစွာ ဆွေးနွေးပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
ကနဦးအစအနေနှင့် ကျွန်တော်နှင့် ရင်းနှီးသော အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ကိုသင့်နော်၊ ကိုမျိုးဝင်း(မဟာနန္ဒာ)နှင့် ကျွန်တော်အပါအဝင် ၃ဦးကို အလွတ်သဘော တွေ့ဆုံပြီး မန္တလေးနှင့် ပတ်သက်၍ ပြုပြင်ရမည့် ကိစ္စများအားဆွေးနွေးကြရာ အစိုးရသစ်ဖွဲ့ပြီး မကြာမီ စတင်ကျင်းပရမည့် သင်္ကြန်ပွဲတော်ကိစ္စကိုပဲ အလေးထားဆွေးနွေးဖြစ်ကြသည်။
ကတ္တရာပူပူမှာ ကလေးတွေကို ဒုက္ခမပေးပါနဲ့
————————————————-
ထိုသို့တွေ့ဆုံခြင်း အကျိုးဆက်အဖြစ် မကြာမီ ရက်ပိုင်းအတွင်း တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံတွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မန္တလေးရှိ စာပေ ဂီတ ပန်းချီ သဘင်ပညာရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။ ထိုတွေ့ဆုံပွဲတွင်လည်း သင်္ကြန်ကိစ္စကိုပဲ ဦးတည်ဆွေးနွေးခဲ့ကြသည်။
ထိုပွဲတွင် ကျွန်တော်ကတော့ ဖွင့်ပွဲဆိုသည်ကို မလိုအပ်ဘဲ စရိတ်တွေ အကုန်အကျမခံဖို့၊ ညနေ နေပူပူတွင် ကျောင်းသူလေးတွေကို ကတ္တရာလမ်းမ ကျက်ကျက်တောက်ပေါ် နာရီနှင့် ချီ၍ ဒုက္ခမပေးဖို့၊ ဖွင့်ပွဲတွင် မနက်စောစော မဏ္ဍပ်ပေါ် ဘုန်းကြီးပင့် ဆွမ်းကပ် ပရိတ်ရွတ် ဆွမ်းလောင်းပြီး နေမပူခင် ဖွင့်ပွဲ ကျင်းပဖို့၊ ကျုံးတော်နှင့် ၄၈ရပ်ပြာသာဒ်တွေ ကျောပေးပြီး ရေပက်မဏ္ဍပ်တွေ မဆောက်ဖို့၊ လူတစ်စု၏ အခွင့်ထူးခံ မဟုတ်သော လူထုသင်္ကြန်ဖြစ်ဖို့ ဆွေးနွေးခဲ့သည်။
မှတ်မှတ်ရရ ထိုတွေ့ဆုံပွဲတွင် မြန်မာမှု ဗိသုကာနှင့် ပညာရှင် ဦးဝင်းမောင်(တမ္ပဝတီ) လည်း ပါဝင်ခဲ့ရာ အစည်းအဝေးမစမီ ဆရာဝင်းနှင့် စကားပြောဖြစ်တော့ ဆရာက “ ကိုဆူးရေ၊ အကယ်၍ အစိုးရအဖွဲ့သစ်က တရားဝင် တာဝန်ပေးရင် မြို့ဝင် တံခွန်တိုင်အဝိုင်း ပြာသာဒ်ကို ကျွန်တော့်စရိတ်နဲ့ကျွန်တော် အသစ်ပြင်ပေးချင်တယ်ဗျာ” ဟု ပြောပြခဲ့သည်။ ဆရာဝင်း စိတ်ထဲ အတော် ကသိကအောက် ဖြစ်နေပုံရသည်။
သားအချစ် မြေးအနှစ်
————————-
ဤသို့ဖြင့် အစိုးရသစ်တက်တက်ချင်း ၂၀၁၆ခုနှစ် သင်္ကြန်ကို ကျင်းပခဲ့သည်။ အလုံးစုံတော့ မပြောင်းလဲနိုင် သေးပေ။ မှတ်မှတ်ရရ ထိုနှစ်သင်္ကြန်မတိုင်မီ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာပင် ကျွန်တော့်မှာ မြေးဦးလေး ရသည်။ သားကြီး မောင်သူရိန်နှင့် မနှင်းအိခိုင်တို့က မွေးဖွားသည့် တနင်္လာသား မြေးဦးလေး ဖြစ်သည်။ ရှေးကတည်းက ဆိုရိုးစကားရှိသည်။ သားအချစ် မြေးအနှစ်ဟူလို။ အစက သည်စကားကို ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့သည်။ တကယ်တော့ ကိုယ်တွေ့ ကြုံလိုက်မှ အတော်မှန်သည့် စကားပါလားဆိုတာ သိရသည်။
ကျွန်တော်နှင့် ခင်သော်ဇင် နှစ်ယောက်စလုံးက အချိန်ပြည့် သည်မြေကိုပဲ အချိန်ပေးနေရသည်။ သူ့အမေကလည်း အလုပ်နှင့် လက်မပြတ်တော့ သည်မြေးက အိပ်ရာဝင်မှပဲ ကျွန်တော်တို့ လက်က သူ့အမေလက်ထဲ ထည့်လိုက်ရသည်။ သူ့အမေက ဒီကောင်မွေးမှ ပိုအဆင်ပြေတယ် လပ်ကီးကောင်းတယ်ဆိုပြီး ကီးကီးဟု ခေါ်သည်။ ဒိကောင်ကလည်း အတော်တတ်သည်၊ စကားစတတ်တာက ဖေဖေ မေမေ မဟုတ်၊ ဘဘ နှင့် ဖွားဖွားဖြစ်သည်။ ဒေါ်ခင်သော်ဇင်လည်း မနက်လင်းတာနှင့် ကီးကီးကို ခါးထစ်ခွင်ချီပြီး တံမြက်စည်း လှဲသည်။ ဈေးဝယ်ထွက်တော့လည်း ကျောပိုးချည်နှောင်ပြီး ဆိုင်ကယ်နှင့် ထွက်သည်။ နံမည် အတည်ပေး ကြစို့ဆိုတော့ တနင်္လာသားမို့ ကျွန်တော်က “ကောင်းဆုယူ” ဟု အမည်ပေးခဲ့သည်။
ဘဝအမောပြေစရာ
———————-
သည်ကောင်က မှတ်ဉာဏ်ကောင်းသည်။ သူ့အဖွားနှင့် အမြဲလိုက်ရသောအခါ ဆိုင်ကယ်ဓာတ်ဆီ ထည့်သည့် နေရာ မုန့်ဝယ်သည့် နေရာ ဈေးဝယ်သည့် နေရာတွေကို အကုန်မှတ်မိသည်။ အပြင်ထွက်တာနှင့် ထိုဆိုင်တွေကို မမှားမယွင်းဘဲ လက်ညိုးထိုးပြသည်။ မနက်လင်းတာနှင့် အခန်းပေါက်က တံခါးထုပြီး ဘဘ ဟု ခေါ်သံကြားသည်နှင့် ရင်ခွင်ကြား ပြေးဝင်လာပြီး ညမိုးချုပ်မှ သူ့အဖေအမေဆီ ပြန်တတ်သည့် ကီးကီးက ဘဝအမော ပြေစရာ ဖြစ်လာသည်။
သူ့အမေက သူ့မိဘများရှိရာ နွားထိုးကြီးမြို့သို့ အလည်အပတ်ပြန်လို့ ကီးကီးများပါသွားလျှင် ကျွန်တော့်မှာ ၂ရက်လောက် ရောက်သည် နှင့် နေမထိ ထိုင်မသာ ဖြစ်ရတော့သည်။ သည်ကောင်ကလည်း ခရီးက ပြန်လာတာနှင့် အိမ်ပေါက် ရောက်သည်နှင့် “ဘဘ” ဟု အော်ပြီး ကားပေါ်က ပြေးဆင်းလာသည်ချည်း ဖြစ်သည်။ ကျွန်တော်ကလည်း သူ့ကို သွားသည့်နေရာ ခေါ်သွားသည်။ တစ်ရက်တင်က လင်းရောင်ခြည်စာကြည့်တိုက်မှာ စာပေစကားဝိုင်းရှိလို့ ကျွန်တော်က သူ့ကို ထားပြီး သွားတော့ သူ့အဖွားကို ပူဆာကာ လိုက်ပို့ခိုင်းသည်။ ထိုစကားဝိုင်းမှာ ကျွန်တော်ရင်ခွင်ကြား မပျင်းမရိ ငြိမ်သက်စွာ ပွဲ အပြိးထိ နေသည်။ တစ်ခါကလည်း ကံတက်ကုန်းကျောင်းမှာ ကျွန်တော်က စာပေဟောပြောပွဲရှိလို့ သွားတော့ သူက သူ့အမေ သူ့အဖွားနှင့် လိုက်လာသည်။ ကျွန်တော်စင်ပေါ်တက်တော့ သူ့အဖွားရင်ခွင်ထဲက ထလာကာ စင်ပေါ် မေးတင်ပြီး ကျွန်တော့်ကို အားပေးသည်။
ဘုရားပဲ သွားချင်သည့် ကီးကီး
———————————-
သည်ကောင် ငယ်ငယ်က အခြားနေရာများထက် ဘုရားကိုသွားရတာ ပိုပျော်သည်။ အထူးသဖြင့် အိမ်နှင့် မဝေးလှသော အောင်တော်မူဘုရားကို ညတိုင်းလိုက်ပို့ရသည်။ သည်လိုသွားလျှင် ကျွန်တော်က မီနီအိုးဝေနှင့် သွားတော့ သူက ပိုပျော်သည်။ သူ့မိဘ၏ ကားထက် ကျွန်တော်နှင့် မီနီအိုးဝေပဲ စီးချင်သည်။ ဘုရားရောက်သည်နှင့် ဟေးခနဲ ပျော်ကာ ပြေးပြီး ရှင်ဥပဂုတ်ကိုယ်တော်နှင့် ပိုက်ဆံအကြွေပစ်သည့်နေရာဆီသွားသည်း ကျွန်တော့်ထံက ပိုက်ဆံ တောင်းပြီး ငွေအကြွေစေ့လဲသည်။ ထို့နောက် သံပန်းကိုကျော်ပြီး အကြွေစေ့ပစ်နိုင်ဖို့ ကျွန်တော်က မ ချီ ထားရသည်။ အကြွေစေ့ပစ်လို့ လဲထားသော ပိုက်ဆံကုန်တော့ ငွေအကြွေ ထပ်လဲခိုင်းသည်။ အကြွေလဲသည့် နေရာက သူ့ကို သိနေတော့ နောက်ထပ် အကြွေလဲတိုင်း ကျသင့်ငွေ မယူတော့ပေ။
ရှင်ဥပဂုတ်ကန်မျာငွေအကြွေ ပစ်ပြိးတာနှင့် ကြေးစည်ထုသည့်နေရာ ပြေးကာ ကြေးစည်ကို မနိုင့်တနိုင်ထုသည်။ ထို့နောက် ခုနစ်နေ့ ခုနစ်နာမ်မှာ ရေဖလားယူပြီး ကျာရုပ်ရှိသည့် ဆင်းတုပေါ် ရေလောင်းပြန်သည်။ ထိုနေရာပြီးမှ ဂန္ဓကုဋိတိုက်တော်ထဲ ဝင်၍ ဘုရားဦးချသည်။ ထိုစဉ် အတွင်းရှိ အလှူခံမှန်ပုံးတွေ အစေ့ ပိုက်ဆံထည့်ဖို့ ကမန်တော့်ထံ တောင်းပြန်သည်။ တစ်ခါ ဘုရားဝင်းအနောက်ဘက် ပြေးပြီး နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံအပေါ်ထပ်တက်ပြန်သည်။ အပေါ်ရောက်တော့ ကျွန်တော့်ကို မ ချီခိုင်းပြိး ရှေ့မှာ ခေါက်ထားသည်ု တဘက်လေးများနှင့် ဘုရားမျက်နှာတော်ကို ဖွင်းပြန်၏။ ၅ဆူလောက် မျက်နှာတော်ဖွင့်ပြီး ပြေးဆင်းလို့ နောက်က လိုက်ရပြန်သည်။
ကျွန်တော်က မောလို့ ဘုရားမြောက်ဘက် ပုတီးစိပ်သည့် ကွပ်ပျစ်မှာ ခဏထိုင်၍ နားပြန်တော့ ဘေးမှာ လာထိုင်ပြိး မြင်သမျှ အမေးအမြန်း ထူတော့သည်။ ကိုင်း အာပေါက်အောင် ဖြေပေရော့။ သူ့မေးခွန်းတွေ ဖြေအပြီး အဝင်စောင်းတန်း ဘေးက ဆိုင်မှာ ရေခဲမုန့် တစ်ဗူးဝယ်ကျွေးရသေးသည်။ သူက ငယ်စဉ်ကတည်းက အာရုံကြော အားနည်းမှုကြောင့် မျက်မှန်တပ်ရသည်။ ထို့ကြောင့် အောင်တော်မူဘုရားထဲက ဈေးသည်တွေက မျက်မှန်နှင့် ကလေးလေး ဟု သိနေကြသည်။ ဘုရားဝင်းထဲ မျက်မှန်လေး တဝင်းဝင်းနှင့် တောက်တက်တောက်တက် ပြေးဆော့ကစား ပြီးမှ အိုးဝေနှင့် ပြန်ရသည်လေ။ အမလေး ဒီကောင်နှင့် ဘုရားသွားရတာ ၅ထောင် အနည်းဆုံးကုန်သည်။ ဒါကို ကိုယ်တော်က ညတိုင်းသွားချင်သည်။ ညနေ စောင်းတာနှင့် အိုးဝေကို ခေါ်ဖို့ ဦးဂူးဂူးကို ဖုန်းဆက်ဟု တစာစာ ပူဆာတော့သည်။ ဦးဂူးဂူးဆိုတာ ကျွန်တော် ခေါ်နေကျ အိုးဝေဆရာလေ။
ကျွန်တော့်မှာ နေ့တိုင်းမတတ်နိုင်လို့ ရက်ခြားပဲ သွားရသည်။ ရက်ခြားကလည်း တစ်ရက်ထက် ခြားလို့မရ။ တစ်ရက်မသွားရလျှင် နောက်ရက် ပူဆာတော့သည်။ အောင်တော်မူဘုရားချည်း အမြဲသွားရတော့ ကျွန်တော်က တစ်ရက်တလေ အပြောင်းအလဲ ဖြစ်အောင် ကျောက်တော်ကြီးနှင့် ကုသိုလ်တော်သို့လည်း ပို့ဖြစ်သည်။ သို့သော် ထိုဘုရားများကို ရက်ဆက်လို့မရ။ နှစ်ရက်လောက် ဆက်တာနှင့် အိမ်ကထွက်တာနှင့် ဦးဂူးဂူး အောင်တော်မူပို့ဟု အော်တော့သည်။ တစ်ခါကများ သူပိုသဘောကျမလား အောက်မေ့ကာ မဟာမုနိဘုရားကြီးသို့ ပို့ဖြစ်သည်။ ဘုရားကြီးရောက်တော့ ညောင်းလို့ဟု အကြောင်းပြကာ ကျောင်းတော်ကြီး တိုင်ကို မှီ၍ ထိုင်ကာ မထတော့ဘဲ ငူငူကြီး ထိုင်၍ စိတ်ကောက်တော့သည်။ ကျွန်တော့်မှာ မနည်းချော့ပြီး အပြန်တွင် အောင်တော်မူသို့ ပို့ရပြန်၏။
ဆူးငှက်
