မကွေးအပါအဝင် တနိုင်ငံလုံးမှာ သုံးရက်အတွင်း အပူချိန်ကြောင့် သေဆုံးသူ ၁၅ ယောက်ထက်မနည်းရှိပြီး ဆေးရုံတင်ရသူတွေလည်းရှိ

ရန်ကုန် ၊ ဧပြီ ၃၀ – ၂၀၂၄
GG (VOM)
ကမ္ဘ့ာ့အပူချိန်အမြင့်ဆုံးစာရင်းမှာ နံပါတ်တစ်နေရာကနေပါဝင်ခဲ့တဲ့ မကွေးတိုင်း အပါအဝင် တနိုင်ငံလုံးမှာ အပူချိန်မြင့်တက်မှုကြောင့် ခုရက်ပိုင်းမှာတင် လူသေဆုံးမှု ၁၅ ယောက်ထက်မနည်းရှိနေပြီး ဆေးရုံမှာကုသမှုခံယူနေရသူတွေလည်းရှိနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။
ဧပြီလ ၂၈ ရက်မှ ဧပြီလ ၃၀ ရက်နေ့ အတွင်း မကွေးမြို့ မှာ အပူချိန်မြင့်တက်မှုကြောင့်ကနဦးသိရှိမှုအရ အပူရှပ်သေဆုံးသူ ရှစ်ယောက်အထိရှိပြီး ဆေးရုံတက်နေရသူနှစ်ယောက်ရှိထားပါတယ်။
” အရက်သောက်ပြီး အပူဒဏ်မခံနိုင်ဘဲသေသူများတယ်။ အပူရှပ်သေကြတာပေါ့။ လူလတ်ပိုင်းများတယ်။ဆေးရုံတက်နေရသူနှစ်ယောက်ကတော့သက်သာပါတယ်။သေတဲ့ ရှစ်ယောက်မှာ အမျိုးသမီးသုံးယောက်၊အမျိုးသားငါးယောက်ပါ ” လို့ မကွေးမြို့က လူမှုကူညီရေး အသင်းဝင်တယောက်ကပြောပါတယ်။
အလားတူ မန္တလေးတိုင်း ၊မဟာအောင်မြေမြို့နယ်မှာလည်း ဧပြီ ၂၉ ရက်နေ့က အမျိုးသားတယောက် အပူရှိန်ကြောင့်မူးလဲလို့ ဆေးရုံကိုပို့စဉ် ဦးနှောက်သွေးကြောပြတ်ကာသေဆုံးမှုရှိခဲ့ပါတယ်။
မိတ္တီလာမြို့နယ်ထဲမှာလည်း ဧပြီ ၂၈ ရက်နေ့က ကုန်စိမ်း ပွဲရုံလုပ်သားတယောက်အပူရှိန်ကြောင့် မူးဝေလဲကျခဲ့လို့ ဆေးရုံကိုပို့စဉ် သေဆုံးခဲ့ရတယ်လို့သိရပါတယ်။
ဒါအပြင် မြဝတီမြို့နယ်ထဲမှာလည်း စွန့်ပစ်ခံဘိုးဘွားအချို့ဟာ လမ်းဘေးမှာ အပူဒဏ်ခံရပြီး သေဆုံးမှုတွေခပ်စိတ်စိတ်ရှိလာနေတယ်လို့သိရပါတယ်။
” ခုရက်ပိုင်းဆို ရက်ခြားလောက်ကို ပိုင်ရှင်မဲ့ အလောင်းကောက်နေရတယ်။ဘိုးဘွားတွေကိုလာစွန့်ပစ်ကြတော့ နေကပူ နေစရာမရှိနဲ့ အပူချိန်ကမြင့်တော့ အပူကြောင့်ရော၊အဟာရပြတ်တာရော၊ရောဂါအခံကြောင့်ပါမယ် သေကြတယ်။အပူချိန်ကလည်းမြင့်တက်လာနေတော့ စွန့်ပစ်ခံဘိုးဘွားတွေ ဒဏ်ခံနေရတယ် ” လို့ မြဝတီမြို့ လူမှုကူညီရေး လုပ်နေသူတယောက်ကပြောပါတယ်။
အလားတူ အပူချိန်မြင့်တက်နေတဲ့ ချောက်မြို့၊ ပုဂံညောင်ဦး အပါအဝင် အခြားမြို့နယ်တွေမှာလည်း အပူချိန်ကြောင့် အပူရှပ်သူတွေရှိပြီး သေဆုံးသူအချို့လည်းရှိနေပေမယ့် အစိုးရဘက်က စာရင်းအတိအကျ ကောက်တာမရှိတဲ့အတွက် စာရင်းအတိအကျ မသိရပါဘူး။
ဧပြီလ ၃၀ ရက်နေ့အထိ ချောက်၊ မကွေးနဲ့ မန္တလေးမြို့တွေက ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းမှာ ဆက်လက်ပါဝင်နေပါသေးတယ်။
လက်ရှိကာလဟာ အပူချိန်မြင့်တက်နေတဲ့အချိန်ဖြစ်တာကြောင့် မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအတွင်း နေအိမ်ပြင်ပမထွက်ဖို့၊ ရေမချိုးဖို့၊ အပြင်ကပြန်လာတိုင်း ရေခဲရေသောက်ခြင်းနဲ့ ရေချက်ချင်း ချိုးခြင်းရှောင်ဖို့၊ အရက်သောက်စားခြင်းရှောင်ဖို့ ဆရာဝန်တွေကအကြံပြုထားပါတယ်။
ပုံ – မကွေးလူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW