မေလ ၅ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်ပွားနိုင်



ရန်ကုန် ၊ ဧပြီ ၃၀ – ၂၀၂၄
GG (VOM)

မေလ ၃ ရက်ကနေ မေလ ၅ ရက်နေ့အတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့အပူချိန်လျော့ကျစေနိုင်မယ့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ခန့်မှန်းထားပါတယ်။

ဒါအပြင် မေလထဲမှာ နောက်ထပ်လည်း မိုးရွာသွန်းမှုဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် အပူချိန်ကိုအထိုက်အလျောက်လျော့ကျစေနိုင်တယ်လို့လည်း ဆိုပါတယ်။

အနောက်ဘက်မှ ရွေ့လျားလာမယ့် လေပွေလှိုင်းတွေရဲ့ အရှိန် နဲ့ အပူပျံတက်တိမ်တွေဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် မိုးရွာသွန်းနိုင်တာဖြစ်တယ်လိူ့သိရပါတယ်။

” မုန်တိုင်းကြောင့်ရွာတာမျိုးမဟုတ်ဘူး။ပူလွန်အားကြီးမယ်။အနောက်ဘက်ကလေပွေလိူင်းတွေ၊ အပူပြန်တဲ့တိမ်တွေကနေ မိုးတိမ်တောင်တွေဖြစ်ပြီးရွာတာမျိုးပါ။မနေ့ကလည်း တချို့နေရာတွေရွာသွားတာရှိတယ်၊ဒီနေ့နည်းနည်းပြန်လျော့တယ်။အပူချိန်ကတော့ နွေရာသီရောက်တိုင်းမြင့်ပေမယ့်ခုနှစ်မိုးကမရွာတော့ပိုဆိုးတာပေါ့။ မေလဆန်းပိုင်းမှာမိုးရွာမယ်၊ မေလထဲမှာမိုးရွာမယ့်ဖြစ်စဉ်တွေရှိမယ်၊မိုးရွာရင်အပူချိန်လျော့မှာပေါ့၊မိုးရွာမယ်ပြောတဲ့နေရာတွေက အပူချိန်နည်းနည်းလျော့မယ် ” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပြ ပါတယ်။

မိုးရွာသွန်းနိုင်တဲ့နေရာတွေက စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ နေရာစိပ်စိပ်ရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်မှာတော့ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလမှခန့်မှန်းထားပါတယ်။

လက်ရှိ ဧပြီ ၃၀ ရက်နေ့အထိတော့ ကမ္ဘာ့အပူဆုံးမြို့၁၅ မြို့စာရင်းမှာ မြန်မာနိုင်ငံက ချောက်မြို့၊မကွေးနဲ့မန္တလေးမြို့ကပါဝင်နေပါသေးတယ်။

ခုလိုကမ္ဘာ့အပူဆုံးမြို့စာရင်းမှာ မြန်မာပါဝင်မှုနဲ့ပတ်သက်ပြီးလည်း ဦးလှထွန်းက ” အပူဆုံးမြို့ဆိုတာကလည်း အပူချိန်တိုင်းတဲ့နေရာတွေပေါ့၊အပူချိန်မတိုင်းတဲ့နေရာတွေလည်းရှိတာပေါ့။နိုင်ငံတိုင်းကတိုင်းထွာတဲ့မိုးလေဝသအချက်အလက်တွေကို ကမ္ဘာ့မိုးလေဝသဌာနအဖွဲ့ချုပ်ကိုပို့ရတယ်။တိုင်းတာတဲ့မြို့ပေါ်မူတည်တယ်။သဲကန္တာရတို့ဘာတို့တိုင်းကြည့်ပါလားပိုပူမှာပေါ့။ တိုင်းလို့ရတဲ့မြို့တွေကအပူချိန်ပဲသိရတာပေါ့။မတိုင်းတဲ့နေရာတွေလည်းရှိတယ် ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကိုတော့ မုတ်သုံဝင်ရောက်မှုအနေနဲ့ တနိုင်လုံးအတိုင်းအတာဆိုရင်ဇွန်လ ပထမပတ် ၁၀ ရက်အတွင်းမှာဝင်ရောက်နိုင်ဖွယ်ရှိကြောင်းမိုးဇလက ခန့်မှန်းထားပါတယ်။

လက်ရှိအပူချိန်မြင့်တက်နေချိန်မှာတော့လေထုထဲမှာ ရေခိုးငွေ့တွေပါဝင်တာကြောင့် အပူရှပ်ခြင်းတွေဖြစ်နိုင်လို့ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ဆရာဝန်တွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာနေထိုင်သင့်ကြောင်း အကြံပြုပါတယ်။

Photo: မိုး/ဇလ

Related posts

Leave a Comment

VOM News

FREE
VIEW