ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

ရန်ကုန် ၊ ဧပြီ ၃၀ – ၂၀၂၄
GG (VOM )
မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ဒီနေ့ ဧပြီလ ၃၀ ရက်နေ့ နေ့လယ် ၁ နာရီ ၁၀ မိနစ်အချိန်မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်တယ်လို့ ဆရာတော်ကြီးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
“ဆရာတော်ဘုရားကြီး ကပ္ပိယက ဖုန်းဆက်သွယ်လာပါတယ်၊ ၁နာရီ၁၀မိနစ်မှာမဟာဗောဓိမြိုင်ဆရာတော်ကြီးခန္ဓာဝန်ချတော်မူသွားပြီ၊အလွန်းစိတ်မကောင်းဖြရပါတယ်၊သာသနာတော်အတွက်အကြီးမားဆုံးဆုံးရှုံးမှုကြီးမို့ကျွန်တော်လဲအရမ်းဝမ်းနည်းရပါတယ် ” လို့ ဆရာတော်ကြီးနဲ့ ရင်းနှီးသူ တပည့်တယောက်ကပြောပါတယ်။
ဗောဓိမြိုင်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူချိန်မှာ သက်တော် ၈၃နှစ်ရှိပြီး ဝါတော် ၄၅ ဝါရှိပြီဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ မဟာဗောဓိမြိုင်ဆရာတော်ကြီး ပျံလွန်တော်မူတဲ့ အခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်ကို တရားဝင်ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။
မဟာဗောဓိမြိုင်ဆရာတော်ကြီးကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မင်းကုန်းကျေးရွာမှာ အဖ ဦးဘစံ + အမိ ဒေါ်မေ တို့က ၁၉၄၁ခုနှစ်( ၁၃၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ ည(၁)နာရီ၊ အင်္ဂါနေ့)မှာ ဖွားမြင်ခဲ့တာဖြစ်ပြီး ဆရာတော်ကြီးရဲ့ငယ်နာမည်က မောင်ငြိမ်းမောင်ဖြစ်တယ်လို့သိရပါတယ်။
ဆရာတော်ကြီးသည်၁၉၅၅ခုနှစ် (၁၃၁၇ ခုနှစ် တပို့တွဲ လပြည့်ကျော် (၆) ရက်၊ စနေနေ့)မှာ မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ထံ မှာရှင်သာမဏေ ပြုခဲ့ပြီး ဘွဲ့အမည်က “ရှင်ဉေ ယျ” ဖြစ်ပါတယ်။
၁၉၅၆ခုနှစ် (၁၃၁၈ ခုနှစ် ကဆုန်လပြည့်ကျော် (၁၀) ရက် တနင်္ဂနွေနေ့)မှာ ရွှေဘိုမြို့ ဝေဠုဝန် ပါဠိတက္ကသိုလ် စာသင်တိုက်ကို ပိဋကတ် စာပေ သင်ယူရန်ရောက်ရှိခဲ့ကာ ၁၉၅၇ခုနှစ် (၁၃၁၉ ခုနှစ်)မှာ ရွှေဘို ဝေဠုဝန်ပါဠိတက္ကသိုလ်မှ အစိုးရပထမငယ်တန်းအောင်မြင်ခဲ့ပါတယ်။
၁၉၅၉ခုနှစ် (၁၃၂၁ ခုနှစ် ဝါဆိုလဆန်း (၁၁) ရက် ဗုဒ္ဓဟူးနေ့) မှာ ရန်ကုန်မြို့ ကျောက်ပန်းတောင်းကျောင်းတိုက်ကို စာပေသင်ကြားဖို့ရောက်ရှိခဲ့ပြီး ၁၃၂၁ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် (၃)ရက် ဗုဒ္ဓဟူးနေ့မှာ မော်လမြိုင် စိန်မမပါဠိတက္ကသိုလ်ကို ပညာသင်ကြားဖို့ ရောက်ရှိခဲ့ပြီး အစိုးရပထမလတ်တန်းအောင်မြင်ခဲ့ပါတယ်။
၁၉၆၁ (၁၃၂၃ ခုနှစ် ဝါဆိုလဆန်း)မှာ မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တအာစာရ ကို ဥပဇ္ဈာယ်ပြုပြီး ထန်းတပင် ရွှေဖောင်တော်ဦး ကျောင်းတိုက် ခဏ္ဍသိမ်မှာ (ပထမအကြိမ်) ရဟန်းဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်၁၉၆၃ခုနှစ် (၁၃၂၅ ခုနှစ် နွေဦးကာလ) မှာ ဧရာဝတီတိုင်း ပုသိမ်မြို့ သာသနရံသီ ပါဠိတက္ကသိုလ်ကို ရောက်ရှိခဲ့ပြီး အစိုးရပထမကြီးတန်းကိုအောင်မြင်ခဲ့ပါတယ်။
၁၉၆၅ခုနှစ် (၁၃၂၇ ခုနှစ် တော်သလင်းလဆန်း(၁၃)ရက် နေ့) မှာတော့ စာသင်တိုက်မှာ နေဖို့ခက်ခဲတာကြောင့် လူဝတ်လဲခဲ့ကာ ရန်ကုန်မြို့ရှိ ဆေးလိပ်ခုံတခုံမှာ စာရေးဝင်လုပ်ခဲ့ပြီးနောက် အိမ်ထောင်ကျခဲ့ပါတယ်။
အဲဒီနောက် ၁၉၇၉ခုနှစ် (၁၃၄၁ ခုနှစ် တော်သလင်းလဆန်း (၁၂) ရက် တနင်္ဂနွေနေ့ မှာတော့ ဆရာတော်ကြီးဟာ ဘောက်ထော်သီရိရတနာလမ်း သာသနာ့ဗိမာန် ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္ဈယ်ပြုပြီး ခေမာသီဝံကျောင်းတိုက် ခဏ္ဍသိမ် မှာ (ဒုတိယအကြိမ်) ရဟန်းဝတ်ခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ဆရာတော်ကြီးသည် သာသနာဘောင်မှာ သာသနာဝန်ထမ်းဆောင်ခဲ့တာလက်ရှိ ခန္ဓာဝန်ချခဲ့တဲ့အချိန်ထိဖြစ်တယ်။
Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW