စမတ်ကဒ် ရှိမှသာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ထုတ်ပေးတော့မယ်

ဧပြီ ၅၊ ၂၀၂၄
Shy V (VOM)

စမတ်ကဒ် UID (Unique Identity Number) လက်မှတ်ပါမှသာ TBP, BP လက်မှတ်များ ထုတ်ပေးမှာဖြစ်ကြောင်း ဧပြီ ၄ ရက်နေ့မှာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနက ပြည်သူတွေကို အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ နယ်စပ်ဝင်/ထွက်ဂိတ် ကနေမှ ဝင်/ထွက်ခွင့်ပြုရာမှာ နယ်စပ် အဝင်/ အထွက် လူဦးရေစာရင်းဇယား တိကျစွာရရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အတုတွေနဲ့ အသုံးမပြုတဲ့ကတ် တွေကို အသုံးပြု သွားလာတာ‌တွေကို ထိန်းချုပ်နိုင်ဖို့ UID လက်မှတ်ပါမှသာ TBP, BP လက်မှတ်တွေ ထုတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မြို့နယ်ရုံးမှာ လျှောက်လို့ ရတယ်။ မြို့နယ်ရုံးက ဆက်တိုက် လုပ်ပေးနေတယ်။ EID သွင်းချင်တယ် ဆိုရင် သူတို့ လုပ်ပေးနေတယ်” လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူ မူဆယ် ဒေသခံ တယောက်က ပြောပါတယ်။

မိမိနေထိုင်ရာက မြို့နယ်က လူဝင်မှု ကြီးကြပ်ရေး (လဝက) ရုံးမှာ လျှောက်လို့ ရတယ်လို့ သူကပြောပါတယ်။

အသက် ၁၀ နှစ်အထက်ရှိသူတွေကို electronic စနစ်နဲ့ ကိုယ်ရေး အချက်အလက် (Biographic Data) တွေနဲ့ ဇီဝအချက်အလက် (Biometric Data) တွေ ကောက်ယူ မှတ်ပုံတင်ပြီး ဂဏန်း ၁၀ လုံးပါတဲ့ UID (Unique Identity Number) သတ်မှတ်ထုတ်ပေး နေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနက အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ Biographic/ Biometric အချက်အလက်တွေ မှတ်ပုံတင်ရာမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားတဲ့ အထောက်အထား လက်မှတ်တစ်ခုခု ယူဆောင်လာရန် လိုအပ်တယ်လို့ ပါရှိပါတယ်။

ဒါကြောင့် နယ်စပ်ဝင်/ထွက်ဂိတ်တွေမှာ TBP, BP လက်မှတ် လာရောက်လျှောက်ထားသူ တွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနဲ့ UID စာရွက်ပါ တပါထဲ ယူဆောင်လာကြရန်နဲ့ လာမယ့် မေလ ၁ ရက်နေ့ကစ UID စာရွက်ပါမှသာ TBP, BP လက်မှတ်ထုတ် ပေးမှာဖြစ်ပြီး နယ်စပ်ဖြတ်သန်းခွင့်ပြုမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Photo: Shy V

Related posts

Leave a Comment

VOM News

FREE
VIEW