လိမ်ပြီးအလှူခံစားတဲ့ အဖွဲ့ကို ဖမ်းပြီး သုံးရက်အကြာမှာ ထောင်သုံးလနဲ့ငွေဒဏ်ချမှတ်

စက်တင်ဘာ ၃ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ရွာစဥ်လှည့်ပြီး အလှူခံစားသောက်တဲ့ လူလိမ်အဖွဲ့ကို ဖမ်းဆီးပြီး သုံးရက်အကြာ ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့မှာ ထောင်ဒဏ်သုံးလနဲ့ ဒဏ်ငွေ ငါးသောင်းစီ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အဲဒီ အလှူခံစားတဲ့ အဖွဲ့မှာ လူရှစ်ယောက်ရှိပြီး ကျူးလွန်သူ အားလုံးကို အုတ်တွင်းမြို့နယ်တရားရုံးက ထောင်ဒဏ်နဲ့ငွေဒဏ် ကျခံဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
” အလှူခံလိမ်ဂိုဏ်းအဖွဲ့ရှစ်ယောက် ထောင်(၃)လကျပါပြီ။ အခုနောက်ပိုင်း မိသမျှကို သာသနာညှိုးနွမ်းစေမှု ၂၉၅(က) ပုဒ်မနဲ့ အမှူဖွင့်မယ်။ထောင်ဒဏ် (၂) နှစ်ရှိတယ် ။အခုနောက်ထပ် လူလိမ်တဖွဲ့လဲ စုံစမ်းနေပါတယ် ။ အိမ်ပါငှားနေတာကို ဧည့်စာရင်းထုတ်ပေးတဲ့ အုပ်ကြီးတွေကိုပါ ထွေအုပ်ကို တိုင်မယ်။ ” လို့ အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့ရဲ့ တာဝန်ရှိသူ ဆရာတော် ဦးတေဇသီရိက သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပြောထားပါတယ်။
အဲဒီ အလှူခံစားတဲ့အဖွဲ့ဟာ အုတ်တွင်းမြို့နယ်ထဲက ကျောင်းရှစ်ဆယ်အုပ်စု ၊ ထန်းကုန်းရွာမှာ တလကို တသိန်းခွဲကျပ်နဲ့ အိမ်ငှားနေထိုင်ပြီး လနဲ့ချီ အလှူခံလိမ်စားနေတာဖြစ်​ကြောင်း ၊ တာဝန်ရှိသူတွေဟာ ဩဂုတ် ၃၁ ရက်နေ့မှာ အားလုံးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဆိုပါအဖွဲ့ဟာ အရင်ကလည်း အုတ်တွင်းမြို့နယ်ထဲမှာ လိမ်ညာပြီးလိုက်လံအလှူခံစားနေတာကြောင့် ခေါ်ယူပြီး နောက်တကြိမ်ထပ်မလုပ်ဖို့ ခံဝန်ထိုးခိုင်းကာ အုတ်တွင်းမြို့နယ်အတွင်း လိမ်ညာအလှူခံတာမျိုးမလုပ်ဖို့ပြောဆိုပြီး မြို့နယ်အတွင်းမှ ထွက်ခွာခိုင်းခြင်း ခံခဲ့ရသူတွေဖြစ်ပါတယ်။
ခုလို အလှူခံလိမ်စားတဲ့ အဖွဲ့တွေ အလှူခံခွင့်ရအောင် အခကြေးငွေယူပြီး ထောက်ခံစာရေးပေးတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအပါအဝင် ဘုန်းကြီးတွေကိုပါ စိစစ်ပြီး အရေးယူနိုင်အောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ကလည်း အုတ်တွင်းမြို့စျေးထဲမှာ သင်္ကန်းဝတ်ပြီး အလှူခံနေသူကို သာသနာရေးဆိုင်ရာ စည်းကမ်းနဲ့ ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးရာ ကိုက်ညီမှုမရှိတဲ့အတွက် လူဝတ်လဲပြီး သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) နဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။
” အလှူခံတွေက စုံနေတာပဲ ။ ဘေးတွဲဆိုင်ကယ်နဲ့ ဘုန်းကြီးတွေလည်းလာတယ်။ ခြေလျင်လည်း လာကြတယ်။ သုံးဘီးဆိုင်ကယ်တွေ ၊ လိုက်ထရပ်တွေနဲ့လည်း အလှူခံကြတယ် အစုံပဲ။ သူတို့ပြောတဲ့ ဘကကျောင်းတို့ ဓမ္မာရုံဆောက်ဖို့တို့ဆိုတာ ကိုယ်တွေလည်းမသိဘူး ။ တချို့အလှူခံဆို ခြံဝတင်မဟုတ်ဘူး အိမ်ပေါက်ဝအထိ ဝင်လာတာရှိတယ်။ အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေကလည်း မစစ်ဆေးကြဘူး။ အလှူခံခွက်ထဲကနေ ယူပြီး စားသောက်နေကြတာ မြင်ရပါများလာတော့ တော်ရုံဆို မလှူဖြစ်တော့ဘူး။ ” လို့ ပြည်သူတယောက်က ပြောပါတယ်။
ခုနောက်ပိုင်းမှာ သာသနာနဲ့ ကိုက်ညီမှုမရှိဘဲ သင်္ကန်းဝတ်ပြီး မူးရူးသောက်စားကာ လိုက်လံအလှူခံသူတွေ ၊ ဘယ်ကမှန်းမသိတဲ့ အလှူခံအဖွဲ့တွေ အများအပြား ရှိလာတယ်လို့သိရပါတယ်။
ဒါကြောင့် စည်းကမ်းမဲ့ အလှူခံပြီး လိမ်ညားစားနေတဲ့ အဖွဲ့တွေ ၊ ဘုန်းကြီးတွေကို သက်ဆိုင်ရာမြို့နယ် ၊ကျေးရွာ ၊ရပ်ကွက်အလိုက် တာဝန်ရှိသူတွေကနေ သေချာစစ်ဆေးပြီး ထိရောက်တဲ့ အရေးယူမှုတွေပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
ဓာတ်ပုံ – ဆရာတော် ဦးတေဇသီရိ

Related posts

Leave a Comment

VOM News

FREE
VIEW