မန္တလေး- သြဂုတ်- ၂၇-၂၀၂၆
VOM
မန္တလေးမြို့ ဧရာဝတီမြစ်ဘေးမှာ တည်ဆောက်နေတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရဲ့ ဧရိယာထဲမှာ လယ်ယာမြေအကွက်ရိုက်ရောင်းတာကို ဝယ်ယူအိမ်ဆောက်ထားတဲ့ အိမ်ခြေ နှစ်ထောင်ကျော်ဟာ နေထိုင်ခွင့်မရှိလို့ဆိုပြီး ဖယ်ရှားခံရမယ့်အရေးကြုံနေပါတယ်။
အမရပူရမြို့ဘေးအကွက်ရိုက်နေထိုင်ကြတဲ့သူတွေထဲမှာ တချို့က နှစ် ၂၀ကျော် နေထိုင်တဲ့ရွာခံတချို့ရှိနေတယ်ဆိုတာကြောင့် ဒီလိုရွာခံတွေနစ်နာမှု ဘယ်လိုစီစဥ်ပေးမလဲဆိုတာသိနိုင်ဖို့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရဲ့ တာဝန်ရှိသူ ဒါရိုက်တာ ဦးဇော်ရဲဝင်းကို Voice Of Myanmar(VOM)ရဲ့ အယ်ဒီတာချုပ် ဦးနေလင်းတွေ့ဆုံမေးမြန်းခဲ့ပါတယ်။
“ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် ဘယ်ရွာမှမဖျက်ကြောင်း ၊ လယ်ယာမြေ အကွက်ရိုက်ရောင်းချထားသူတွေဆီကနေ အမှန်တကယ်ဝယ်ယူမိသူတွေ အိမ်ဆောက်ထားရင် မူလမြေတန်ဖိုးကို မြေရောင်းထားသူတွေဆီကပြန်တောင်းဖို့နဲ့ အဆောက်အဦတွေရဲ့ ကုန်ကျထားတာကိုတော့ ကုမ္ပဏီကနေ ဘဏ်တိုးပါပေါင်းပြီး စိုက်ထုတ်ကူညီမယ်” လို့ ဖြေကြားခဲ့တာအပါအဝင် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကြောင်းနဲ့ နစ်နာမှုရှိသူတွေအတွက် ကုမ္ပဏီဘက်က ဘာကူညီပေးနိုင်မလဲဆိုတာတွေ မေးမြန်းထားတာကိုတင်ပြလိုက်ပါတယ်။
သတင်းအကျဉ်းချုပ်ကတော့
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့က သက်ဆိုင်ရာက ထုတ်ပြန်တဲ့ ထုတ်ပြန်စာမှာတော့ အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာအုပ်စုကွင်းအမှတ် ၆၀၃ (မြို့ပတ်လမ်းအရှေ့ဘက်ခြမ်း)မှာ မြေကွက်ရိုက်ဖော်ဆောင်ခြင်း၊ ဝန်းခြံကာရံခြင်း၊ လမ်း ခင်းကျောက်ရိုးစီခြင်း၊ အဆောက်အဦး ဆောက်လုပ်အသုံး ပြုနေကြောင်း စိစစ်တွေ့ရှိရတာကြောင့် လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (ဂ ၊ ဃ) တို့နဲ့ လက်ရှိနေထိုင်သူတွေကို လယ်ယာမြေပေါ်မှ ထွက်ခွာသွားရန်၊ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက် လုပ်ထားတဲ့ အဆောက်အဦးများ (အခိုင်အမာ ကာရံထားသော ကျောက်တိုင်များကို ဖယ်ရှားသွားရန်) ကို သြဂုတ်လ ၁၄ ရက်နေ့မှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့မှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့အပြင် လိုက်နာမှုမရှိရင် သက်ဆိုင်ရာ တရားရုံးကနေ တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ တရားစွဲဆို ဆောင်ရွက်မယ်လို့လည်း ပါရှိပါတယ်။
အမရပူရခရိုင်၊ ယဥ်တော်ကျေးရွာအုပ်စုနဲ့ ငယ်တိုးတိုက်နယ်အတွင်းက အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅ – က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ အတွင်း ပုံစံ ၇ နဲ့ ကိုင်းမြေစိုက်ပျိုးလုပ်ပိုင်ခွင့်ရှိတဲ့ စုစုပေါင်းဧရိယာ ၄၀၅.၅၀ ဧကအတွင်းမှာ စိုက်ပျိုးလုပ်ပိုင်ခွင့်တွေကို ပယ်ဖျက်ရုပ်သိမ်းခဲ့ပြီးဖြစ်တာကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ လက်ဝယ်ကိုင်ဆောင်ထားသူတွေအနေနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး သတ်မှတ်နှုန်းထား ငွေကြေးသော်၄င်း၊ စီမံကိန်းစာချုပ်ပါအတိုင်း စီမံကိန်းမှ ပေါ်ထွက်လာမယ့် မြို့မြေကွက်သော်၄င်း လာရောက်ထုတ်ယူဖို့ ကြေငြာစာတွေကို သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅ – က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ အတွင်း မှာ ရွာမြေအပါအဝင် နေအိမ်ထောင်ချီရှိတယ်လို့ သိရပါတယ်။
ရိုက်ကူးတည်းဖြတ် ရှိုင်းအောင်(VOM)
