ဖလမ်း နဲ့ တီးတိန်မြို့ကို စစ်ရှောင်တွေ ရာနဲ့ချီ ဝင်ရောက်မှုရှိလာ

မေ ၂၁ ၊ ၂၀၂၆
CC (VOM)
ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းနဲ့ တီးတိန်မြို့ကို စစ်ရှောင်တွေ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်မှု အများအပြားရှိ လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖလမ်းမြို့ကို အစိုးရတပ်ကသိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်ဖို့အတွက် မေလ ၂၀ ရက်နေ့ ညနေပိုင်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ဝင်ရောက်လာသလို စစ်ရှောင်တွေလည်း ရာနဲ့ချီပြီး နေရပ်ပြန်လည်ဝင်ရောက်မှုရှိလာတာ ဖြစ်တယ်လို့ သိရပါတယ် ။
ကလေးမြို့ကို ရောက်နေတဲ့ ဖလမ်းဒေသစစ်ရှောင်တွေဟာ ဒီကနေ့ မေ ၂၁ ရက်အထိ ဖလမ်းမြို့ကို ပြန်လည်ဝင်ရောက်မှု ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
” မနေ့ကလည်း ပြန်ကြတာ တော်တော်များတယ်။ အတိကျတော့ မသိပေမယ့် ရာဂဏန်းတော့ရှိတယ်။ ဒီနေ့လည်း ကိုယ့်အစီအစဥ် နဲ့ကိုယ်ပြန်နေကြတာ တွေရှိတယ်။ ပြန်လို့ရပြီဆိုတာနဲ့ကို ချက်ခြင်းပြန်ကုန်ကျတာ ကားတွေ ဆိုင်ကယ်တွေ အပြည့်ပဲ ။ ” လို့ ကလေးမြို့ခံတယောက်က ပြောပါတယ်။
ဖလမ်းမြို့ကို ပြန်လည်ဝင်ရောက်မယ့် နေရပ်စွန့်ခွာ ပြည်သူတွေကို ဖလမ်းခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ ( FCMF) က ဦးဆောင်ပြီး ဖလမ်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း ( CSOs) အားလုံးစုပေါင်းပြီး အဆင့်လိုက် စနစ်တကျ စီစဉ် ဆောင်ရွက်ပေး သွားမယ်လို့ မေလ ၂၀ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။
ပထမဆုံးအနေနဲ့ ဖလမ်းဒေသခံ အိမ်ထောင်စုအရေအတွက် အနည်းဆုံး ၅၀၀ လောက် နေရပ် ပြန်လည်အခြေချနိုင်ရန် ရည်ရွယ်ထားပြီး နေရပ်ပြန်သူတွေအတွက် သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံစားသောက်ကုန်၊ လူသုံးကုန် ပံ့ပိုးမှုကို ပြုလုပ်သွားမယ်လို့ သိရပါတယ် ။
ဘယ်အရပ်ဒေသကမဆို ဆိုင်ကယ်နဲ့ နေရပ် ပြန်လာမယ်သူတွေကို တယောက် ၂၅၀၀၀ ကျပ် ထောက်ပံ့ပေးမှာဖြစ်ပြီး ကလေးမြို့ကနေ ပြန်လာမယ့် သူတွေကိုတော့ ကုန်ကားသယ်ယူပို့ဆောင်ပေးကာ သက်ကြီးရွယ်အို နဲ့ ကျန်းမာရေး မကောင်းသူအတွက်တော့ မီနီဘတ်စ်ကားနဲ့ တပတ်မှာ တကြိမ် ပြေးဆွဲပေးမယ်လို့ ဆိုပါတယ်။
ဟားခါးမြို့ကနေ ဖလမ်းနေရပ်ကို ပြန်လာမယ့်သူတွေကိုတော့ လိုအပ်ချက်အပေါ် မူတည်ပြီး ကားစီစဥ်ပေးသွားမယ်လို့ သိရပါတယ်။
ဖလမ်းကို ပြန်လည်ဝင်ရောက်လာတဲ့ ဒေသခံတွေထဲကမှ နေအိမ်ပြန်လည် ပြင်ဆင်ဖို့ လိုအပ်သူတွေကို ပလတ်စတစ်နဲ့ မိုးကာတွေ အရင်းဈေးနူန်းနဲ့ ရောင်းချပေးမယ့်အပြင်၊ ဆန်၊ဆီ၊ ကုလားပဲနဲ့ ဆားတို့ကိုလည်း ပိဿာချိန်အကန့်အသတ်နဲ့ ဖလမ်းမြို့ရောက် ကုန်ကျစရိတ်ရဲ့ တဝက်ဈေးနူန်းနဲ့ တကြိမ် ဝယ်ယူခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။
ဒါအပြင် ရေပိုက်လိုင်းပျက်စီးပြီး ရေယူရမယ့်နေရာက ပေ ၃၀၀ ထက် ဝေးလံတဲ့ အိမ်ထောင်စုတွေကိုလည်း PVC 8.5 (ငါးမူးပိုက်) ၁၀ ချောင်းနဲ့ ပိုက်ဆက်ခေါင်း ၁၀ ခု ထောက်ပံ့ပေးမှာဖြစ်ပြီး မီးလင်းဖို့ အခက်အခဲရှိတဲ့ အိမ်ထောင်စုတိုင်းကိုလည်း ဆိုလာကိရိယာ တစုံနဲ့ မီးသီးတလုံးစီ ပေးအပ်သွားမယ်လို့ သိရပါတယ် ။
နေရပ်ပြန်သူတွေအတွက် အရေးပေါ်ကျန်းမာရေးကိစ္စဖြစ်ပါက စျေးနူန်းသက်သာစွာနဲ့ ဆေးဝါးဝယ်ယူနိုင်ရေးအတွက်လည်း ဆေးဆိုင်တဆိုင်ဖွင့်လှစ်ပြီး သင်တင့်မျှတတဲ့ စျေးနူန်းနဲ့ ဆေးဝါးတွေ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
ဖလမ်းမြို့ကိုတော့ ဧပြီ ၂၅ ရက်မှာအစိုးရတပ်ကပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ မြို့တွင်းပြင် ရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီးနောက် မြို့ခံတွေကို ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
အလားတူ ကလေးမြို့ကို ရောက်ရှိနေတဲ့ တီးတိန်စစ်ဘေးရှောင်ပြည်သူတွေလည်း တီးတိန်မြို့ကို နေရပ်ပြန်လည်ဝင်ရောက် မှုရှိလာတယ်လို့ သိရပါတယ် ။
ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေက တီးတိန်မြို့ကို မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မယ်ဆိုတဲ့သတင်းကြောင့် တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ဒေသခံတွေဟာ ကြိုတင်စစ်ရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိအထိ မြို့သိမ်းတိုက်ပွဲဖြစ်ပွားတာမျိုးမရှိတာကြောင့် ကလေးမြို့ရှိ တီးတိန်စစ်ရှောင်တွေဟာ မေလ ၂၁ရက်နေ့ကစလို့ စစ်ရှောင်တွေကို အခမဲ့သယ်ယူပို့ဆောင်ပေးတဲ့ ကုန်ကားတွေ နဲ့ နေရပ်ပြန်လည် ဝင်ရောက်မှုရှိလာတာ ဖြစ်တယ်လို့ သိရပါတယ် ။
” တီးတိန်က လုပ်ငန်းရှင်တွေက ကားတွေစီစဥ်ပေးလို့ပြန်ကြတာ ။ပြန်ကြတာ ​အလုအယက်ပါဘဲ။ ဒီမှာက နေရထိုင်ရတာ အလုပ်အကိုင်ကသိပ်မကောင်းတော့ တချို့အိမ်ငှားခတောင်မတတ်နိုင်ကြတော့တာရှိတယ်။ ကျွန်မတို့ကတော့ သမီးကို ဒီကလေးမှာပဲ ကျူရှင်ထားတာတွေ ကျောင်းအပ်ဖို့တွေလုပ်ပြီးတော့ ပြန်ဖို့က စဥ်းစားနေတုန်းပဲ ။ ” လို့ ကလေးရောက် တီးတိန်စစ်ရှောင် ဒေသခံက ပြောပါတယ်။
မနက်ဖန် မေ ၂၂ ရက်မှာလည်း ကလေးမြို့ရောက် တီးတိန်စစ်ရှောင်တွေ နေရပ်ပြန်ဖို့အတွက် အခမဲ့ကားအစီအစဥ်တွေရှိကြောင်း သိရပြီး တီးတိန်ဒေသခံတွေဟာ ကလေးမြို့အပြင် ရိဒ်ခေါဒါရ် မြို့နဲ့ မီဇိုရမ် ဘက်ကိုလည်း တိမ်းရှောင်မှုရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW