လွတ်ငြိမ်းထောင်ထွက်လား? စစ်ပြန်ကြီးလား?

(ထောင်တံခါးနောက်မှ ဘဝတံခါးရှေ့သို့)
ဒေါက်တာဖိုးဖြူ
(ကော်ပိုရိတ် ဥပဒေဒါရိုက်တာ)
၁။ ထောင်ကလွတ်လာတာနဲ့ ဘဝဟောင်းကို ပြန်ရပြီလား?
မိတ်ဆွေ- အခုလောက်ဆို အိမ်ပြန်ရောက်လောက်ပြီ ထင်ပါတယ်။ အပန်းဖြေလိုက်ပါဦး။
လွတ်ရက်စေ့လို့လား၊ ခံဝန်နဲ့လား၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့လား။ ဘယ်လိုပဲလွတ်လွတ် ထောင်အုတ်ရိုးထဲကနေတော့ အပြင်ကို ရောက်လာခဲ့ပြီပေါ့။
ထောင်ထွက်လက်မှတ်လေးကို ပလတ်စတစ်ကတ်လောင်းပြီး သိမ်းထားချင်လည်း သိမ်းထားပါ။ ဒါပေမဲ့ အဲဒီကတ်လေးကို ကိုယ့်ဘဝတစ်ခုလုံးရဲ့ အမည်နာမအဖြစ်တော့ မသတ်မှတ်
လိုက်ပါနဲ့။
ထောင်တံခါး ပြန်ပွင့်လာတဲ့နေ့မှာ အပြင်လောကက ပုံမှန်အတိုင်း ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘဝကတော့ အရင်အတိုင်း မဟုတ်တော့ပါဘူး။ မိဘတွေ အိုမင်းသွားပြီ။ ကလေးတွေ ကြီးပြင်းလာပြီ။ မိတ်ဆွေတချို့ မရှိတော့ဘူး။ အလုပ်အကိုင်တွေလည်း ပြောင်းလဲသွားပြီလေ။
ဒါကြောင့် ထောင်ကလွတ်လာတာဟာ ဘဝဟောင်းကို ပြန်ရတာထက်၊ ဘဝသစ်တစ်ခုကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးရလာတာလို့ မှတ်ယူလိုက်ပါ။
၂။ အရေးတော်ပုံတိုင်းကို မျိုးဆက်တစ်ဆက်တည်းနဲ့ အဆုံးအဖြတ်ပေးနိုင်သလား?
ကမ္ဘာ့သမိုင်းတလျှောက်ကိုကြည့်ရအောင်ပါ။ အရေးတော်ပုံတွေကို မျိုးဆက်တစ်ဆက်တည်းနဲ့ ဆုံးခန်းတိုင်စေနိုင်ခဲ့တာမဟုတ်သလို၊ ပြီးသွားရင်ရော အရာအားလုံး ချက်ချင်းကောင်းသွားတာ မဟုတ်ခဲ့ပါဘူး။
အမေရိကန်ဟာ ၁၇၇၆ ခုနှစ်မှာ လွတ်လပ်ရေးကြေညာခဲ့ပေမယ့် လူတိုင်းအတွက် တန်းတူအခွင့်အရေးရရှိဖို့ နောက်ထပ် မျိုးဆက်များစွာ ကြိုးပမ်းခဲ့ရပါတယ်။ အိန္ဒိယလွတ်လပ်ရေးခရီးမှာလည်း မျိုးဆက်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။
ပြင်သစ်တော်လှန်ရေးဟာ ၁၇၈၉ ခုနှစ်မှာ စတင်ခဲ့ပေမယ့် တည်ငြိမ်တဲ့ ဒီမိုကရေစီစနစ်ကို ချက်ချင်း မဖန်တီးနိုင်ခဲ့ပါဘူး။ နောက်မျိုးဆက်သုံးဆက်အထိ အပြီးဆုံးသေးတဲ့ ခေတ်ဝန်ကို ပုခုံးပြောင်းထမ်းခဲ့ရတယ်။
ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ရအောင် မိတ်ဆွေ။ အရေးတော်ပုံတိုင်းဟာ ပါဝင်သူတွေရဲ့ သက်တမ်းအတွင်းမှာ ချက်ချင်း အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ တချို့က အသက်ဆုံးရှုံးတယ်။ တချို့က ထောင်ကျတယ်။ တချို့ မိသားစုတွေ ကွဲကွာခဲ့ရတယ်။
ပြင်သစ်တော်လှန်ရေး၊ အမေရိကန် လွတ်လပ်ရေးစစ်ပွဲကနေ နယ်လ်ဆင်မန်ဒဲလားရဲ့ တောင်အာဖရိကအထိ ပြန်ကြည့်ပါ။ မန်ဒဲလားဆိုရင် ထောင်ထဲမှာ ၂၇ နှစ်လောက် နေခဲ့ရတယ်။ လွတ်လာတော့ သမ္မတဖြစ်လာတယ်။ ဒါပေမဲ့ နိုင်ငံရေး အပြောင်းအလဲဖြစ်တိုင်း စီးပွားရေး မညီမျှမှုတွေက ချက်ချင်း ပြေလည်မသွားပါဘူး။
ဒီတော့ ကျွန်တော်တို့အတွက် သင်ခန်းစာက ရှင်းပါတယ်။ အောင်ပွဲဆိုတာ အုပ်ချုပ်သူတစ်ယောက် ပြောင်းသွားရုံနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ သာမန်ပြည်သူတွေရဲ့ ဘဝ ဘယ်လောက်ကောင်းမွန်လာသလဲဆိုတာကသာ အဓိကပါ။
မြန်မာ့သမိုင်းမှာလည်း ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၈၊ ၂၀၀၇ နဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအချိုးအကွေ့တွေဟာ မျိုးဆက်အသီးသီးရဲ့ ဘဝတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
နိုင်ငံရေးသိပ္ပံပညာရှင် သီဒါစကော့ချ်ပေါလ် (Theda Skocpol) ရဲ့ နိုင်ငံတော်နှင့် လူမှုတော်လှန်ရေးများ (States and Social Revolutions, 1979) ကျမ်းမှာ တော်လှန်ရေးတွေကို လူပုဂ္ဂိုလ်တစ်ဦးတည်းရဲ့ ဆန္ဒနဲ့ ရှင်းပြလို့မရကြောင်း သုံးသပ်ထားပါတယ်။
အရေးတော်ပုံတစ်ခုရဲ့ သက်တမ်းဟာ လူတစ်ယောက်ရဲ့ အသက်ထက် ရှည်နိုင်ပါတယ်။ ဒါကြောင့် သမိုင်းအတွက် အသက်ရှင်ခဲ့သူဟာ၊ ကိုယ့်ဘဝအတွက်လည်း ဆက်လက်အသက်ရှင်ဖို့ လိုပါတယ်။
၃။ ထောင်ထွက်တိုင်း မန်ဒဲလားဖြစ်ဖို့ လိုသလား?
နယ်လ်ဆင်မန်ဒဲလားဟာ ၂၇ နှစ်ခန့် အကျဉ်းကျခံခဲ့ရပြီး ၁၉၉၄ ခုနှစ်မှာ တောင်အာဖရိကသမ္မတ ဖြစ်လာခဲ့ပါတယ်။ ဂျဝါဟာလာနေရူးဟာ အကျဉ်းထောင်အတွင်း စာပေတွေ ရေးသားခဲ့ပြီး၊ ဗာစလပ်ဟာဗယ်ဟာ အကျဉ်းထောင်တွင်း စာရေးဆရာဘဝကနေ သမ္မတဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ထောင်ထွက်တိုင်း သမ္မတဖြစ်ဖို့ မလိုပါဘူး။ မိသားစုကို ပြန်လည်စောင့်ရှောက်နိုင်ခြင်း၊ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်နိုင်ခြင်း၊ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်သူဖြစ်လာခြင်းတို့ဟာလည်း ကြီးမားတဲ့ အောင်မြင်မှုတွေပါပဲ။ လူတစ်ယောက်ရဲ့တန်ဖိုးကို ထောင်ကျခဲ့တဲ့နှစ်တွေနဲ့ချည်း တိုင်းတာလို့ မရနိုင်ပါဘူး။
၄။ ထောင်ကလွတ်ပြီး ဘာကို အရင်ဆုံး ပြန်တည်ဆောက်သင့်သလဲ?
ပထမဆုံး ကျန်းမာရေးပါ။ ဒုတိယ မိသားစုပါ။ တတိယ အသက်မွေးဝမ်းကျောင်းပါ။ ထောင်ထဲမှာ ဆုံးရှုံးခဲ့တဲ့အချိန်တွေကို ပြန်မရနိုင်ပါဘူး။ ဒါပေမဲ့ ရှေ့မှာကျန်နေသေးတဲ့အချိန်တွေကိုတော့ အကောင်းဆုံး စီမံနိုင်ပါတယ်။
ဘောဂဗေဒပညာရှင် အမတ်တီယာဆန် (Amartya Sen) ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ လွတ်လပ်ခွင့်ပင်ဖြစ်သည် (Development as Freedom, 1999) ဆိုတဲ့ ကျမ်းအရ လွတ်လပ်မှုဆိုတာ အတားအဆီးတစ်ခုကနေ လွတ်မြောက်ရုံသာ မဟုတ်ပါဘူး။ ကိုယ်တန်ဖိုးထားတဲ့ဘဝကို ရွေးချယ်နေထိုင်နိုင်ဖို့ လက်တွေ့အခွင့်အလမ်းရှိခြင်းလည်း ဖြစ်ပါတယ်။
ထောင်တံခါးအပြင်ကို ရောက်လာတာဟာ လွတ်မြောက်မှုရဲ့အစပါ။ ဘဝကို ပြန်လည်တည်ဆောက်နိုင်ခြင်းကတော့ လွတ်လပ်မှုရဲ့ အသီးအပွင့်ပါပဲ။
၅။ ပိုက်ဆံမကုန်ဘဲ ကမ္ဘာ့အဆင့်မီ ပညာတွေကို ဘယ်လိုသင်ယူနိုင်မလဲ?
ဒီနေရာမှာ အမေရိကန် စာရေးဆရာ သောမတ်စ် ဖရိုင်းမန်း (Thomas L. Friedman) ရေးသားခဲ့တဲ့ လက်ဆက်စ်ကားနှင့် သံလွင်ပင် (The Lexus and the Olive Tree, 1999) စာအုပ်ထဲက သီအိုရီတစ်ခုကို ကိုးကားချင်ပါတယ်။
ဖရိုင်းမန်းက ခေတ်သစ်ကမ္ဘာကြီးမှာ “နည်းပညာနှင့် သတင်းအချက်အလက်များ လူတိုင်းလက်လှမ်းမီအောင် ဒီမိုကရေစီဆန်လာခြင်း (Democratization of Technology and Information)” ဆိုတဲ့ သဘောတရားကို ဖော်ထုတ်ခဲ့ပါတယ်။
သူ့အဆိုအရ ရုပ်ပိုင်းဆိုင်ရာ နယ်နိမိတ်တွေ၊ အုတ်ရိုးတွေနဲ့ နိုင်ငံရေးအတားအဆီးတွေဟာ လူတစ်ယောက်ကို ကမ္ဘာ့အသိပညာတွေနဲ့ အဆက်အသွယ်ဖြတ်ထားလို့ မရနိုင်တော့ပါဘူး။
ခေတ်မီအင်တာနက်နည်းပညာနဲ့ ဂလိုဘယ်လိုက်ဇေးရှင်း (The Lexus) ဟာ ကမ္ဘာ့အဆင့်မီ အခွင့်အလမ်းတွေကို သာမန်လူတွေရဲ့ လက်ဖျားဆီ တိုက်ရိုက်ရောက်ရှိစေပြီး၊ မိမိရဲ့ ဇာတိမြေ၊ မိသားစုနဲ့ အမြစ်တွယ်ရာအရပ် (The Olive Tree) မှာ နေရင်းနဲ့ပဲ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ချိတ်ဆက် သင်ယူနိုင်ပြီလို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံကူးလက်မှတ် လုပ်ရခက်လို့ ပြည်ပမထွက်နိုင်ရင်လည်း စိတ်မပျက်ပါနဲ့။ ဖရိုင်းမန်းရဲ့ သီအိုရီအတိုင်းပဲ နည်းပညာရဲ့ ကျေးဇူးကြောင့် အွန်လိုင်းကနေ အခမဲ့ သင်ယူလို့ရတဲ့ နေရာတွေ အများကြီးပါ။
ကွန်ပျူတာသိပ္ပံနဲ့ တခြားဘာသာရပ်တွေကို အမေရိကန်က နာမည်ကြီး MIT တက္ကသိုလ်ကနေ အခမဲ့ လေ့လာနိုင်ပါတယ်။ (https://ocw.mit.edu)
ဥပဒေ၊ စီးပွားရေးနဲ့ လူမှုရေးပညာတွေကို ဗြိတိန်နိုင်ငံ Open University မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ (https://www.open.edu/openlearn)
ခေတ်မီ ဉာဏ်ရည်တု (AI) နဲ့ နည်းပညာတွေကို Microsoft နဲ့ IBM တို့မှာ အခမဲ့ သင်ယူနိုင်ပါတယ်။ (https://learn.microsoft.com) (https://skillsbuild.org)
အရောင်းပညာနဲ့ ဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေရေးကိုတော့ HubSpot မှာ လေ့လာလို့ ရပါတယ်။ (https://academy.hubspot.com)
အရင်းအနှီးမရှိဘဲ စီးပွားရေးလုပ်ချင်ရင် စာရင်းကိုင်၊ စီမံခန့်ခွဲမှုနဲ့ ဥပဒေအခြေခံတွေကို Saylor မှာ အခမဲ့ ဝင်သင်လို့ ရပါတယ်။ (https://www.saylor.org)
၆။ အိမ်မှာနေရင်းနဲ့ရော နိုင်ငံတကာ တက္ကသိုလ်ဘွဲ့တွေ ရနိုင်သလား?
ရတာပေါ့ မိတ်ဆွေ။ တချို့ တက္ကသိုလ်တွေက အွန်လိုင်းကနေ ဘွဲ့၊ မဟာဘွဲ့တွေကို ပေးနေပါပြီ။ ငွေကြေးအခက်အခဲရှိသူတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဒုက္ခသည်တွေအတွက် ပညာသင်ဆု (Scholarships) တွေလည်း ရှိပါတယ်။
စီးပွားရေးစီမံခန့်ခွဲမှု (MBA) နဲ့ ကွန်ပျူတာသိပ္ပံဘွဲ့တွေကို ကျောင်းလခ အခမဲ့စနစ်နဲ့ University of the People မှာ လျှောက်ထားနိုင်ပါတယ်။ (https://www.uopeople.edu)
ဥပဒေနဲ့ တခြားဘာသာရပ်တွေအတွက် ဗြိတိန်က University of London မှာ အဝေးသင်ဘွဲ့တွေ တက်ရောက်နိုင်ပြီး ဒုက္ခသည် ပညာသင်ဆုတွေလည်း ရှိတတ်ပါတယ်။ (https://www.london.ac.uk)
ပါရဂူဘွဲ့ (PhD) အထိ အဝေးသင်စနစ်နဲ့ သုတေသနလုပ်ချင်တယ်ဆိုရင်တော့ The Open University ကို လေ့လာကြည့်နိုင်ပါတယ်။ (https://www.open.ac.uk)
၇။ ပညာရူးမလား၊ အာဏာရူးမလား?
မိတ်ဆွေ။ ကျွန်တော်ကတော့ ပညာရူးပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ အာဏာမရူးပါနဲ့။
အသက်နှစ်ဆယ်ဖြစ်ဖြစ်၊ ခြောက်ဆယ်ဖြစ်ဖြစ် ပညာဆက်သင်နိုင်ပါတယ်။ ငွေကြေးဆုံးရှုံးခဲ့နိုင်ပါတယ်။ ရာထူးဆုံးရှုံးခဲ့နိုင်ပါတယ်။
ဒါပေမဲ့ ပညာသင်ယူနိုင်တဲ့စွမ်းရည်ကိုတော့ အချိန်မရွေး ပြန်လည်တည်ဆောက်နိုင်ပါတယ်။ လူမှုဗေဒပညာရှင် ပီယာဘူဒီယူး (Pierre Bourdieu) ရဲ့ ယဉ်ကျေးမှုအရင်းအနှီး (Cultural Capital) သဘောတရားအရ ပညာနဲ့ ကျွမ်းကျင်မှုတွေဟာလည်း လူတစ်ယောက်အတွက် အခိုင်မာဆုံး အရင်းအနှီးတွေပဲ ဖြစ်ပါတယ်။
၈။ ခွဲခြားဆက်ဆံခံရမှုဆိုတာကိုက အခွင့်အလမ်းများရဲ့ လမ်းစလား?
ထောင်ထွက် တစ်ယောက်ချင်းစီတိုင်းအတွက် အခက်အခဲတွေဟာ ခေတ်အဆက်ဆက် ရှိမြဲပါပဲ။ အဓိကကတော့ အလုပ်အကိုင်နဲ့ စီးပွားရေးအခွင့်အလမ်းတွေမှာ ခွဲခြားဆက်ဆံခံရမှုတွေ လူ့သဘော လူ့သဘာဝနဲ့ မလွှဲမရှောင်သာ ကြုံရဦးမှာပါ။ အသိပညာအသစ်တွေနဲ့ နည်းပညာတွေကို အလျင်အမြန် သင်ယူနိုင်စွမ်းကသာ ဒီအရာတွေကို ကျော်လွှားဖို့ အဖြေဖြစ်လာမှာပါ။
မိတ်ဆွေ- ခွဲခြားဆက်ဆံခံရတယ်ဆိုတာ နာကျင်စရာကောင်းပေမယ့်၊ ဘောဂဗေဒရှုထောင့်က ကြည့်ရင် အဲဒါဟာ ကိုယ့်အတွက် သီးသန့်လမ်းကြောင်းသစ်တစ်ခု ဖောက်ဖို့ အကောင်းဆုံး တွန်းအားတစ်ခု ဖြစ်လာနိုင်ပါတယ်။
နိုဘယ်ဆုရှင် ဘောဂဗေဒပညာရှင် ဂယ်ရီ ဘက်ကာ (Gary S. Becker) က သူရဲ့ ခွဲခြားဆက်ဆံမှုဆိုင်ရာ ဘောဂဗေဒ (The Economics of Discrimination, 1957) ကျမ်းမှာ စိတ်ဝင်စားစရာ အချက်တစ်ခုကို ထောက်ပြထားပါတယ်။
အလုပ်ရှင်တစ်ယောက်ဟာ လူတစ်ယောက်ရဲ့ တကယ့်အရည်အချင်းကို မကြည့်ဘဲ နောက်ခံသမိုင်းကြောင်း (ဥပမာ – အကျဉ်းကျဖူးခဲ့တာ) ကိုကြည့်ပြီး အလုပ်မခန့်ဘဲ ခွဲခြားဆက်ဆံမယ်ဆိုရင်၊ အဲဒီအလုပ်ရှင်ဟာ တော်တဲ့လူတစ်ယောက်ကို အလကား ဆုံးရှုံးရတဲ့အတွက် သူ့လုပ်ငန်းမှာ စီးပွားရေးအရ နစ်နာမှု (Economic Cost) ရှိသွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူများတွေက ကိုယ့်ကို အလုပ်မခန့်ရင် စိတ်ဓာတ်ကျမနေပါနဲ့။ ကိုယ်က နည်းပညာအသစ်တွေ၊ အွန်လိုင်းကနေ သင်ယူထားတဲ့ ခေတ်မီပညာရပ်တွေကို တတ်ကျွမ်းနေပြီဆိုရင် ကိုယ်တိုင် ဖန်တီးရှင်၊ ကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ် ရပ်တည်နိုင်ပါတယ်။
ခွဲခြားဆက်ဆံတဲ့ ဈေးကွက်ကို ကျော်လွန်ပြီး ကိုယ့်အရည်အချင်းကို တကယ်တန်ဖိုးထားမယ့် ဖောက်သည်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ ဒစ်ဂျစ်တယ်ခေတ်ကြီးထဲကို ရောက်နေပြီပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ခေတ်သစ်ဒဿနပညာရှင် နာဆင်း နီကိုလတ်စ် တာလက်ဘ် (Nassim Nicholas Taleb) ရဲ့ မကျိုးပဲ့လွယ်သော သဘောတရား – ကမောက်ကမဖြစ်မှုများမှတစ်ဆင့် ပိုမိုအားကောင်းလာခြင်း (Antifragile: Things That Gain from Disorder, 2012) ဆိုတဲ့ သီအိုရီကို သတိရစေချင်ပါတယ်။
ဖန်ခွက်တစ်ခုကို ပေါက်ချလိုက်ရင် ကွဲသွားပါတယ်။ ဒါဟာ ကျိုးပဲ့လွယ်တဲ့ သဘောပါ။ ပလတ်စတစ်ခွက်ဆိုရင်တော့ ပေါက်ချလည်း မကွဲပါဘူး။ ဒါဟာ ခံနိုင်ရည်ရှိတဲ့ သဘောပါ။
ဒါပေမဲ့ တာလက်ဘ်ပြောတဲ့ သဘောတရားက အဲဒီထက် ပိုပါတယ်။
လေတိုက်လေ ပိုတောက်လောင်လေဖြစ်တဲ့ မီးတောက်ကြီးလိုပါပဲ။ အခက်အခဲတွေ၊ ဖိအားတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ ကြုံလာရလေလေ၊ အဲဒီဒဏ်တွေကို အားယူပြီး ပိုပြီးတော်လာအောင်၊ ပိုပြီးခိုင်မာလာအောင် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နိုင်တဲ့ အရည်အသွေးကို ပြောတာပါ။
မိတ်ဆွေ— ခွဲခြားဆက်ဆံခံရတဲ့အခါ ခေါင်းငုံ့ခံစရာ မလိုပါဘူး။ “မင်းတို့ ငါ့ကို ငြင်းပယ်တာဟာ၊ ငါကိုယ်တိုင် လမ်းသစ်ဖောက်ဖို့ အခွင့်အရေးပေးလိုက်တာပဲ” လို့ တွေးပြီး လေတိုက်လေ ပိုတောက်လောင်လာတဲ့ မီးတောက်ကြီးလို သက်သေပြလိုက်ပါ။
၉။ စီးပွားကွန်ယက်မရှိဘဲ ဘဝသစ်တည်ဆောက်နိုင်မလား?
ပညာရှိရုံနဲ့ အခွင့်အလမ်းအားလုံး မရနိုင်ပါဘူး။ မိတ်ဖက်တွေ၊ အလုပ်အကိုင်
အဆက်အသွယ်တွေနဲ့ အပြန်အလှန်ယုံကြည်မှုလည်း လိုပါတယ်။
မာ့ခ်ဂရန်နိုဗက်တာ (Mark Granovetter) ရဲ့ အားနည်းသော ဆက်ဆံရေးများ၏ စွမ်းအား (The Strength of Weak Ties, 1973) ကျမ်းက အဆက်အသွယ်နည်းတဲ့ အသိမိတ်ဆွေတွေကတစ်ဆင့်လည်း အခွင့်အလမ်းအသစ်တွေ ရရှိနိုင်ကြောင်း ရှင်းပြထားပါတယ်။
ဒါကြောင့် ပညာရှင်၊ လုပ်ငန်းရှင်၊ နည်းပညာသမားနဲ့ ဝန်ဆောင်မှုပေးသူတွေအကြား တရားဝင်စီးပွားကွန်ယက် တည်ဆောက်ပါ။ ပညာက အလုပ်လုပ်တတ်စေတယ်။ ကွန်ယက်က အခွင့်အလမ်းတွေ ချိတ်ဆက်ပေးတယ်။ ဥပဒေကျင့်သုံးမှုက အတာအဆီးတွေကို ကျော်လွှားဖို့၊ အခွင့်အလမ်းတွေကို ဖမ်းဆုပ်ဖို့နဲ့ ရှင်သန်ရပ်တည်ရေး ရေရှည်တည်တံ့စေဖို့ အထောက်အပံ့ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။
၁၀။ မတရားမှုကို မတရားမှုနဲ့ ပြန်ဖြေရှင်းသင့်သလား?
မိတ်ဆွေ။ အတိတ်ကို မမေ့ပါနဲ့။ ဒါပေမဲ့ မမေ့ခြင်းနဲ့ လက်စားချေခြင်းကို ခွဲခြားပါ။ ခွေးကိုက်ခံရတိုင်း ခွေးလိုပြန်ကိုက်ဖို့ မလိုပါဘူး။ မတရားမှုကို ဖြေရှင်းဖို့ ကိုယ်တိုင် မတရားသူဖြစ်သွားရင် တရားမျှတမှုကို မတည်ဆောက်နိုင်ပါဘူး။
ဂျွန်ရောလ်စ် (John Rawls) ရဲ့ တရားမျှတမှု သီအိုရီ (A Theory of Justice, 1971) က လူတိုင်းအတွက် မျှတတဲ့စည်းမျဉ်းတွေကို စဉ်းစားဖို့ အခြေခံပေးပါတယ်။ အမှန်တရားကို မှတ်တမ်းတင်ပါ။ သက်သေကို လေးစားပါ။ ဥပဒေနဲ့အညီ တရားမျှတမှုကို ရှာဖွေပါ။ အာဏာကို ရယူနိုင်ခြင်းထက် အာဏာကို တရားမျှတစွာ ထိန်းချုပ်နိုင်ခြင်းက ပိုအရေးကြီးပါတယ်။
နိဂုံး – ထောင်ထွက်လား၊ စစ်ပြန်ကြီးလား?
မိတ်ဆွေ- ဒီမေးခွန်းဟာ ရာထူးအမည်တစ်ခု ရွေးခိုင်းတာ မဟုတ်ပါဘူး။ ကိုယ့်ဘဝကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတာ မေးတာပါ။ ထောင်ထွက်လက်မှတ်လေးကို သိမ်းထားပါ။ ဒါပေမဲ့ အဲဒီဒဏ်ရာတွေကို ကိုယ့်ဘဝရဲ့ တစ်ခုတည်းသော အမှတ်အသား မဖြစ်စေပါနဲ့။
ကျွန်တော်တို့ရဲ့ လူမှုစီးပွားရေးနှင့် ဥပဒေပေါင်းစပ်ချဉ်းကပ်မှု (SocioEcoLex) အရ ဘဝသစ်တည်ဆောက်ရေးမှာ ပညာ၊ အသက်မွေးဝမ်းကျောင်း၊ လူမှုကွန်ယက်နဲ့ တရားမျှတမှုတို့ကို ပေါင်းစပ်ရပါမယ်လို့ ယူဆပါတယ်။ ထောင်ကလွတ်လာတာဟာ သမိုင်းတစ်ခုရဲ့ အဆုံးသတ် မဟုတ်နိုင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘဝသစ်ရဲ့ အစဖြစ်နိုင်ပါတယ်။
ထောင်တံခါးကို သူများဖွင့်ပေးခဲ့ရပေမယ့်၊ ဘဝတံခါးကိုတော့ ကိုယ်တိုင် ဆက်ဖွင့်ရမှာပါ။
⸻
လေ့လာတင်ပြသူ__
ဒေါက်တာဖိုးဖြူ
D.Litt in Law, LL.M (UK)
Corporate Governance & Legal Compliance Researcher
International CogniLex Research Centre
___________________
အဓိကကျမ်းကိုးစာရင်း (Selected References)
၁။ Theda Skocpol, States and Social Revolutions: A Comparative Analysis of France, Russia and China (Cambridge University Press 1979).
၂။ Amartya Sen, Development as Freedom (Oxford University Press 1999).
၃။ Thomas L. Friedman, The Lexus and the Olive Tree: Understanding Globalization (Farrar, Straus and Giroux 1999).
၄။ Pierre Bourdieu, ‘The Forms of Capital’ in John G Richardson (ed), Handbook of Theory and Research for the Sociology of Education (Greenwood Press 1986).
၅။ Gary S. Becker, The Economics of Discrimination (University of Chicago Press 1957).
၆။ Nassim Nicholas Taleb, Antifragile: Things That Gain from Disorder (Random House 2012).
၇။ Mark S. Granovetter, ‘The Strength of Weak Ties’ (1973) 78(6) American Journal of Sociology 1360–1380.
၈။ John Rawls, A Theory of Justice (Harvard University Press 1971).
(မှတ်ချက် — ဤဆောင်းပါးသည် သမိုင်းဖြစ်ရပ်များနှင့် ပညာရပ်ဆိုင်ရာ သီအိုရီများကို အခြေခံထားသော ရသအက်ဆေးဖြစ်ပြီး သီးခြားသုတေသနတွေ့ရှိချက်အသစ်တစ်ရပ်အဖြစ် တင်ပြထားခြင်း မဟုတ်ပါ။)

Related posts

✕
VOM News

FREE
VIEW