ဆူးငှက်
တီးလုံးဆန်းရဲ့ ပါရဂူ
===========
စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာက ၁၉၁၅ခုနှစ် နိုဝင်ဘာလ ၂၉ရက်မှာ မွေးဖွားသူ ဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ခုနှစ် နိုဝင်ဘာဘ ၂၉ ရက်နေ့မှာ အနှစ်၁၀၀ တင်းတင်းပြည့်သည်။ လူထုဒေါ်အမာ အနှစ်၁၀၀ ပြည့်ကို ခမ်းခမ်းနားနားနှင့် အမှတ်တရ ကျင်းပနိုင်ရေးအတွက် လူထုမိသားစုနှင့်အတူ စာရေးဆရာများ ဖြစ်ကြသော ညီစေမင်း၊ သိုက်ထွန်းသက်၊ ကျော်ရင်မြင့်၊ ဆူးငှက်၊ သင့်နော်၊ ကိုမင်းယာ နှင့် အောင်မြင့်ဦး (လူထုစာကြည့်တိုက်မှူး) တို့ ပါဝင် ဆွေးနွေးကြသည်။ လူထုမိသားစု အနေနှင့် သမီးကြီး ဖြစ်သူ ပါမောက္ခ ဒေါက်တာ ဒေါ်သန်းရင်မာ (ဒေါက်တာမြမဉ္ဇူ) ၊ သမီးလတ် ဒေါ်တင်ဝင်းနှင့် သားငယ် ဆရာညီပုလေးတို့ က ဦးဆောင် ဆွေးနွေး ကြသည်။
လူထုဒေါ်အမာ အနှစ်၁၀၀ပြည့် မွေးနေ့အစီအစဉ်များကို ဆွေးနွေးကြရာတွင် အထိမ်းအမှတ်အနေနှင့် စာတမ်းဖတ်ပွဲတွေပါမည်၊ ဒေါ်ဒေါ့် အမှတ်တရ ဓာတ်ပုံပြပွဲ၊ ဒေါ်ဒေါ့် စာအုပ်စာတမ်းနှင့် လက်ရေးစာမူများပြပွဲ၊ စာအုပ် ဈေးရောင်း ပွဲတွေ ပါဝင်ကာ ထိုအစီအစဉ်များကို မန္တလေး မြို့လယ် ၈၄လမ်းနှင့် ၃၁လမ်းထောင့်က ဓမ္မသာလာမှာ ကျင်းပမည်။ မွေးနေ့ဖြစ်သော နိုဝင်ဘာ ၂၉ရက်နေ့မှာ ပြုလုပ်နေကျ အတိုင်း အမရပူရ တောင်လေးလုံး ကျောင်းတိုက်တွင် ဆွမ်းကပ် ပရိတ်နာ ရေစက်ချနှင့် လူပုဂ္ဂိုလ်များကို ဧည့်ခံကျွေးမွေးပြီး အမှတ်တရ စကားပြောကြမည်ဟု အစီအစဉ်များကို သတ်မှတ် အတည်ပြုကြပြီး ၂၀၁၅ခုနှစ် နိုဝင်ဘာလ ၂၇ရက်နေ့ နံနက် ၉နာရီတွင် ဓမ္မသာလာခန်းမ၌ ကျင်းပမည့် စာတမ်းဖတ်ပွဲ၊ ပြပွဲများနှင့် စာအုပ်ဈေးပွဲ အခမ်းအနားကို ဖွင့်လှစ်မည်။ ထိုဖွင့်ပွဲကို ထိုစဉ်က လွှတ်တော်မှာ ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းစာဆရာ စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင်တို့ တက်ရောက် ကြဖို့ အစီအစဉ်ရှိပြီး အခြား ရန်ကုန်အပါအဝင် မြန်မာပြည် အထက်အောက် တနံတလျားက စာရေးဆရာ ကဗျာဆရာ သတင်းစာဆရာတွေလည်း တက်ရောက်နိုင်ရန် စီစဉ်ကြသည်။
ဆိုင်းမပါ ဝိုင်းမပါတော့ ခြောက်ကပ်ကပ် ဖြစ်မနေဘူးလား
————————————————————-
နိုဝင်ဘာ ၂၇ ရက်နေ့ မနက် ၉နာရီ ဖွင့်ပွဲ အခမ်းအနားပြီးသည်နှင့် လက်ဖက်ရည်၊ မုန့်များဖြင့် ဧည့်ခံပြီး အမှတ်တရ စကားတွေ ပြောကြမည်။ ပြပွဲနှင့် စာအုပ်ဈေးပွဲကိုလည်း ည၈နာရီအထိ ဖွင့်လှစ်ထားမည်။ နိုဝင်ဘာ ၂၈ရက်နေ့တွင် လူထုဒေါ်အမာ အနှစ်၁၀၀ပြည့် အထိမ်းအမှတ် စာတမ်းတွေကို အသီးသီး ဖတ်ကြားကြမယ်။ နောက်ရက် နိုဝင်ဘာ ၂၉ရက်မှာ အမရပူရ တောင်လေးလုံးကျောင်းတိုက်တွင် အစဉ်အလာအတိုင်း မွေးနေ့အခမ်းအနား ကျင်းပမည်။ ဒါက အကြမ်းဖျဉ်း အစီအစဉ်ဖြစ်သည်။ ထို အစီအစဉ်များအတွက် တာဝန်တွေလည်း ခွဲဝေ သတ်မှတ်ကြသည်။ အားလုံး တာဝန်များခွဲဝေကြပြီးချိန်တွင် မမ ပါမောက္ခ ဒေါက်တာ ဒေါ်သန်းရင်မာ က အားလုံးတော့ ပြည့်စုံနေပါပြီ၊ ဒါပေမယ့် မေမေ့ ရာပြည့်ပွဲက ဆိုင်းမပါ ဝိုင်းမပါတော့ ခြောက်ကပ်ကပ် ဖြစ်မနေဘူးလား။ စဉ်းစားကြပါဦးဟု အကြံပြုတော့ အားလုံးက ကျွန်တော့်ဘက်လှည့်ပြီး ဒီတာဝန်ကို ကိုဆူးယူပါဟု တိုက်တွန်းကြတော့ မမကြီးက ကိုဆူးရေ ဘယ်လိုလဲဟု မေးပါသည်။ ဒီတင် ကျွန်တော်လည်း စိတ်ထဲရုတ်ခြည်း ပေါ်လာသည့် အစီအစဉ်ကို ပြောပြလိုက်သည်။
“ဒီလိုလုပ်ကြရအောင်လား။ အသားလွတ် ဆိုတီးနေတာထက် ဒေါ်ဒေါ့်လည်း ဂုဏ်ပြုရာရောက်အောင် ဆိုင်းနဲ့ ဝိုင်းနဲ့ အဆိုနဲ့ အကနဲ့လည်းပါမယ့် စာတမ်းတစ်စောင် ဖတ်ရင်ကော”ဟု အကြံပြုသည့် စကားမှ မဆုံးသေး “ဒါလည်း ကိုဆူးမှ တတ်နိုင်မှာလေ” ဟု အားလုံးက ညွှန်းကြပြန်သည်။ ဒီတော့ ကျွန်တော်က “ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ကို ပြုစုတဲ့ ဒေါ်ဒေါ့်ကို ပြည်သူချစ်သော လူထုဒေါ်အမာ ခေါင်းစဉ်နဲ့ ဒေါ်ဒေါ်ပြုစုခဲ့တဲ့ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်အကြောင်း အဲ့ဒီအနုပညာရှင်များရဲ့ အရေး အဆို အတီး အကတွေနဲ့အတူ ကျွန်တော် ပြောမယ်ဆိုရင်တော့ အဆင်ပြေလောက်တယ် ..” ဟု ဆရာများ အကြံကို လက်ခံ ခေါင်းညိတ်လိုက်ပါသည်။
ဒီတင် “ပြည်သူချစ်သော လူထုဒေါ်အမာ” အစီအစဉ်အတွက် ဆွေးနွေးကြတော့ “မြန်မာဆိုင်းနဲ့ မြို့မပါမယ်။ မင်းသား မင်းသမီးတွေပါမယ်ပေါ့။ ဒီတော့ အခမ်းအနားတွေကျင်းပမယ့် ဓမ္မသာလာခန်းမအနေအထား စဉ်းစားကြတော့ ခန်းမထဲမှာပါတဲ့ စင်က တီးဖို့ ဆိုဖို့ ကဖို့က အဆင်မပြေဘူး။ မူလစင်ကို ရှေ့ကထပ် ပိုးပြီးစင်ထိုးရမယ်။ ပြီးတော့ ဘက်ဂရောင်းက မြင့်လွန်းတော့ စင်ကို ၃ထပ်လောက် အမြင့်ဆင်ရမယ်။ ဒါကြောင့် ကျွန်တော့် အစီအစဉ်အတွက်သာမက အခမ်းအနား တစ်ခုလုံးအတွက် အပြင်အဆင်က ဒီစင်မြင့်ကိုပဲ စဉ်းစားရမယ်။ ဒီတော့ အခမ်းအနား စမယ့် နိုဝင်ဘာလ ၂၇ရက်နေ့ ဖွင့်ပွဲ အမီ စင်ပေါ်မှာ ဆိုင်းတွေ ဝိုင်းတွေ ဆင်ထားရမယ်။ ဘက်ဂရောင်းမှာ အခမ်းအနားခေါင်းစီးလည်း ဆင်ထားမယ်။ ဒါကြောင့် ပိုးရမယ့်စင်၊ သုံးရမယ့် မီးခွင်နဲ့ အသံပိုင်းအော်ရီယိုတွေ ငှားရမယ်။ အဲ့ဒါတွေ အားလုံးက မြို့မမှာ အဆင်သင့်ရှိတယ်။ သူ့ဆီက ငှားတာက ပိုအဆင်ပြေမယ်။ ပြီးတော့ အသင်းဥက္ကဋ္ဌပိုင် မီးစက်လည်း မြို့မက ငှားရမယ်” ဟု ကျွန်တော်က တင်ပြခဲ့သည်။
လေးနက်အောင် ကာယကံရှင် မိသားစု ကိုယ်တိုင် ငှားပါ
——————————————————
ထိုအစီအစဉ်အတွက် ကျွန်တော် ပြောရမယ့် ကဏ္ဍတွေ သီချင်းတွေ စီစစ်လိုက်သောအခါ မြန်မာဆိုင်းနှင့် ၁၀ပုဒ်၊ မြို့မနှင့် ၁၀ပုဒ် အကြမ်းဖျဉ်း ရှိမည်။ ဆိုင်းနှင့် မြို့မ တွဲတီးရမှာက ၃ပုဒ်လောက်ပါမည်။ ဒီတော့ ဆိုင်းအဖွဲ့ တီးရမယ့် သီချင်းစာရင်း မြို့မ တီးရမယ့် သီချင်းစာရင်း တွေကို ရွေးချယ် အတည်ပြုကာ စာစီလိုက်သည်။ “ဆိုင်းရော မြို့မရော နိုဝင်ဘာ ၂၆ရက် ညကတည်းက ဓမ္မသာလာမှာ လာဆင်ရမယ်။ မြို့မက သူ့စင်ကို ကြိုပြီး ကျွန်တော်လိုချင်တဲ့ ပုံစံအတိုင်းဆင်ပေးရမယ် ( ဒါကလည်း ထူးထူးခြားခြား အသစ်မဟုတ်ပါဘူး၊ ၂၀၁၀မှာ ဗုံလေးလုံးသံစဉ် ရိုက်စဉ်ကရော၊ ၂၀၁၃ မှာ ရေနန်းသဘင် ဟောပြောစဉ်ကရော၊ ၂၀၁၄ ဒို့မန္တလေးမြို့ကြီးရဲ့ ပတ်လည်တခို ဟောပြောစဉ်ကရော အိုရီယမ်တယ်ဟောက်စ် မင်္ဂလာခန်းမမှာ မြို့မနဲ့ စိန်တင့်လွင် ဆိုင်းကို မြို့မစင်နဲ့ ဆင်ခဲ့တဲ့ အတိုင်း ဆင်တဲ့ ပုံစံပါပဲ။) ဆင်ရမယ့် ပုံစံကိုလည်း ဓမ္မသာလာ ခန်းမက စင်အတိုင်းအထွာနဲ့ ကိုက်အောင် ပုံစံလည်း ရေးဆွဲ ပေးထားပါတယ်။
ဒီတော့ ကျွန်တော်က အဓိက ကျတဲ့ ဆိုင်းနဲ့ မြို့မ ငှားရမ်းဖို့ကိစ္စမှာ ဆိုင်းကို စိန်တင့်လွင်ငှားမယ်၊ ဒီတာဝန်ကို ကျွန်တော်ယူပါ့မယ်။ မြို့မကိုငှားဖို့ကိုတော့ မိသားစုကိုယ်တိုင် တာဝန်ယူပေးပါ။ သူ့ကဏ္ဍက အဓိကကျလို့ လေးနက်အောင် ကာယကံရှင် မိသားစု ကိုယ်တိုင် ငှားပါ။ တီးဝိုင်းတင်မက စင်၊ မီးခွင်၊ အော်ရီယိုပစ္စည်း အစုံအလင်နဲ့ မီးစက်ပါ ငှားပေးပါ။ စင်ထိုးရမယ့် ပုံစံ အတိုင်းအထွာရော၊ သီဆိုတီးမှုတ်ရမယ့် သီချင်းစာရင်းရော သေချာ ထည့်ပေးပါမယ်။
အရေးကြီးတာက ခန်းမမှာ နိုဝင်ဘာ ၂၆ရက်ညကတည်းက မြန်မာဆိုင်းရော မြို့မဝိုင်းရော ဆင်ပြီး ဘက်ဂရောင်း စာတွေ ပုံတွေ ဆင်ရမှာပါ။ ၂၇ရက် မနက်မှာ အခမ်အနား ဖွင့်ချိန် မြန်မာဆိုင်းရော မြို့မရောက အောင်မင်္ဂလာသီချင်းကြီးကို ဝိုင်းပြည့် တီးပါမယ်။ ဒီတစ်ပုဒ်ပါပဲ ပြီးတာနဲ့ တက်ရောက်သူ ဧည့်သည်တော်က အခမ်းအနားဖွင့်တာ ပြောကြဟောကြတာတွေ ဆက်ပါမယ်။ အဲ့ဒီနေ့ ည ၇နာရီတိတိမှာ ကျွန်တော့်အစီအစဉ်စပါမယ်။ အဲ့ဒီကျမှ ၂ဝိုင်းလုံးက ပေးထားတဲ့ သီချင်းတွေ တီးကြမှုတ်ကြ ဆိုကြပါမယ်။ မြို့မကို ပေးထားတဲ့ သီချင်းတွေက တီးနေကျ မှုတ်နေကျတွေချည်းပါ။ တစ်ခုပါပဲ ရွှေပြည်စိုးသီချင်းကိုတော့ ဆိုင်းနဲ့ မြို့မ တပြန်စီ တီးစေချင်တယ်။ လှကြစမ်းပါဗျာတို့ သီချင်းကိုလည်း ဆရာငြိမ်း တီးလုံးတိုက်လက်စ ဆီမီးသြဂတ်စတြာ ပုံစံ တီးစေချင်ပါတယ်စတဲ့ မှတ်ချက်တွေ သီချင်းတွေ ဝိုင်းဆင်ရမယ့် ရက် အချိန်တွေ၊ လိုချင်တဲ့ မီးခွင် အော်ရီယိုခွင်တွေအထိ စာရိုက်ပြီး မိသားစုကပဲ ငှားရမ်းစေပါတယ်။ ကျွန်တော်က မိသားစုကို ပူဆာလိုက်ပါသေးတယ်။ မမရေ.. သေချာရှင်းပြပြီး ဒီတိုင်းဖြစ်ချင်ပါတယ်။ ကျသင့်တဲ့နှုန်း ယူပါ၊ ၂ပွဲစာ ယူယူ၊ ၃ပွဲစာယူယူ ယူပါ။ တစ်ပြည်လုံးက စာပေရော နိုင်ငံရေးရော ဧည့်သည်တွေ လာမှာမို့ပါလို့ ပြောပြီး ကျသင့်သလောက် အကုန်အကျ ခံပေးပါ” ဟု အသေးစိတ် စီစဉ် တင်ပြသောအခါ လူထု မိသားစုကလည်း သဘောတူပါသည်။
ပွဲတီးကိစ္စဆိုရင် အသင်းတိုက်ပဲသွားပြီး စရံပေးခဲ့ပါ
—————————————————–
ကျွန်တော်ကတော့ ရွာစား စိန်တင့်လွင်ဆီ ကိုယ်တိုင်သွားပြီး လိုချင်တာတွေပြောပြသည်။ စိန်တင့်လွင်နှင့် ကျွန်တော်နဲ့ ခေါင်းချင်းဆိုင်ပြီး ဆိုင်းနှင့် စောင်းပညာရှင် တက္ကသိုလ်ခင်မြလွင်ကိုလည်း အကူအညီတောင်းသောအခါ မခင်မြလွင်က အားရဝမ်းသာစွာဖြင့် “ဆရာဆူး ဘာမှ မပူနဲ့ အစ်ကိုကိုတင့်လွင်နဲ့ ညှိပြီးလုပ်ပေးမယ်၊ ကိုယ့်မိတ်ကပ် ကိုယ့်အဝတ်အစား ကိုယ့်စောင်းကိုယ်ပိုက် ကိုယ့်ကားကိုယ်မောင်းပြီး လာခဲ့မယ်။ တီးလုံးလည်း ကြိုတိုက်မယ်။ အမေမာ့ပွဲ အခုလို ကူခွင့်ရတာကိုပဲ ဝမ်းသာလှပါပြီ” တဲ့။ သည်လိုနှင့် နောက်ရက်တွေမှာ စိန်တင့်လွင်နှင့် မခင်မြလွင်တို့ မောင်နှမ နှစ်ယောက်က စိန်တင့်လွင်အိမ်မှာ တီးလုံးတိုက်နေကြပြီ။ စိန်အောင်လွင်လည်း ပါသေးသည်။ ကျွန်တော့ကို လာကြည့်ပါဦး ဆိုလို့ သွားကြည့်ပြီး သူတို့ အားတက်မှုအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်။
မြို့မကိုတော့ ဆရာညီပုလေးကိုယ်တိုင် သွားငှားပါ၏။ အသင်းဥက္ကဋ္ဌအိမ်ကို အစီအစဉ် စာရွက်စာတမ်း များနှင့်အတူ ကိုညီပုလေးသွားတော့ “ပွဲတီးကိစ္စဆိုရင် အသင်းတိုက်ပဲသွားပါ၊ အဲ့ဒီမှာ ပြောဆိုပြီး စရံပေးခဲ့ပါ” ဆိုလို့ အသင်းတိုက်က ပွဲတီးလက်ခံသူထံ စာရွက်စာတမ်းတွေ ဖြစ်ချင် လိုချင်သည့် ရက်တွေ သေချာ ပေးပြီးပြောပြီး ကိုညီပုလေး ကိုယ်တိုင် စရံပေးခဲ့ပါပြီ တဲ့။ ကိုင်း.. မိသားစု ကိုယ်တိုင် စရံပေးခဲ့ပြီ ဆိုတော့ နောက်ရက်ကျ ကျွန်တော်ကိုယ်တိုင်ပဲ အသင်းတိုက်သွားသည်၊ ပွဲငှား လက်ခံသူရော အသင်းတိုက်မှာ တွေ့သည့် မန်နေဂျာရော အသင့်ပါလာတဲ့ အစီအစဉ်စာရွက်တွေ ထပ်မံ ပေးပြီး အစီအစဉ်ကို အသေးစိပ်ပြောပါသည်။
ဒါတွေက ငါလုပ်ပေးနိုင်တယ်၊
——————————–
မန်နေဂျာကို အသင်းတိုက်ရှေ့က လက်ဖက်ရည်ဆိုင်မှာ ထပ်ပြီး အသင်းက တာဝန်ယူပေးရမည့် အပိုင်းများနှင့် သီချင်းများကိုလည်း သေချာ ပြောဖြစ်သည်။ ဒီတင် မန်နေဂျာက “ ကိုဆူး ဒီအစီအစဉ်တွေကို ကယ်ကြီးရွှန်းနဲ့ ပြောပြီးပြီလား”ဟု မေးတော့ “ကျွန်တော်က ဒီရက်ပိုင်း ဆရာရွှန်းနဲ့ မတွေ့ဖြစ်ဘူးဗျ၊ မပြောဖြစ်ပါဘူး”ဟု ဖြေလိုက်သည်။ မန်နေဂျာက “မပြောရသေးရင် မပြောလိုက်ပါနဲ့ဗျာ”တဲ့။ ကျွန်တော် ဒီစကားကိုကြားတော့ အံ့အားသင့်သွားသည်။ တကယ်တော့ အလင်္ကာကျော်စွာ မြို့ငြိမ်းရဲ့သား ဂီတပညာရှင် (အဲ့ဒီအချိန် အသင်းရဲ့ ပညာရေးဥက္ကဋ္ဌ) ဖြစ်သူ ဦးရွှန်းမြိုင်ကို အသင်းက အစည်းအဝေး လည်းမဖိတ် အသင်းနှင့် ပတ်သက်သည်များကိုလည်း ဘာမှလည်း အသိမပေးတာ ကြာပြီဟု ကျွန်တော် ကြားထားသော်လည်း အခုလောက်ထိ ပညာရှင်ကို ပစ်ပယ်ထားသည်ကို လက်တွေ့ သိလိုက်ရလို့ ဖြစ်သည်။
မန်နေဂျာနှင့် စကားပြောပြီး အသင်းတိုက်ဘက် ပြန်ဝင်တော့ အသင်းတိုက်မှာ အမြဲရှိနေတဲ့ အသက်၉၀အရွယ် သီချင်းရေးဆရာ အသင်းနာယကကြီးကို ကျန်းကျန်းမာမာ တွေ့ရလို့ သွားနှုတ်ဆက်ပြီး မြို့မနှင့် စီစဉ်ထားသည့် သီချင်းတွေအကြောင်း ပြောပြဖြစ်တော့လည်း ‘ဒါတွေက ငါလုပ်ပေးနိုင်တယ်၊ မင်းက ရွှန်းမြိုင်ကို မခေါ်နဲ့၊ ဒီကောင်လာရင် (……ီး) ရှည်တယ်၊ ဒို့က ဒါကြောင့် ဒိကောင်ကို ဘာမှ အသိမပေးတော့ဘူး” လို့ ပြောတော့မှ ကျွန်တော် ပိုမို အံ့သြသွားတော့တယ်။ ကျွန်တော်ပြန်ထွက်လာတော့လည်း သိတဲ့ ဝါရင့် ပလေယာ ကိုစိန်မြင့်ကိုလည်း အစီအစဉ်တွေ သေချာပြောပြတော့ သူက စာရွက်တွေ သူ့ကိုလည်း ပေးပါဆိုလို့ အစီအစဉ်စာရွက် တစ်စုံကို ပေးထားခဲ့ပါသည်။
မြို့မက ဘာမှ ကြိုတင် ပြင်ဆင်ထားတာ မရှိ
———————————————
ဒီလိုနှင့် ပွဲက နီးလာပြီ။ စိန်တင့်လွင်အိမ်မှာ မခင်မြလွင်နဲ့ စိန်တင့်လွင်တို့ တီးလုံးတိုက်နေတာ အတော် အသားကျနေပြီ။ ကဖို့ အတွက်က မမခင်ဝင်းကိုလည်း ပြောထားပြီးပြီ၊ သူကရမယ့် သီချင်းတွေအတွက် ကျွန်တော်က သီချင်းဖိုင် ခွေလည်း ထုတ်ပေးလိုက်ပြီ။ မထွေးလေးနှင့် အမေပုသီချင်း အတွက် စိန်တင့်လွင်တို့ တီးလုံတိုက်ထားသည့် အသံသွင်း အချပ်တွေ မုံရွာပို့ထားပြီ။ အငြိမ့်ခန်းအတွက် ပန်တျာမဌေးဌေးမြင့်ကလည်း အကုန်စီစဉ်ပြီးပြီ။ ကျွန်တော်သွားတိုင်း လူထုဒေါ်အမာရာပြည့်မှာ ဆရာမောင်မြတ်မှိုင်း မရှိတော့တာ ဝမ်းနည်းစကားဆိုရင်း မျက်ရည်ဝဲလို့။ အစ်မ မဌေးဌေးမြင့်က မင်းသားအတွက် လိုတဲ့ ပညာရှင်လည်း ရှာပြီး တီးလုံးတိုက်ပြီးပြီတဲ့။ ဇာတ်သဘင်နှင့် ဘိသိက်ပညာရှင် ငါးမည်ရတင်သိန်းကလည်း ဂုဏ်ပြုရတု လာရွတ်ပေးမယ်တဲ့။ သဘင်ပညာရှင်များ အပိုင်းကတော့ အတော်တက်ကြွကာ သေချာစီစဉ် တီးလုံးတိုက်နေကြပြီ။
ထို့ကြောင့် မြို့မကို တီးခေါက်ကြည့်တော့ ပွဲတီးတွေ ဆက်နေလို့ ဘာမှ မလုပ်ကြသေးဘူးတဲ့၊ တချို့ပလေယာတွေဆို ဒီပွဲရှိတာတောင် မသိကြဘူးတဲ့။ ဘာမှ ကြိုတင် ပြင်ဆင်ထားတာ မရှိ။ ပွဲကျင်းပမည့် ရက်က တစ်ပတ်တောင် မကျန်တော့ပေ၊ မြို့မငြိမ်း၏ လှကြစမ်းပါဗျာတို့ သီချင်းကို ဆရာငြိမ်း စိတ်ကူးခဲ့သလို ဆီမီးသြဂတ်စတြာဖြင့် တီးမှုတ်ဖို့လည်း ဘာမှ မတိုက်ရသေး၊ စိန်တင့်လွင်ဆိုင်းနှင့် အပြန်အလှန် တီးမှုတ်မည့် နန်တော်ရှေ့ဆရာတင်၏ ရွှေပြည်စိုး သီချင်းလည်း ဘယ်မှန်း မသိသေးဘူး။ မြို့မဘက်က ဘာမှ ပြင်ဆင်မှု မရှိသောကြောင့် ကျွန်တော်က မြို့မချည်း တီးဖို့ စီစဉ်ထားသည့် နန်းတော်ရှေ့ဆရာတင်၏ “မြနန္ဒာ”သီချင်းကို ဖြုတ်ထားလိုက်ရသည်။
အန်တီ့ပွဲဆိုရင် ကျွန်တော့်မှာ လုံးလုံး တာဝန်ရှိတယ်
——————————————————–
ပွဲစဖို့ ၄ရက်လောက်လိုတော့ ဆရာဦးရွှန်းမြိုင်က သူ့ရွှေရောင်ဆိုင်ကယ်လေးနှင့် ကျွန်တော့် အိမ်သို့ ရောက်လာသည်။ ရောက်တာနှင့် ဆရာက “ကိုဆူး၊ အန်တီမာ ရာပြည့်ပွဲ ရှိတယ်ဆို” ဟု မေးသည်။ “ကျွန်တော်လည်း အသင်းမှာရှိတဲ့ သား ဘာမထီက ပြောမှ သိတာဗျ၊ အသင်းက တီးရမှာလို့ သူကပြောတာ၊ အန်တီ့ပွဲဆိုရင် ကျွန်တော့်မှာ လုံးလုံး တာဝန်ရှိတယ်ဗျ၊ အန်တီက ကျွန်တော်တို့ မိသားစုအတွက်ရော အသင်းအတွက်ရော ကျေးဇူးရှိတယ်။ အန်တီမာ့ ရာပြည့်မှာ ကျွန်တော် ဘာမှ လုပ်မပေးနိုင်ရင် တာဝန်မကျေဘူးဗျ။
အသင်းကို ကိုဆူးပေးထားတဲ့ စာရွက်လေးလည်း ဘာမထီပြလို့ တွေ့ပြီးပါပြီ။ ဒီတော့ အချိန်မရှိတော့လို့ ကျန်တာ ထားပါဗျာ၊ အန်တီ့အတွက် ဂုဏ်ပြုသီချင်းတစ်ပုဒ်ရေးပြီး အသင်းနဲ့ တိုက်ပေးမယ်ဗျာ၊ ကိုဆူးလိုချင်တဲ့ လှကြစမ်းပါဗျာတို့ ဆီမီးသြဂတ်စတြာကို ကျွန်တော့်ထဲမှာ အဘ(မြို့မငြိမ်း) လုပ်လက်စ နုတ်စ်တွေ ရှိတယ်၊ ကျောက်ဆည် တောမရွာမှာ ရောက်နေတဲ့ ရဲကြီး(ဦးရဲထွေး) ခေါ်ပြီး တိုက်ခိုင်း လိုက်မယ်” ဟု ပြောပြီး ထုံးစံအတိုင်း တိုက်ပုံကြီး တဖားဖားနှင့် ရွှေရောင် ဆိုင်ကယ်အိုလေး စီးကာ ပြန်သွားတော့သည်။
စာရွက်စာတမ်းတွေနဲ့ စရန်ပေးပြီး သေသေချာငှားတာ
————————————————————
ဤသို့ဖြင့် နိုဝင်ဘာ ၂၆ရက်နေ့တွင် မနက်ကတည်းက ဓမ္မသာလာ ခန်းမမှာ စတင်ပြင်ဆင်ကြပါပြီ။ မနက် ၁၀နာရီလောက်ရောက်တော့ စိန်တင့်လွင် ဆိုင်းလည်း ရောက်လာပြီး မန်နေဂျာ ကိုကျော်ဇင်က ဘယ်မှာဆင်ရမလဲ မေးလို့ နေဦးဗျ မြို့မက စင်လာမှ ဆင်လို့ရမှာ သေတ္တာတွေ ခန်းမဘေး ခဏချထားပါဦးလို့ တောင်းပန်ထားရ၏။ ဆင်မယ်ဆို အချိန်မရွေးနော် ဒီနားမှာပဲရှိတယ်၊ ဖုန်းဆက်လိုက်ပါတဲ့။ ဓာတ်ပုံပြပွဲအတွက် စာအုပ်ဆိုင်အတွက်၊ ခန်းမအတွင်း နံရံနဲ့ မျက်နှာကျက်မှာ ဆင်မယ့် ပုံတွေ ဗီနိုင်းတွေလည်း ဆင်ပြီးပြီ။ စင်ပေါ်က နောက်ခံအတွက် စာလုံးတွေလည်း ဆင်ပြီးပြီ။ မြို့မစင်လာမှ ချိန်ရမည့် ပုဏ္ဏားကွယ်တွေကိုတော့ မဆင်ရသေး၊ သူတို့ စင်နှင့် မီးခွင်လာမှ ဆင်လို့ ရမည်။ ဓမ္မသာလာမှာ ရှိပြီး စင်ရှေ့က ပိုးရမည့် မြို့မက စင်အပြီးအစီး ဆင်ပြီးမှ ဆိုင်းကလည်း ဆင်ရမည်။ လူတွေလည်း ဖတ်ဖတ်မောပြီး မြို့မက ဘယ်တော့ လာမလဲမေးတိုင်း မြို့မတာဝန်ရှိသူတွေ၏ ဖုန်းတွေက ချိတ်မရသေး။ ဒီလိုနှင့် ညနေ နေဝင်တော့ ကူညီကြသူတွေ ပြန်ကြပြီလေ။ ကျွန်တော်က ဘယ့်နှယ်မှ ပြန်လို့မရနိုင်။
မနက်ဖွင့်ပွဲအတွက် အခမ်းအနားက မြို့မစင်ထိုး သူတို့ဝိုင်း စိန်တင့်လွင်ဝိုင်း ဆင်ပြီးမှ မီးခွင် တွေ ချိန်ရမှာ၊ မီးခွင်ကလည်း မြို့မနှင့် အတူပါလာမှာ။ အခုတော့ မြို့မက ရောက်မလာသေး။ သည်လိုနှင့် ဓမ္မသာလာ မှောင်မဲမဲထဲ ခြင်ကိုက်ခံရင်း ည၉နာရီကျော်မှ မြို့မနှင့် ဖုန်းချိတ်လို့ ရသည်။ ဒါတောင် ပလေယာ တစ်ယောက်ဖုန်းနှင့် ချိတ်လို့ ရတာပါ။ မန်နေဂျာဖုန်းနဲ့လည်း မရ၊ ဥက္ကဋ္ဌဖုန်းနဲ့လည်း မရပါဘူး။ ည၉နာရီကျော် ဖုန်းရတော့ သူတို့က ကပိုင်ရွာမှာ ပွဲတီးနေတာတဲ့။ ကျွန်တော် ဟာခနဲ ဖြစ်သွားတာ။ ဘယ့်နှယ် စာရွက်စာတမ်းတွေနဲ့ စရန်ပေးပြီး သေသေချာငှားတာ အခုပွဲတီးရှိနေတာတဲ့။ ဘယ်အချိန်ပြီးမှာလဲ ဆိုတော့ အငြိမ့်ခန်းပါလို့ နာရီပြန် ၂ချက်လောက်မှ ပြီးမှာတဲ့။ အငြိမ့်ခန်းပြီးတာနဲ့ စင်ကို လာဆင်ပေးပါမယ်တဲ့၊ မကြာပါဘူး မြန်ပါတယ်တဲ့။ အဲ့ဒီမှာ ဝိုင်းကိုလည်း တစ်ခါတည်း ဆင်မှာပါတဲ့။
အသင်းကလည်း ကြုံတဲ့သူ လက်ခံကြတာ
———————————————–
ကိုင်း ဘာတတ်နိုင်မှာလဲ၊ စောင့်ရုံပေါ့။ စိန်တင့်လွင်ဆိုင်းက ကလေးတွေကတော့ လမ်းဘေးချထားတဲ့ ဆိုင်း သေတ္တာတွေ ကြားမှာ ခွေခေါက် အိပ်နေကြပါပြီ။ ခန်းမမှောင်မည်းမည်းထဲ ကျွန်တော်ရယ်၊ ကိုတင်အောင်မိုး (လင်းလက်စာပေ) ရယ်၊ မင်းထက်ငြိမ်းချမ်းရယ် ခြင်တွေ သွေးလှူရင်း စောင့်ပေဦးပေါ့။ ကိုင်း နာရီပြန်၂ချက်ကျော်မှာ ဖုန်းဆက်တော့ စင်ဖြုတ်နေပါပြီ၊ လာနေပါပြီတဲ့။ ၃နာရီကျော်တော့ ရောက်လာပါပြီ။ သို့သော် စင်က အပြည့်အစုံ မပါသေးဘူးတဲ့၊ အလုပ်သမားတွေ ပြန်သွားလို့ တစ်ပိုင်း ပဲပါတာတဲ့။ ဒါကို အရင် ဆင်ပေးပါ့မယ်တဲ့။ ဒါဖြင့် ကျန်တာက ဘယ်အချိန် ရောက်မှာလဲဆိုတော့ ညမနက် ၅နာရီကျော်တာနဲ့ အလုပ်သမားတွေ နှိုးပြီး လာဆင်ပါ့မယ်၊ နာရီဝက်တောင် မကြာပါဘူးတဲ့။ ဒီလိုနဲ့ စင်ကို တစ်ဝက်တပျက် ဆင်ပြီး ပြန်သွားကြပြီ။
ကျွန်တော်တို့လည်း ၃၂လမ်းထိပ်က အလင်းဆိုင် သွားထိုင်နေရသည်။ အလင်းဆိုင်သိမ်းလို့ ခန်းမပြန်လာ မြို့မကို ဖုန်းဆက်တော့ ထုံးစံအတိုင်း ဖုန်းမကိုင်ကြတော့ပါ။ ၅နာရီလည်းမလာ၊ ၆နာရီလည်းမလာ၊ ၇နာရီအထိ မလာကြပါဘူး။ ဖုန်းဆက်လို့ ရပြန်တော့ အိုရီယမ်တယ်မှာ မင်္ဂလာဆောင် မနက်ပွဲ တီးနေတာတဲ့။ ဘယ်အချိန်လာမှာလဲ ဆိုတော့ အိုရီယန်တယ်မှာပဲ နေ့ပွဲ ဆက်တီးရဦးမှာတဲ့။ ခင်ဗျားတို့ကို လူထုဒေါ်အမာပွဲ အစီအစဉ်ပြောမထားဘူးလား၊ မနေ့ညကတည်းက ဝိုင်းဆင်ပြီး ဒီနေ့မနက်ရော ညရော တီးရမှာ မသိဘူးလား ဆိုတော့ ကျွန်တော်တို့က ဘာမှမသိဘူး ဒီမှာအသင်းတိုက်က လက်ခံထားတယ် သွားတီးဆိုရင် တီးရတာပဲ၊ အသင်းကလည်း ကြုံတဲ့သူ လက်ခံကြတာတဲ့။ ကိုင်း.. ဇာတ်လမ်းပြတ်သွားပါပြီ။
တစ်ပြည်လုံးကို မလှတာ ရွာလည် ပြရဦးမည်
————————————————–
ကျွန်တော်တို့လည်း မကြာခင် ဖွင့်ပွဲ လုပ်တော့မှာဆိုတော့ တစ်ပိုင်းပဲ ဆင်ထားရသည့် မြို့မစင်ကို လူထုစာကြည့်တိုက်က အထပ်ပြားတွေယူပြီး ကာတန်ကာ၊ ပိတ်တာပိတ်၊ နောက်ခံ ဘက်ကရောင်းက လွတ်နေတဲ့ ဘေးတွေ အောက်ခြေတွေကို ရွှေဆင်မင်း ရွှေချည်ထိုးကို တံခါးဖွင့်ခိုင်းပြီး အခမ်အနား ဖဲတွန့်အစတွေငှား၊ မမီမကမ်း နဲ့ တိုနံ့နံ့ ပုဏ္ဏာစတွေနဲ့ ဖြစ်သလိုဖုံးဖိပြီး စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာ အနှစ်၁၀၀ပြည့် အခမ်းအနားကို ကျင်းပရပါတော့သည်။ တော်သေးတယ်၊ မူလအစီအစဉ်အတိုင်း နိုင်ငံတော်အဆင့် ပုဂ္ဂိုလ် မတက်ရောက်နိုင်လို့၊ နို့မို့ဆို TV ကနေ တစ်ပြည်လုံးကို မလှတာ ရွာလည် ပြရဦးမည်။
သည်လိုနှင့် ညနေစောင်းတော့လည်း မြို့မက အိုရီယမ်တယ်က ကြွချီတော်မူ မလာသေး။ ည၇နာရီမှာ စမည့်ပွဲ အတွက် ညနေ၆နာရီကျမှ မြို့မက စိမ်ပြေနပြေ ကြွမြန်းလာလို့ စင်ကို ကမန်းကတမ်း ဆင်၊ မနေ့က မနက်ကတည်းက ရောက်နေတဲ့ စိန်တင့်လွင်ဆိုင်းက ကလေးတွေ တောင်းပန်ပြီး သူတို့ ဝိုင်းကိုလည်း ဆင်ရပါ၏။ ည၇နာရီထိုးလုပြီ။ ပွဲစဖို့ ပြင်ဆင်သည့် အနေနှင့် မီးစမ်းခိုင်းတော့ မြို့မက မီးခွင ်ပါမလာဘူးတဲ့။ လုပ်လိုက်စမ်း မြို့မ၊ ဒီတော့ လာကူပေးသည့် MRTV မန္တလေးရုံးခွဲက သူတို့ ရိုက်ကူးရေး ကင်မရာမီးဆိုင်းတွေနှင့် ရသလောက် ထိုးပေးကြသည်။
တစ်ဝိုင်းခွဲလွှတ် လိုက်တာတဲ့
———————————
အစီအစဉ်စဖို့ စိန်တင့်လွင်ရော မြို့မရော စင်ပေါ်နေရာယူကြတော့ မြို့မက ခပ်ကျဲကျဲဖြစ်နေလို့ မေးတော့ စစ်ကိုင်း သောတာပန် ဘုန်းကြီးကျောင်းပွဲကို တစ်ဝိုင်းခွဲလွှတ် လိုက်တာတဲ့။ ကျွန်တော် စိတ်လျော့လိုက်ပါပြီ။ ဆုံးဖြတ် လိုက်ပါပြီ။ ပွဲက စတော့မယ်၊ စိတ်ကို လျော့လိုက်ပါပြီ။ တော်ကြာ ပွဲကို အထိအခိုက်ဖြစ်မယ့် ဒေါသစိတ်ကို မြိုသိပ်လိုက်ပါပြီ။ ပွဲခင်း ခန်းမထဲမှာလည်း ရန်ကုန်မန္တလေး မုံရွာ စလင်း အစရှိသဖြင့် အနယ်နယ်အရပ်ရပ်က စာပေပညာရှင်တွေ၊ သတင်းစာဆရာတွေ အနုပညာရှင် ဝါရင့်တွေ မျှော်လင့်နေကြပါပြီ။
ပွဲအဖွင့်မှာ ဦးရွှန်းမြိုင်ရေးစပ်ပေးသည့် “အတွေး သစ်လွင် ခေတ်ရှေ့မြင် စာရေးဆရာ ၊ အများအကျိုးအတွက် လူထုရဲ့ သတင်းစာဆရာ” အမည်နှင့် လူထုဒေါ်အမာ ရာပြည့်ဂုဏ်ပြု သီချင်းကို ဝင်းဝင်းအောင်နှင့် ဇော်မျိုးထက်တို့ ဦးဆောင်ပြီး မြို့မမောင်မယ်တွေ မြိုင်မြိုင်ဆိုင်ဆိုင် သီဆို ဖွင့်လှစ်လိုက်တော့ ကျွန်တော်လည်း အဆင်မပြေမှုအားလုံး မေ့ပျောက်သွားပါတော့သည်။ ဒီတော့ အစီအစဉ်ကို ဆက်တော့ ကျွန်တော်က ပြော၊ ပြောပြီးတာနဲ့ အဆိုတော်က သီချင်းဆို ကပြသူက ကပြပေါ့။ ဒီတင် ကနဦး မထွေးလေးအကြောင်း ပြောပြီး တက္ကသိုလ်ခင်မြလွင်က စောင်းနဲ့ မထွေးလေး သီချင်းဆိုမယ် ဆိုတော့ မိုက်က မရှိပြန်ဘူး၊ မြို့မက သူ့ကို အော်ရီယို အစုံပါ ငှားထားတာ မိုက်တောင် လောက်ငအောင် မပါပါဘူး၊
အသက်၉၀ ကျော်သော်လည်း
———————————
ဒါကြောင့် ကျွန်တော်က မိုက်ယူပြောလိုက်၊ ခင်မြလွင် အလှည့်ရောက်တော့ ကျွန်တော့မိုက်ကို ခင်မြလွင် ပေးလိုက်ပေါ့။ ဒါကို အမြင်မတော်သောကြောင့် မနက်ပိုင်း ခန်းမအစီအစဉ်တွေအတွက် ငှားထားသည့် နေခြည်ဦးတင်ဦး က သူ့မိုက်တွေကို လာဆင်ပေးပါသည်။ ဒီလိုနှင့် ကျွန်တော့် ဟောပြောမှု အစီအစဉ်က နန်းတော်ရှေ့ဆရာတင်အကြောင်း ကဏ္ဍမှာ ပဉ္စသိင်္ခ သီချင်းအကြောင်း ပြောတော့ ဆရာတင်က သူ့သီချင်းမှာ “တီးလုံးဆန်းရဲ့ပါရဂူ၊ မြို့မကြီးရဲ့ အတီးကိုနှစ်သက်သူ” ဆိုတဲ့ စာသားနှင့် ပတ်သက်ပြီး သတိထားမိရာက ငုတ်နေတဲ့ ဒေါသက ရုတ်ခြည်း ပေါ်လာပြီး ပေါက်ကွဲပါတော့သည်။
ဒီသီချင်းကို သတိထားကြည့်မယ်ဆိုရင် သီချင်းရေးဆရာအဖြစ် လျှမ်းလျှမ်းတောက်နေတဲ့ နန်းတော်ရှေ့ ဆရာတင်က အဲ့ဒီကာလ လူပျိုပေါက်သာသာ အရွယ်ရှိသေးတဲ့ မြို့မကို “တီးလုံးဆန်းရဲ့ပါရဂူ၊ မြို့မကြီးရဲ့ အတီးကိုနှစ်သက်သူ”လို့ ပုခုံးပေါ်ထမ်းတင်ကာ ဂုဏ်ပြုခဲ့ကြောင်း။ အလားတူ လူထုဒေါ်အမာကလည်း “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်မှာ အကြောင်းတိုက်ဆိုင်တိုင်း မြို့မကို မြှောက်စား ဂုဏ်ပြုခဲ့ကြောင်း၊ ထိုစဉ် အချိန်က မြို့မဆိုတာ ငယ်ရွယ်သော်လည်း ပညာကြီးလို့ ဂုဏ်ပြုခဲ့ကြကြောင်း။ အခု အသက်၉၀ကျော် မြို့မကတော့ မြို့မလေးဖြစ်နေကြောင်း။ အခု မြို့မက မြို့မလေး မဖြစ်ပါစေနဲ့။ ပွဲရဲ့ အထူအပါး နားလည်ဖို့ လိုကြောင်း၊ အခုပွဲက တသက်မှ တကြိမ်ပဲကြုံရမယ့် အမေလူထုဒေါ်အမာ အနှစ်၁၀၀ပြည့် ဂုဏ်ပြုပွဲမို့ မြို့မက ဦးဆောင်ရမယ့်အစား ပွဲကို မလေးမစား ကပျက်ယပျက်လုပ်နေကြောင်း စတာတွေပြောတော့ အသင်းသား အချို့တဝက်က အားပါးတရ လက်ခုပ်တီးသလို တချို့က ကျွန်တော့်ကို ဘုကြည့်ကြည့်ပြီး နောက်နေ့ကျ ကျွန်တော်က အသင်းကို စော်ကားပုတ်ခတ်ကြောင်း ဥက္ကဋ္ဌကို တိုင်ကြသတဲ့။
မကင်းနိုင်ရင် ကိုင်ပေတော့
——————————
အဲ့ဒီည ပွဲက ညနာရီပြန်၂ချက်ကျော်မှ ပြီးသည်။ ဟောပြောချိန် ၆နာရီကျော်ပါ၏။ ပရိသတ်ကလည်း ခန်းလုံးပြည့်သာမက အပြင်ဘက် LED ကလည်း အားပေးကြသည်။ ကျွန်တော်လည်း အဲ့ဒီပွဲပြီးကတည်းက ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဘယ်လောက်ပဲ ချစ်စေ ချစ်စေ မြို့မကို မပတ်သက်ရဲတော့ပါ။ မြို့မကို သံယောဇဉ်ဖြတ်တယ်လို့ ဆုံးဖြတ်လိုက်ပါပြီ။ ပွဲအပြီး ဆရာဦးရွှန်းမြိုင်က အိမ်ရောက်လာကာ ပွဲအခြေအနေ မေးပါ၏။ ကိုင်း ကျွန်တော်ဘယ်လို ဖြေရပါ့။ အဆင်ပြေလှချည့် ဆိုရင်လည်း မုသားပါပဲ။ ဒီတော့ ကျွန်တော်က ဆရာရွှန်းကို မေးခွန်းနဲ့ပဲ ဖြေလိုက်ပါသည်။ “ဆရာ၊ မြို့မနဲ့ ကင်းနိုင်သလား ဆရာ” ဆိုတော့ ဆရာဦးရွှန်းမြိုင်က “ကိုဆူးရယ်၊ ဘယ် ကင်းနိုင်ပါ့မလဲဗျာ၊ သူတို့ ဘယ်လိုပဲ ကျွန်တော့်ကို ပစ်ပယ်ပစ်ပယ် တစ်ပြည်လုံးက၊ ကုန်ကုန် ပြောမယ်ဗျာ၊ နိင်ငံတကာက မြို့မတဲ့ဟေ့ ဆိုရင် အဘ (မြို့မငြိမ်း) နံမည်ကို အရင် သတိရမယ်။ အဘ ကိုသတိရတာနဲ့ မေးချင်မြန်းချင်ရင် ကျွန်တော့်ဆီပဲ ရောက်လာကြမယ်။ ချီးကျူးစရာ ရှိရင်သာ မေ့နေကြမှာ မြို့မနဲ့ ပတ်သက်လို့ ပြောစရာ အပြစ်တင်စရာ ဝေဖန်စရာရှိရင် မြို့မငြိမ်းမှ အားမနာကြဘူးလား၊ သူ့သား ရှိရက်နဲ့၊ သူ့သားက ဘာမှ မပြောဘူးလား ဆိုပြီး ကျွန်တော့်ဆီ ရောက်လာကြသူချည်းပဲဗျ၊ ဂီတနဲ့ ပတ်သက်ပြီး မေးမြန်းစရာရှိလည်း ကျွန်တော့်ဆီပဲ ရောက်လာကြတာ၊ ဘယ်ကင်းနိုင်ပါမလဲဗျာ” လို့ ဆွေးဆွေးမြေ့မြေ့ ပြောပါသည်။
ဒီတင် ကျွန်တော်က “ဆရာ၊ မြို့မကို မကင်းနိုင်ရင် ကိုင်ပေတော့ ဆရာ” ဆိုပြီး ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ပါသည်။ ထို့နောက် မကြာပါ၊ သင်္ကြန် မတိုင်ခင်မှာပဲ ဆရာရွှန်းက ဘယ်သူခေါ်ခေါ် မခေါ်ခေါ် မြိုမ အသင်းတိုက်ကို န် မှပုံသွားသည်၊ တီးလုံးတိုက်စရာရှိတာ တိုက်သည်၊ နောက် အသင်းတိုက်မှာ ဦးရဲထွေး၊ ဒေါက်တာညွန့်လွင်(မြို့မငြိမ်းသားငယ်)၊ တယော ကိုခင်မောင်စိုး၊ မဟာဂီတ ကိုမောင်မောင်စိုး တို့နှင့် အတူ ဂီတသင်တန်း တွေ ပေးသည်။ မကြာပါဘူး၊ အသင်း နာယကကြီး ဦးဆောင်ပြီး အမှုဆောင်အဖွဲ့ အစည်းအဝေး ဆိုကာ ရှိတဲ့သူ လက်မှတ်ထိုးခိုင်းပြီး သင်တန်းတွေပိတ်စေ၊ ဦးရွှန်းမြိုင်နှင့် ဦးရဲထွေးကို အသင်းက ထုတ်ပယ်စေ ဆိုကာ တစ်ဖက်သတ် အမိန့်စာ ထုတ်လိုက်တော့သည်။
